“ကိုယ်မှာပြုဖူး၊ သူ့ကျေးဇူးကို၊
ထိမ်းမြူးမအပ်၊ တုံ့ပြန်ဆပ်၍၊
တွက်နပ်ကောင်းပေ၊ ပစ်မချေနှင့်”
(မဃဒေ၀)

ဗုဒ္ဓမြတ်စွာ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်မှာ
သီတင်းသုံးနေတဲ့အချိန်မှာ အဘိဉာဏ်တန်ဖိုးအရာမှာ
ဗုဒ္ဓမြတ်စွာပြီးနောက် အထွတ်အထိပ်ရောက်တော်မူတဲ့
လက်ဝဲတော်ရံ အရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်ဟာ
ဣသိဂိလိတောင်ယံမှ ကာဠသိယာဆိုတဲ့
ကျောက်ဖျာမှာ သီတင်းသုံးနေတော်မူပါတယ်။

ဗုဒ္ဓနဲ့ ဗုဒ္ဓမြတ်စွာ၏ တပည့် သာဝကများသည်
သတ္တ၀ါအများ ချမ်းသာကြီးပွားကြောင်းတရားများကို
မိမိတို့တတ်စွမ်းတဲ့ လုံ့လ၊ ပညာ၊ အဘိဉာဏ်တန်ခိုးများနဲ့
ကြိုးစားလုပ်ဆောင်တော်မူကြပါတယ်။

ဒီအတွက်ကြောင့် အရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်ကလည်း
အဘိဉာဏ်တန်ခိုးအရာမှာ ဗုဒ္ဓမြတ်စွာကလွဲပြီး၊
သူထက်သာလွန်သူ တစ်စုံတစ်ဦးမျှ မရှိတာကြောင့်
အဘိဉာဏ်တန်ခိုးကို အသုံးပြုတော်မူပြီး၊
နတ်ပြည်ခြောက်ထပ်သို့ ကြွရောက်တော်မူပြီး၊
နတ်တို့ခံစားစံစားနေရတဲ့ စည်းစိမ်ချမ်းသာတွေမြင်တော်မူကာ
နတ်တို့ကို လူပြည်မှာ နေခဲ့စဉ်က အမည် ၊နေရပ်၊
အဘယ်အကျင့်ကို အားထုတ်ပြီး ဒီလိုစည်းစိမ်ချမ်းသာကို
ရရှိသလဲစသည်ဖြင့် မေးမြန်းစုံစမ်းတော်မူပြီးနောက်
လူ့ပြည်သို ပြန်လည်ကြွလာကာ
“ဤမည်သော ဒါယကာ၊ ဒါယိကာမတွေဟာ
ဤမည်သော နတ်ပြည်မှာရောက်ရှိနေကြပြီး
ကြီးမားသော နတ်စည်းစိမ်ချမ်းသာတို့ကို
ခံစားနေကြတယ်”ဆိုပြီး ပြောဆိုဟောပြလေ့ရှိသလို
ဥဿဒငရဲပြည်သို့ ကြွချီတော်မူပြီးတော့လည်း
ငရဲကျခံနေရတဲ့ ငရဲသားတို့ရဲ ဆင်းရဲကြီးစွာ
ခံစားနေရပုံတွေကို တွေ့မြင်တော်မူကာ
ငရဲသားတို့ကို လူပြည်မှာ နေခဲ့စဉ်က
အမည်ဘယ်လိုရှိတယ်၊အဘယ်အရပ်ကဖြစ်တယ်၊
ဘယ်သို့သော မကောင်းမှုကို ကျူးလွန်ခြင်းကြောင့်
ငရဲခံစားနေရတယ်ဆိုတာကို မေးမြန်းတော်မူပြီးနောက်၊
လူပြည်သို့ ပြန်လည်ကြွလာကာ
“တိတ္ထိတို့၏ တပည့်တို့တွင် ဤမည်သောသူ၊
ဤမည်သော အမျိုးအနွယ်ရှိတဲ့သူတွေကတော့
ငရဲ၌ကျရောက်ခံစားနေရတယ်”ဆိုတာကိုလည်း
ဟောပြောလေ့ရှိပါတယ်။

အရှင်မဟာမောဂ္ဂလာန်၏ ဤနည်းဖြင့် သာသနာပြုခြင်းကြောင့်ပဲ
များစွာသောလူများဟာ ဗုဒ္ဓမြတ်စွာ၏ သာသနာကို
ကြည်ညိုကိုးကွယ်ဆည်းကပ်ပြီးနောက်
တိတ္ထိတို့ကို ကိုးကွယ်ဆည်းကပ်ခြင်းမပြုကြတော့ပါဘူး။
ဒီတော့ မြတ်စွာဘုရားနှင့် တပည့်သာဝကတို့မှာ
များစွာသော ပူဇော်သက္ကာရရှိပေမယ့်၊
တိတ္ထိတို့အဖို့မှာတော့ တစ်နေ့တစ်ခြား
ပူဇော်သက္ကာရ လာဘ်လာဘတွေ ဆုတ်ယုတ်လာပါတယ်။

ဒီအနေအထားကြောင့် တိတ္တိတွေဟာ
“အရှင်မဟာမောဂ္ဂလာန်မထေရ်”ကို ရန်ငြိုးဖွဲ့ကြပြီးတော့
“ဒီရဟန်း အသက်ရှင်နေရင်တော့ ငါတို့ရဲ့
အလုပ်အကျွေး ဒါယကာ ၊ဒါယိကာမတွေ
တစ်နေ့တစ်ခြား ပျက်ပြားဆုတ်ယုတ်သွားလိမ့်မယ်၊
ပူဇော်သက္ကာရလည်း ရရှိလာမှာ မဟုတ်တော့ဘူး၊
ဒီတော့ ဒီရဟန်း အရှင်မဟာမောဂ္ဂလာန်ကို
လုပ်ကြံသတ်ဖြတ်မှဖြစ်မယ်”လို့
တိုင်ပင်ပြီးတော့ သမဏဂုတ္တကအမည်ရှိတဲ့
ဓားပြဗိုလ်ကို ငွေအသဗြာတထောင်ပေးပြီး
ငှားလိုက်ပါတယ်။

ဓားပြလူသတ်သမားတွေဟာ အရှင်မဟာမောဂ္ဂလာန်ကို
လုပ်ကြံသတ်ဖြတ်ဖို့အတွက် အခြံအရံများစွာနဲ့
ကာဠသိလာကျောက်ဖျာကိုသွားကြပါတယ်။
အရှင်မဟာမောဂ္ဂလာန်မထေရ်ဟာ
ဓားပြလူသတ်သမားတွေလာကို မြင်တော်မူတော့
အဘိဉာဏ်တန်ခိုးဖြင့် ကောင်းကင်ပျံတက်ပြီး
ရှောင်ဖဲသွားပါတယ်။ သူခိုးဓားပြတွေဟာ
အရှင်မဟာမောဂ္ဂလာန်မထေရ်ကို လုပ်ကြံသတ်ဖြတ်ဖို့
ကြိုးစားပေမယ့် နှစ်လတိုင်သည်ထိအောင်
အခွင့်မရကြပါဘူး။ နှစ်လလွန် ၊သုံးလမြောက်မှာ
လုပ်ကြံသတ်ဖြတ်ဖို့လာကြပြန်တော့ အတိတ်ဝဋ်ကြွေး
ပေးဆပ်ဖို့ကျန်သေးတာကို မြင်တော်မူတာကြောင့်
ဒီတစ်ကြိမ်မှာတော့ အဘိဉာဏ်ကို အသုံးမပြုတော့ဘဲ
နေတော်မူပါတယ်။

●အတိတ်ဝဋ်ကြွေးကတော့ အားလုံးသိနေကြတဲ့
မယားစကားနားယောင်မိပြီး၊ မဘက်လိုက်
မိုက်ဘက်ပါကာ ကိုယ့်ကျေးဇူးအနန္တရှင်၊
မျက်မမြင် မိဘနှစ်ပါးကို သတ်ဖို့ လှည်းပေါ်တင်ကာ
တောထဲခေါ်ဆောင်ပြီး မိမိကိုယ်ကိုယ်
ဓားပြအယောင်ဆောင်ကာ၊မိဘနှစ်ပါးတို့ကို
ရိုက်နှက်ပုတ်ခတ်ခဲ့တဲ့ “အတိတ်ဝဋ်ကြွေး” ပါ။

ဒီနေရာမှာ စကားစပ်လို့ ဆရာမ ဒေါက်တာမတင်ဝင်းကို
သူမ၏ မိခင်က ပြောဆိုဆုံးမသွားတဲ့ စကားလေးတစ်ခွန်းကို
မယားဘွဲ့ကို ရရှိနေသူတွေအတွက် ပြန်လည်
မျှဝေချင်မိပါသေးတယ်။ ဒီစကားကတော့
“ယောက်ျားများရဲ့ ကျန်းမာရေး၊ ကုသိုလ်ဖြစ်အောင်
နေထိုင်ရေးဟာ မိန်းမများရဲ့ တာဝန်ပါပဲ”တဲ့။
ဒီစကားလေးက ဆရာမကြီး ဒေါက်တာမတင်ဝင်းရဲ့
“ရာဇ၀င်ထဲက မိန်းမသား” ဆိုတဲ့ စာအုပ်ထဲက
“စာရေးသူအမှာ” ကဏ္ဍမှာ ပါပါတယ်။

ဒီအတိတ်ဝဋ်ကြွေးကို ပေးဆပ်ဖို့ အချိန်
ကျရောက်လာတာကြောင့် အရှင်မဟာမောဂ္ဂလာန်မထေရ်ဟာ
အဘိဉာဏ်ကို မသုံးဘဲ ပေးဆပ်ခဲ့ပါတယ်။
ခိုးသားလူသတ်သမားတွေကလည်း
အရှင်မဟာမောဂ္ဂလာန်မထေရ်ကို
အရိုးတွေညက်ညက်ကျေအောင်
ရိုက်နှက်ပုတ်ခတ်ပြီးနောက် သေပြီ ဟု
ထင်မှတ်ပြီးတော့ ချုံပုတ်တစ်ခုပေါ်မှာ
တင်ထားခဲ့ကြပါတယ်။

ခိုးသားလူသတ်သမားတို့ရဲ့ ရိုက်နှက်ဒဏ်ကြောင့်ပဲ
အဲဒီနေ့ မဟာသက္ကရာဇ် {၁၄၈}ခုနှစ်၊
တန်ဆောင်မုန်းလကွယ်နေ့မှာ ဗုဒ္ဓမြတ်စွာကို
နောက်ဆုံးရှိခိုးကန်တော့ပြီးနောက်
အရှင်မဟာမောဂ္ဂလာန်မထေရ်ဟာ ရာဇဂြိုဟ်ပြည်
ဣသိဂိလိတောင်ယံ ကာဠသိလာ ကျောက်ဖျာမှာ
ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့ပါတယ်။
ဒီ အရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်၏
ပရိနိဗ္ဗာန်စံရခြင်းအကြောင်းကို ပြောပြနေရတာကတော့
ကျေးဇူးကြီးမားကာ မပြစ်မှားထိုက်တဲ့ ဘုရားအစရှိတဲ့
ခင်ပွန်ကြီးဆယ်ပါးကို ပြစ်မှားစော်ကားလွန်ကျူးခြင်း
မပြုလုပ်မိအောင် သတိရစေချင်လို့ နားလည်စေချင်လို့ပါ…..။

ဒီလို မပြစ်မှားထိုက်တဲ့ အသက်သိက္ခာအားဖြင့်လည်း
ဂုဏ်ကျေးဇူးကြီးမား၊ သီလ သိက္ခာ ပညာ အားဖြင့်လည်း
ဂုဏ်ကျေးဇူးကြီးမားတဲ့ ဘုရားအစရှိတဲ့
အနန္တကျေးဇူးရှင်တွေကို လွန်ကျူးပစ်မှားမိရင်
ပေးဆပ်ရမယ့် ၀ဋ်ကြွေးကနေ ဘယ်တော့မှ
မလွတ်မြောက်နိုင်ပါဘူး။ ဗုဒ္ဓမြတ်စွာ၏ လက်ဝဲတော်ရံ
အဂ္ဂသာဝကကြီးလည်းဖြစ် တန်ခိုးအဘိဉာဏ်အရာမှာလည်း
ကြီးမားတော်မူတဲ့ အရှင်မဟာမောဂ္ဂလာန်
မထေရ်မြတ်ကြီးတောင်မှ ပေးဆပ်ခဲ့ရတာပါ။

အားလုံးကြားသိနေကြတဲ့ “ခင်ပွန်းကြီးဆယ်ပါး” ဆိုတဲ့
မြန်မာဝေါဟာရရဲ့ ဆိုလိုတဲ့အဓိပ္ပါယ်ကတော့
“ကျေးဇူးရှိတဲ့ ပုဂ္ဂိုလ်မှန်သမျှ” အရာအားလုံးကို
“ခင်ပွန်း” ဆိုပါတယ်။ ပဌာန်း ဥပနိဿယပစ္စည်းမှာ
ပုဂ္ဂလောပိ ဥပနိဿယ ပစ္စယော-ပုဂ္ဂိုလ်သတ္တ၀ါတွေဟာ
တစ်နည်းနည်းနဲ့တော့ ကျေးဇူးဥပကာရ ပြုနေကြတယ် လို့
ဗုဒ္ဓမြတ်စွာ ဟောကြားထားတော်မူခဲ့ပါတယ်။
ဒီနေရာမှာ လူပုဂ္ဂိုလ်ကိုသာ မြင်အောင် ပြောတာပါ။
မိမိအရပ်ဒေသ ဥတုရာသီ စသည်တွေကလည်း
ကျေးဇူးပြုနေကြပါတယ်။

ခင်ပွန်းကြီးဆယ်ပါးကို “တေမိယဇာတ်တော်ကြီး”မှာ
အခုလိုပြောပြထားပါတယ်။

●(၁) ဗုဒ္ဓ-= သဗ္ဗညုမြတ်စွာဘုရား
●(၂) ပစ္စေကဗုဒ္ဓ=ပစ္စေကဗုဒ္ဓွါ
●(၃) အရဟန္တ= အာသဝေါကုန်ပြီးသော ရဟန္တာ
●(၄) အဂ္ဂသာဝက= မြတ်စွာဘုရား၏
လက်ယာတော်ရံ အရှင်သာရိပုတ္တရာ၊
လက်ဝဲတော်ရံ အရှင်မဟာမောဂ္ဂလာန်နှင့် သာဝကများ၊
●(၅) မာတာ= မိခင်၊
●(၆) ပိတာ-= ဖခင်၊
●(၇) ၀ုဒ္ဓါဝစာယန= အသက်သိက္ခာ ဂုဏ်ဝါသီလ
အာစာရ အမျိုးစသည်တို့၌ မိမိထက်ကြီးမြတ်၍
ရိုသေအပ်သောသူများ၊
●(၈) အာစရိယ= သွန်သင်ဆုံးမ ပညာသင်
ပေးတတ်သော ဆရာမြတ်၊
●(၉) ဟိတကရ= ထမင်းအဖျော် အိပ်ယာနေရာ၊
အ၀တ်ပုဆိုးစသော အာမိသနှင့်တကွ တစ်စုံတစ်ခု
ကျေးဇူးရှိဖူးသူမှန်သမျှ၊
●(၁၀) ဓမ္မကထိက= ကောင်းကျိုးရရေးအတွက် တရားဟောပြ
လမ်းမှန်ညွှန်ပြပေးတဲ့ တရားဟောဆရာ
-【တေမိယဇာတက၊ ပါ၊ ဒု၊ ၁၅၀】

■“အကြင်သစ်ပင်ရဲ့အောက် တစ်အောင့်တစ်ထောက်
နားနေဖူးတယ်၊ တစ်မှေးတစ်ရေး
အိပ်စက်ဖူးတယ်ဆိုရင်တောင်မှ
ထိုသစ်ပင်ရဲ့ အကိုင်းအခက်ကိုပင် မချိုးကောင်းဘူး။
တကယ်လို့များ အကိုင်းအခက်ချိုးဖျက်မိတဲ့သူ ၊
အလွန်ယုတ်မာတဲ့သူဖြစ်တယ်၊ နောက်ပြီးတော့
မိတ်ဆွေကိုပြစ်မှားတဲ့-မိတ္တဒုဗ္ဘိကံထိုက်ပြီး
မကောင်းတဲ့အကျိုးကိုပေးတတ်တယ်…”လို့
တေမိယဇာတ်တော်မှာ ဆိုထားပါသေးတယ်။
မိမိအပေါ်မှာ ကျေးဇူးရှိလို့ “ခင်ပွန်း” လို့ခေါ်ဆိုထိုက်ပါတယ်။
ဒါကိုကြည့်မယ်ဆိုရင် သက်ရှိသူကိုပင် မဟုတ်ပါဘူး၊
သက်မဲ့ဖြစ်တဲ့ သဘာဝသစ်ပင်တို့ကိုတောင်မှ
မပြစ်မှားမစော်ကားထိုက်ဘူး။
ပြစ်မှားစော်ကား ချိုးဖျက်မိရင်
မကောင်းကျိုးပေးတတ်တယ်ဆိုတာ
ရှင်းရှင်းလင်းလင်း နားလည်နိုင်ပါတယ်။

ဒီကျေးဇူးကြီးမားတဲ့ ခင်ပွန်းကြီးဆယ်ပါးကို
ပြစ်မှားလွန်ကျူးမိတဲ့သူအနေနဲ့ ရရှိခံစားလာရမယ့်
ဆိုးကျိုးပြစ်တွေက ဆယ်ပါးရှိပါတယ်……။
ဒီအပြစ်ဒဏ်ဆယ်ပါးကို “ဓမ္မပဒပါဠိတော်
ဒဏ္ဍ၀ဂ် မဟာမောဂ္ဂလာန၀တ္ထု” မှာ ဗုဒ္ဓမြတ်စွာ
ဟောပြထားပါတယ်။

■(၁)။ပြင်းထန်သော ရောဂါ ဝေဒနာများခံစားရခြင်း။
■(၂)။ပိုင်ဆိုင်သောပစ္စည်းဥစ္စာများ ဆုတ်ယုတ်ပျက်စီးဆုံးပါးခြင်း။
■(၃)။လက်ပြတ်၊ ခြေပြတ်စသည်ဖြင့် ကိုယ်အင်္ဂါ ပျက်စီးခြင်း။
■(၄)။ကုသ၍ မရနိုင်သော ကြီးလေးသည့်ရောဂါများဖြစ်ခြင်း။
■(၅).ရူးသွပ်ခြင်း၊ စိတ်မတည်မငြိမ်ဖြစ်ခြင်း။
■(၆)။မင်းပြစ်၊မင်းဒဏ်ခံရခြင်း။
■(၇)။မတရားသဖြင့် ကြမ်းကြုတ်စွာ စွပ်စွဲခံရခြင်း။
■(၈)။မိမိမှီခိုရာ ဆွေမျိုးများ ပျက်ဆီးခြင်း။
■(၉)။စည်းစိမ်ဥစ္စာ အခြွေအရံများ ပျက်စီးခြင်း။
■(၁၀)။ မိမိ နေရာ တိုက် အိမ်စသည်ကို မီးလောင်ပျက်စီးခြင်း။
-【ဓမ္မပဒဂါထာ၊ ၁၃၇၊ ၁၃၈၊ ၁၃၉ ၊၁၄၀】

ကျေးဇူးကြီးမားတဲ့ ခင်ပွန်းကြီးဆယ်းပါးကို ပြစ်မှား
လွန်ကျူးစော်ကားမိသူတစ်ယောက်အနေနဲ့
လက်ရှိပစ္စုပ္ပန်ဘ၀မှာပဲ ထိုဒဏ် ၁၀ ပါးထဲက
တစ်ပါးပါးသင့်နိုင်ပါတယ်။
နောက်ပြီး သေလွန်သောအခါ၌လည်း
အပါယ်ငရဲသို့ ကျရောက် နိုင်ပါတယ်။
ဒဏ်ဆယ်ပါးကို လွယ်လွယ်မှတ်မိနိုင်ဖို့အတွက်
လင်္ကာလေးနဲ့ တွဲမှတ်ထားလိုက်ပါဦး……..။

►“သွေးအန်ဖြစ်လွယ်၊ ရောင်းဝယ်ရှုံးခြင်း၊
ချို့ယွင်းအင်္ဂါ၊ နူနာကုဌ၊ ရူးကြဖောက်ပြန်၊
မင်းဒဏ်သင့်ခဏ်း၊ ကြမ်းတမ်းစွပ်စွဲ၊
သေကွဲသားချင်း၊ ပျက်ခြင်းစည်းစိမ်၊
နေအိမ်မီးလောင်၊ ဒုက္ခကောင်သည်၊
လူ့ဘောင်ဒိဌ၊ တွေ့ကြုံရ၍၊ သေကငရဲ၊ကမ္ဘာစွဲ၏။”

►“အပြစ်ကင်းစွာ၊ နိပ္ပရာဓ ၊ ဒေါသမဲ့ငြား၊
သူမြတ်များအား၊ ပြစ်မှားတုံထ၊ မိုးပေါ်လကို၊
စိတ်ကငြူစူ၊ ပစ်သောမြူသည်၊ ပစ်သူသို့သာ၊
ကျရောက်လာသို့၊ မှန်စွာအပြီး၊ နောက်ပိုးစီးလျှက်၊
မြေကြီးမြိုရှောင်း၊ မိချောင်း သစ်ကျား၊
ဖမ်းစားဘီလူး ၊ ရေကူးလှေမှောက်၊
စိတ်နောက် သွေးအန်၊ စက်ပျံ မိုးကြိုး၊
ပြစ်ရှစ်မျိုးနှင့် လွှမ်းမိုးပြင်းစွာ၊ ဝေဒနာကြီးမား၊
လျော့ပါးစည်းစိမ်၊ နေအိမ်မီးလောင်၊
ကုန်အောင်ကျွမ်းသက်၊ ကျိုးပျက်အင်္ဂါ၊
နူနာစိတ်ဖေါက်၊ ကျရောက်မင်းဒဏ်၊
မမှန်စွပ်စွဲ၊ပြိုကွဲမျိုးဆွေ၊ ရွှေငွေကျွဲနွား၊
ယွင်းဖေါက်ပြားသား၊ ဆယ်ပါးမျက်မှောက်၊
ဒဏ်ကြီးရောက်၏။” (မဃဒေ၀)

ခင်ပွန်းကြီးဆယ်ပါးကို ပူဇော်လေးမြတ်သူအနေနဲ့
(၀ါ) မိတ်ဆွေကို မပြစ်မှားဘဲ၊
ပူဇော်လေးမြတ်လေ့ရှိသူအနေနဲ့
မိတ်ဆွေပူဇော်ခြင်းအကျိုးများစွာကို ရရှိနိုင်ပါတယ်
ဆိုပြီးတော့ ဘုရားအလောင်းတော် တေမိမင်းသားက
မိမိကို မြေမြှုပ်သတ်ဖို့ရန် ကျင်းတူးနေတဲ့
“အရှင်သာရိပုတ္တရာ” အလောင်း ရထားထိန်း သုနန္ဒာကို
ဟောကြားထားခဲ့ပါတယ်။

(၁)။အရပ်တစ်ပါး ခရီးသွားသော် ရောက်လေရာရာ
အရပ်မှာ အစားအစာ မရှားပါးခြင်း။
(၂)။ရောက်ရာအရပ်၌ လူသူလေးပါးတို့က
လေးစားပူဇော်ခံရခြင်း။
(၃)။ရန်သူတို့ဘေး၊ မင်းတို့၏ မထေမဲ့မြင်ပြုခြင်းတို့ဘေးမှ
ကင်းဝေးနိုင်ခြင်း၊
(၄)။လူချစ်လူခင် ပေါများခြင်း၊ အိမ်ပြန်လာတဲ့အခါ
ရွှင်ရွှင်လန်းလန်း ချမ်းချမ်းသာသာ ပြန်လာရခြင်း၊
(၅)။ပရိသတ်အလယ်၌ တင့်တယ်စွာ နေနိုင်ခြင်း။
(၆)။သူတစ်ပါးတို့ လေးစားရိုသေခြင်းကို ရရှိခြင်း၊
(၇)။ကောင်းသတင်းဂုဏ် ကျော်စောခြင်း။
(၈)။သူတစ်ပါးတို့၏ ပူဇော်သက္ကာရပြုခြင်း၊
ရှိခိုးဦးခိုက်ခြင်းကို ရရှိခြင်း၊
(၉)။ ကောင်းမြတ်သော ကျက်သရေသည် ထိုသူကို မစွန့်၊
(၁၀)။အခြွေအရံ များခြင်း။
(၁၁)။စီးပွားဥစ္စာ လယ်ယာစပါးများ ဖွံဖြိုးတိုးတက်ခြင်းကြောင့်
၀၀လင်လင် သုံးဆောင်ခံစားရခြင်း၊
(၁၂)။ကျွဲ၊နွား စသည်တို့ တိုးပွားလာခြင်း၊
(၁၃)ခြောက်ကမ်းပါးမှ ကျခြင်း၊ တောင်ထိပ်မှ ပြုတ်ကျခြင်း၊
သစ်ပင်စသည်တို့မှ ကျချင်း ဘေးဒုက္ခများနဲ့ကြုံသော်
ထောက်တည်ရာ အကူအညီရရှိခြင်း။
(၁၄)။မိတ်ဆွေအား ပူဇော်သူကို ရန်သူတို့သည်
မညှင်းဆဲနိုင်ခြင်းစသော အကျိုးကျေးဇူးတွေကို
ရရှိနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ်လေ အထက်မှာ “ခင်ပွန်း” ဆိုတဲ့
အနက်သဘောကို သေချာသိထားသူတစ်ယောက်အနေနဲ့
ဒီ ပြဆိုထားတဲ့ ခင်ပွန်းကြီးဆယ်ယောက်ကိုပဲ
လွန်ကျူးပြစ်မှားခြင်းမပြုရဘူး။မိမိအပေါ် တစ်နည်းနည်းဖြင့်
တစ်ချိန်ချိန်က ဒါမှမဟုတ် သံသရာတစ်ကွေ့တုန်းက
ကျေးဇူးရှိခဲ့ဖူးသူ အားလုံးကိုလည်းပဲ တုတ်၊လှံစသည်ဖြင့်
ပြစ်မှားစော်ကားခြင်း မပြုသင့်ပါဘူး။
“အဆွေခင်ပွန်း” ဆိုတဲ့စကားကိုလည်း
အားလုံးသိကြပါတယ်။

တကယ်တော့ ဒီစကားဟာ မိတ်ဆွေ
အပေါင်းအသင်းများဟာလည်းပဲ
မိမိအပေါ်ကျေးဇူးရှိတဲ့သူတွေဆိုတာကို ညွှန်းဆိုထားတာပါ။
ဗုဒ္ဓမြတ်စွာ၏ စကားတော်အရပြောရမယ်ဆိုရင်
အစမထင်သံသရာကြီးထဲမှာ အမိရယ် ၊အဖရယ် ၊အစ်ကိုရယ်၊
မောင်ရယ် ၊နှမရယ် ၊ဦးကြီး ၊ဦးလေး ၊ဒေါ်ကြီးရယ်နဲ့
ဆွေမျိုးမတော်စပ်ဖူးသူ မရှိပါဘူးတဲ့……။
ဒီတော့ အားလုံးသော လူမျိုးမခြား၊ ဘာသာမခြားမှုမထားဘဲနဲ့
အားလုံးသောသူများကို ပြစ်မှားစော်ကားခြင်း မပြုသင့်ပါဘူး။
ဘယ်သူ့ကိုပဲဖြစ်ဖြစ် ပြစ်မှား စော်ကားမိမယ်ဆိုရင်တော့
ဒီဘ၀မှာတင်ပဲ ဒဏ်ဆယ်ပါးထဲက တစ်ပါးပါးနဲ့လည်း
ကြုံတွေ့ခံစားရမယ်။နောင်ဘ၀မှာလည်း
ဆင်းရဲခြင်းမကင်းတဲ့ ငရဲကို
ကျရောက်ခံစားရမှာဖြစ်ပါတယ်။

ခင်ပွန်းကြီးဆယ်ပါးနဲ့တကွ ဒီဘ၀မှာပဲဖြစ်ဖြစ်၊
သံသရာတစ်ကွေကွေကဖြစ်ဖြစ် မိမိအပေါ်
ကျေးဇူးတစ်စုံတစ်ရာရှိခဲ့ဖူးသူတွေကို
ပြစ်မှားစော်ကားခြင်းမှ ကင်းလွတ်ပြီးနောက်
လောကီချမ်းသာ၊လောကုတ္တရာချမ်းသာများကို
ရရှိခံစားနိုင်ကြပါစေဟု………ဆန္ဒပြုလျှက်………။ ။
-【 Admin Team of Young Buddhist's Association】
ကိုးကား။ ။
ဓမ္မပဒပါဠိတော်၊ ဒဏ္ဍ၀ဂ်၊
ဂါထာနံပါတ် - ၁၃၇၊ ၁၃၈၊ ၁၃၉၊ ၁၄၀
မင်းကွန်းဆရာတော်ဘုရားကြီး၏
တေမိယဇာတ်တော်ကြီးတရားတော်။
မန်လည်ဆရာတော်ဘုရားကြီး၏
မဃဒေ၀လမ်းညွှန်နီတိများ။
ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ၏
ကျေးဇူးပြစ်မှား ဒဏ်ဆယ်ပါးနှင့်
ခင်ပွန်းကြီးဆယ်ပါး ကန်တော့ခန်း။
Posted by►
www.facebook.com/youngbuddhistassociation.mm
-【စာရေးသူ-ဥယျာဉ်မှူးလေး】