တစ်ခါတုန်းက ဘုရားအလောင်း စူဠသူဌေးဟာ
ဘုရင့်ဆီအခစားဝင်ဖို့သွားရင်း၊လမ်းမှာ ကြွက်သေ
တစ်ကောင်ကို တွေ့လိုက်ရပါတယ်။
ဘုရားအလောင်း စူဠသူဌေးဟာ ပညာရှိသလို၊
နက္ခတ်နိမိတ်တွေကိုလည်းတတ်ကျွမ်းပါတယ်။
ကြွက်သေဟာ နက္ခတ်ကောင်း၊နမိတ်ကောင်းနဲ့
ယှဉ်နေတာဖြစ်လို့ ကြွက်သေကိုကြည့်ပြီး၊
“ဒီကြွက်သေကို အရင်းတည်ပြီး စီးပွါးရေးလုပ်တဲ့သူဟာ
မကြာခင် သူဌေးဖြစ်နိုင်တယ်” လို့ ဟောကိန်းထုတ်သွားပါတယ်။
စူဠသူဌေးပြောလိုက်တဲ့စကားကို ကြွက်သေအနားမှာရှိနေတဲ့
“စူဠန္တေဝါသိ”ဆိုတဲ့ ဆင်းရဲသားတစ်ယောက်က
ကြားလိုက်ရပါတယ်။
ဒီတော့ “စူဠန္တေဝါသိ”ဆိုတဲ့ ဆင်းရဲသားက
“ဒီသူဌေးဟာ မသိဘဲနဲ့ မဆိုလောက်ဘူး။
ဘာပဲပြောပြော လုပ်ကြည့်အုန်းမှပဲ”ဆိုပြီး၊
ကြွက်သေကို ယူပြီးဈေးမှာ ကြောင်စာအဖြစ်
သွားရောင်းတာ၊အသပြာတစ်ခြင်းရွေး ရခဲ့ပါတယ်။
ရလာတဲ့ အသပြာတစ်ခြင်းရွေးကို တင်လဲခဲဝယ်လိုက်ပါတယ်။

●ရေအိုးထဲမှာရေထည့်ပြီး ပန်းရောင်းသမားတွေနားခိုတဲ့
အနားကိုသွားပြီး၊တင်လဲခဲနဲ့ ရေတိုက်ပါတယ်။
ပန်းရောင်းသမားတွေကလည်း ရေဆာနေတုန်း
ရေသောက်လိုက်ရတဲ့အတွက် “စူဠန္တေဝါသိ”ကို
ပန်းတစ်စည်းစီပေးသွားပါတယ်။ရလာတဲ့ပန်းတွေကို
ဈေးမှာသွားရောင်းလိုက်တော့ ငွေရလိုက်ပြန်ပါတယ်။
ရလာတဲ့ငွေနဲ့ တင်လဲခဲဝယ်ပြီး ရှေ့နည်းအတိုင်း၊
ပန်းသည်တွေကို တိုက်ကျွေးပြန်ပါတယ်။
ပန်းသည်တွေကလည်း တစ်ဝက်ပဲ ခူးရသေးတဲ့၊
ပန်းပင်တွေကို ပေးလိုက်ပြန်ပါတယ်။
အဲဒီပန်းတွေကို ရောင်းလိုက်တော့
“ရှစ်အသပြာ”ရပြန်ပါတယ်။

●တစ်နေ့မှာ လေကြီးမိုးကြီးကျလိုက်တာ မင်းဥယျာဉ်ထဲက
သစ်ပင်တွေ လဲကျကုန်ပါတယ်။
ဒီသတင်းကို “စူဠန္တေဝါသိ”ကြားရတော့၊
ဥယျာဉ်စောင့်ဆီသွားပြီး လဲကျနေတဲ့သစ်ပင်တွေကို
ရှင်းပေးပါရစေ၊ပြီးတော့ အဲဒီသစ်ပင်တွေကိုလည်း
ယူပါရစေလို့ ခွင့်တောင်းပါတယ်။ဥယျာဉ်စောင့်ကလည်း
သူရှင်းရမယ့် သစ်ပင်တွေကို ရှင်းပေးမယ့်သူပေါ်လာတော့
တစ်ခါတည်းပဲ ခွင့်ပြုလိုက်ပါတယ်။

စူဠန္တေဝါသိက ကလေးတွေကို တင်လဲခဲကျွေးပြီးကလေးတွေ
အကူအညီနဲ့ သစ်ကိုင်း၊သစ်ရွက်တွေကို ဥယျာဉ်နဲ့
မလှမ်းမကမ်းမှာ စုပုံထားလိုက်ပါတယ်။

နောက်ဘုရင့်အိုးထိန်းသည်တွေ အိုးဖုတ်ဖို့ ထင်းလိုက်ရှာတာနဲ့
ကြုံလို့ရောင်းလိုက်တာ တစ်ဆယ့်ခြောက်အသပြာနဲ့
အိုးကြီးငါးလုံး ရလိုက်ပါတယ်။

ရလာတဲ့အသပြာနဲ့ တင်လဲခဲဝယ်ပြီး၊
မြက်ရိတ်သမားတွေကို ရေနဲ့ တင်လဲခဲ
သွားတိုက်ကျွေးပြန်ပါတယ်။မြက်ရိတ်သမားတွေကလည်း
ကျေးဇူးတင်မဆုံးဖြစ်ပြီး အကူအညီလိုတဲ့အခါ
ပြောပါလို့ မှာလိုက်ပါတယ်။

“စူဠန္တေဝါသိ”ဟာ ငြိမ်မနေပါဘူး။
အလုပ်တစ်ခုခုကို အမြဲတမ်းလုပ်နေတတ်ပါတယ်။
ဒီကြားထဲမှာ ကုန်းလမ်းအလုပ်သမား၊
ရေလမ်း အလုပ်သမားတွေနဲ့လည်း
မိတ်ဖွဲ့ထားလိုက်ပါသေးတယ်။

မကြာခင်မှာပဲ သူမိတ်ဖွဲ့ထားတဲ့ ကုန်းလမ်း
အလုပ်သမားတစ်ယောက်က မြင်းကုန်သည်ငါးရာ
ရောက်လာမည့်အကြောင်း သတင်းပေးလာပါတယ်။
ဒီတော့ စူဠန္တေဝါသိက သူကျေးဇူးပြုထားတဲ့
မြတ်ရိတ်သမားတွေဆီ သွားပြီး၊
မြက်စည်းတစ်စည်းစီတောင်းပါတယ်။
ပြီးတော့ သူမရောင်းမီ မြက်တွေမရောင်းဖို့လည်း
မှာခဲ့ပါတယ်။စူဠန္တေဝါသိဟာ မြင်းကုန်သည်တွေကို
ဦးဦးဖျားဖျား ရောင်းလိုက်ရတဲ့အတွက်
ငွေတစ်ထောင်ရ လိုက်ပြန်ပါတယ်။

မြက်ရောင်းပြီး မကြာခင်မှာဘဲ ရေလမ်း
အလုပ်သမားတွေဆီက သတင်းတစ်ခု ဝင်လာပြန်တယ်။
ကုန်များစွာပါတဲ့ သင်္ဘောကြီးတစ်စင်း ရောက်လာမယ်
ဆိုတဲ့သတင်းပါ။

စူဠန္တေဝါသိလည်း ကုန်သင်္ဘောကြီးရောက်လာတာနဲ့
ကုန်ပိုင်ရှင်ဆီ လက်စွပ်ကို စရံအဖြစ်ပေးပြီး
ကုန်အားလုံးကို ဝယ်ပစ်လိုက်ပါတယ်။
တစ်ကယ်တော့ သူ့ဆီမှာ ကုန်အားလုံးဝယ်နိုင်လောက်အောင်
ငွေမရှိပါဘူး။ကံဆိုး၊ကံကောင်း စွန့်စားလိုက်တာပါ။
မြို့ထဲကကုန်ဝယ်မယ့်လူတွေရောက်လာတော့၊
ကုန်ပိုင်ရှင်က စူဠန္တေဝါသိက စရံပေးပြီး
ကုန်အားလုံးကိုဝယ်သွားပြီးကြောင်းပြောလိုက်ပါတယ်။
ဒီတော့ ကုန်ဝယ်မယ့်လူအားလုံးက စူဠန္တေဝါသိဆီ
လာပြီးတော့ညှိကြတော့ နောက်ဆုံး စူဠန္တေဝါသိဟာ
ကုန်သည်တစ်ရာဆီက တစ်ယောက်နှစ်ထောင်စီနှုန်းနဲ့
“ငွေနှစ်သိန်း” အသားတင် ရလိုက်တာပါပဲ။

စူဠန္တေဝါသိဟာ ငွေနှစ်သိန်းရလာတော့ ဒီငွေတွေဟာ
စူဠသူဌေးကြောင့်ရတာပဲဆိုပြီး၊စူဠသူဌေးကို
တစ်သိန်း သွားကန်တော့ပါတယ်။
ပြီးတော့ စူဠသူဌေးကိုလည်း အကျိုးအကြောင်း
ပြောပြလိုက်ပါတယ်။စူဠသူဌေးကသဘောကျသွားပြီး၊
သူ့သမီးနဲ့ ပေးစားလိုက်ရောဆိုပါတော့။
သူဌေးသမီးနဲ့ ညားလိုက်တော့ တခါတည်းသူဌေး
ဖြစ်သွားတော့တာပါပဲ။
-【ငါးရာ့ငါးဆယ့်ဇာတ်ဝတ္ထု - စူဠသေဠိဇာတ်】

ဒီ အနာကုလာစကမ္မန္တမင်္ဂလာဟာ စီးပွါးရေးနဲ့
ပတ်သက်လို့ လမ်းညွှန်ပြထားတဲ့ မင်္ဂလာလေးပါ။
ဒါကြောင့်အများသိပြီးဖြစ်တဲ့ ဈေးကွက်စီးပွါးရေး
ဦးဆောင်တဲ့ “ကြွက်သေတစ်ခု အရင်းပြု”
သာဓကဝတ္ထုလေးကို ထုတ်ပြလိုက်ရတာပါ။

“ရှုပ်ထွေးခြင်း ကင်းတဲ့အလုပ်” ကို လုပ်တာ
မင်္ဂလာဖြစ်ပါတယ်တဲ့။ ရှုပ်ထွေးခြင်းကင်းတဲ့အလုပ်ဟာ
ဘယ်လိုအလုပ်မျိုးလဲ။ ရှုပ်ထွေးခြင်းကင်းပုံနဲ့ပတ်သက်လို့
ရှေးရှေးဆရာတော်တွေ ဖွင့်ပြထားတာ
သိပ်စိတ်ဝင်စားဖို့ ကောင်းပါတယ်။
ဒါပေမယ့် ဒီနေရာမှာ ရှေးရှေးဆရာတော်တွေ
ဖွင့်ပြပုံတွေကို ပြောပြချင်ပေမယ့်၊ပြောပြဖို့
အခြေအနေမပေးပါဘူး။ဒါကြောင့် ဖွင့်ပြမှုတွေကို
ကျော်လိုက်ရပါစေ။

မနက် အိပ်ရာက ထလိုက်တာနဲ့ ပထမဆုံး
တွေးရမယ့်အတွေးက “ငါဒီနေ့ ဘာလုပ်မလဲ” ဆိုတဲ့
အတွေးပါ။ဒီအတွေးကို အကျင့်တစ်ခုဖြစ်နေအောင်ကို
ကျင့်ယူထားသင့်ပါတယ်။

အတွေးထဲမှာ အချိန်ဇယားကို တိတိကျကျဆွဲပြီး၊
သတ်မှတ်ချိန်ရောက်တာနဲ့ အလုပ်လုပ်ကိုလုပ်သွားဖို့ပါ။
အချိန်တိတိကျကျနဲ့ အလုပ်လုပ်တတ်တဲ့လူတောင်
တစ်ခါတစ်လေ အကြောင်းကြောင်းတွေကြောင့်၊
ပျက်သွားတတ်ပါတယ်။ကျောင်းသားဆိုရင်လည်း
●ဘယ်အချိန် ကျောင်းသွားမယ်။
●ဘယ်အချိန် ကျူရှင်သွားမယ်။
●ဘယ်အချိန် စာကျက်မယ်။
●ဘယ်အချိန် ဘယ်စာပုဒ်ကို ရအောင်ကျက်မယ်
စသည်ဖြင့် အတွေးနဲ့ သတ်မှတ်ပြီး၊
သတ်မှတ်ထားတဲ့အတိုင်းလုပ်သွားဖို့ပါ။

စာရေးသူကိုယ်တိုင်က ဟိုလိုလိုဒီလိုလိုနဲ့ အလုပ်မယ်မယ်ရရ၊
မလုပ်ဖြစ်ဘဲ၊အချိန်တွေ ကုန်ကုန်သွားဖူးလို့ပါ။
ဒါမျိုးက တစ်ခါတစ်လေတောင်မဟုတ်ပါဘူး။
မကြာခဏ ဖြစ်ဖြစ်နေတတ်ပါတယ်။

လူတစ်ယောက်မှာ ထိရောက်တဲ့ အလုပ်တစ်ခုခုတော့
ပုံမှန် ရှိနေသင့်ပါတယ်။အလုပ်မရှိတဲ့ လူတစ်ယောက်မှာ
မကောင်းတဲ့စိတ်ဝင်ဖို့ သိပ်လွယ်ကူပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ညွှတ်စရာ သီးခြား အလုပ်အာရုံမရှိရင်
ပုထုဇဉ်ရဲ့စိတ်ကိုက မကောင်းတဲ့စိတ်ဆီကိုပဲ၊
ရောက်ရောက်နေတတ်လို့ပါ။
စိတ်ဝင်စားတဲ့ အလုပ်တစ်ခုခုကို လုပ်နေခြင်းဟာလည်း
မကောင်းတဲ့စိတ်ကို တားတန်သလောက်
တားပြီးသားဖြစ်နေတတ်ပါတယ်။
စိတ်ဆိုတာ အာရုံနှစ်ခုယူလို့မရတာဆိုတော့၊
ကိုယ်လုပ်နေတဲ့အလုပ်ပဲ စိတ်ညွှတ်နေရင်
တခြားအာရုံဆီကို စိတ်ကမရောက်တော့ပါဘူး။

သိကျွမ်းတဲ့တချို့ဆိုရင် ရထားတဲ့အမွေတွေကို ကိုယ်နဲ့
သွေးသားမကင်းတဲ့အမျိုးတွေရဲ့ လုပ်ငန်းတစ်ခုခုမှာ
မြှုပ်နှံထားပြီးတော့ ဘာမှမလုပ်တော့ဘဲ၊ရိပ်သာသွားလိုက်၊
ဘုရားသွားလိုက်နဲ့ပဲ အချိန်ကုန်နေတတ်ကြပါတယ်။
ဓမ္မရေးရာရှုထောင့်က ကြည့်ရင်တော့၊
သိပ်ကောင်းတဲ့ အပြုအမူပါပဲ။

ဒါပေမယ့် လောကရေးရာဘက်ကကြည့်ရင်တော့
ကွက်လပ်တစ်ခုဖြစ်နေတာအသေအချာပါ။
နိုင်ငံအတွက် နစ်နာသလို၊ကာယကံရှင်အတွက်လည်း
မမြင်နိုင်တဲ့ နစ်နာမှုတွေနဲ့ ကြုံတွေ့နိုင်ပါတယ်။
အရွယ်လည်းရှိနေသေးတယ်၊လုပ်ဖို့လည်း
အခြေအနေပေးနေသေးတယ်ဆိုရင်တော့
အလုပ်တစ်ခုခုကို လုပ်ကိုလုပ်နေရပါ့မယ်။
အလုပ်မလုပ်ဘဲ နေနိုင်တာကိုပဲ၊နေနေတာကိုပဲ၊
ဂုဏ်တစ်ခုလို့ နှလုံးသွင်းနေမယ်ဆိုရင်တော့
အလွန်မှားယွင်းတဲ့ အယူအဆ တစ်ခုလို့
ပြောရတော့မှာပဲ။

ကိုယ်ကဓမ္မအပေါ် အချိန်ပြည့်အာရုံညွှတ်ထားနိုင်တယ်
ဆိုရင်တော့ အကောင်းဆုံးပေါ့။
အဲဒီလိုမှ မဟုတ်ရင်တော့ အကုသိုလ်ဆိုတဲ့
မကောင်းတဲ့စိတ်တွေက ပုထုဇဉ်တစ်ယောက်ဆီကို
ဘယ်အချိန်ဝင်လို့ရမလဲ ဆိုတာ အချိန်ပြည့်
စောင့်ကြည့်နေတာပါ။လစ်တာနဲ့ ဝင်မှာပါ။
ညွှတ်စရာ အာရုံတစ်ခုခုမရှိတာနဲ့ သူက
ဝင်နေရာယူတော့တာပါပဲ။
လူတစ်ယောက် အလုပ်မလုပ်ဘဲ နေနေတာကိုက
အကုသိုလ်ကို ဖိတ်ခေါ်နေတာနဲ့ အတူတူပါ။
လူဟာ အလုပ်မရှိရင် လူနဲ့အနီးဆုံးဖြစ်တဲ့
မကောင်းတဲ့အတွေးတစ်ခုခုကို တွေးနေတတ်တာဟာ
လူ့သဘာဝတစ်ခု ဖြစ်နေလေတော့ အလုပ်တစ်ခုခုကို
လုပ်နေခြင်းဟာလည်း မကောင်းတဲ့စိတ်ကို
တားတန်သလောက် တားထားတယ်ဆိုတာ
အထူးသတိပြုဖို့ပါ။

မြတ်စွာဘုရားက အလုပ်လုပ်ပါတဲ့။
ပြီးတော့ ရှုပ်ထွေးခြင်းကင်းတဲ့ အလုပ်ကိုလုပ်ပါတဲ့။
စာမှာ “အလုပ်မရှုပ်ထွေးကြောင်း ငါးပါး”ကို ပြထားပါတယ်။

■(၁)။အချိန်သိခြင်း=လုပ်ရမယ့်အချိန်ကို သိဖို့၊
သတ်မှတ်ထားတဲ့အချိန်မှာ ပြီးဖို့၊
အလုပ်လက်ခံထားရင်လည်း ကတိခံထားတဲ့
အချိန်မှာ ပေးနိုင်ဖို့တွေပါ။

■(၂)။သင့်လျော်အောင်ပြုခြင်း=သင့်လျော်တဲ့လုပ်ငန်း၊
သင့်လျော်တဲ့အရပ်၊သင့်လျော်တဲ့ ပုဂ္ဂိုလ်စသည်တွေကို
ရွေးချယ်ပြီးပြုလုပ်ရပါမယ်။

■(၃)။ပျင်းရိခြင်းမရှိခြင်း=အဲဒီအပျင်းဓာတ်ဟာ
အလုပ်ရှုပ်ထွေးရုံတင်မကဘဲ၊
ဘဝတက်လမ်းကိုလည်း တော်တော်နှောင့်နှေးစေပါတယ်။
တချို့အခွင့်အရေးတွေဟာ အပျင်းဓာတ်ကြောင့်
ဆုံးရှုံးရတာပါ။

■(၄)။လုံ့လရှိခြင်း=ရှေ့မှာ ပျင်းရိခြင်းမရှိခြင်းကို
ပြပြီးပေမယ့် ၊မိမိအလုပ်မှတစ်ပါး တခြားအလုပ်ကို
စိတ်မဝင်စားမိဖို့ ထပ်ပြရတာပါတဲ့။

■(၅)။မပျက်စီးစေခြင်း=မိန်းမ၊အရက်၊လောင်းကစား
စသည်တွေကြောင့် လုပ်နေတဲ့အလုပ် မပျက်စီးအောင်
သတိထားရပါ့မယ်တဲ့။

ဒီမင်္ဂလာမှာ ဒွန်တစ်ခုအနေနဲ့ တွဲပါလာတာကတော့
ကိုယ်ကိုယ်တိုင်က ရှုပ်ထွေးခြင်းကင်းတဲ့၊
အနှောင့်အယှက်ကင်းတဲ့ အလုပ်လုပ်ဖြစ်ဖို့လိုသလို ၊
ကိုယ်လုပ်လိုက်တဲ့ အလုပ်တစ်ခု အတွက်ကြောင့်လည်း
တစ်ဖက်သားမှာ မရှုပ်ထွေးဖို့၊အနှောင့်အယှက်မဖြစ်ဖို့
လိုပါတယ်။ အထူးသဖြင့် ကိုယ့်အပြုအမူကြောင့်
တစ်ဖက်သားမှာ စိတ်အနှောင့်အယှက် မဖြစ်ဖို့ပါ။
ဒါလည်း အထူးသတိထားရမယ့် အချက်ပါ။
ဘာပဲပြောပြော အလုပ်တစ်ခုခု လုပ်နေတာတော့
အကောင်းဆုံးပါ။

အလုပ်တွေတော့ အများကြီးလုပ်ပါရဲ့။
ဒါပေမယ့် ကိုယ်လုပ်တဲ့အလုပ်တွေဟာ သူတစ်ပါးကို
စိတ်အနှောင့်အယှက် ဖြစ်နေတယ်ဆိုရင်လည်း
ဘုရားအလိုကျ မဟုတ်ပြန်ပါဘူး။

ဒီတော့ ညအိပ်ရာဝင်တဲ့အခါ နဖူးပေါ်လက်တင်ပြီး
စဉ်းစားပါ။
“ဒီနေ့ ငါလုပ်ရမယ့် အလုပ်တွေ အကုန်လုပ်ဖြစ်ရဲ့လား။
ငါ့အတွက် အနှောင့်အယှက်ကင်းတဲ့ အလုပ်တွေဖြစ်ရဲ့လား။
ပြီးတော့ ငါလုပ်ခဲ့တဲ့ အလုပ်တွေဟာ သူတစ်ဖက်သား
အတွက်ကော အနှောင့်အယှက်ကင်းရဲ့လား”ဆိုတာပါ။
လုပ်ဖြစ်ခဲ့တယ်ဆိုရင်တော့ အနာကုလာစကမ္မန္တာမင်္ဂလာနဲ့
ပြည့်စုံတဲ့နေ့တစ်နေ့ အဖြစ်နဲ့ပဲ နှစ်ခြိုက်စွာ အိပ်လိုက်ပါတော့။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
အပ္ပမာဒေန သမ္ပာဒေထ။
-【အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ) ၏
“မင်္ဂလာအတွေးများ”နှာ ၈၆ - ၉၃ မှ-
ကောက်နှုတ်ကူးယူပူဇော်မျှဝေပါသည်။】
Posted by
www.facebook.com/youngbuddhistassociation.mm
[အနာကုလာစကမ္မန္တာ၊ဧတံမင်္ဂလမုတ္တမံ။
ရှုပ်ထွေးခြင်းကင်းသောအလုပ်ကိုလုပ်ခြင်းသည်
မြတ်သော မင်္ဂလာမည်၏။
အလုပ်တာဝန်မလစ်ဟင်းစေနှင့်၊
အပြစ်ကင်းအောင်လုပ်ပါလေ။ ။]
အလင်းတန်းဂျာနယ် (၁.၁၂.၂၀၀၃)