တစ်ခါတုန်းက ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းမှာ
အမှုတွေကို ဆုံးဖြတ်ပေးတဲ့ တရားသူကြီးတစ်ယောက်
ရှိပါတယ်။သူ့ရဲ့ထူးခြားချက်ကတော့ လာဘ်စားတာပါပဲ။
ဒါပေမယ့် ...တရားသူကြီးကသာ လာဘ်စားတာ၊
တရားသူကြီးရဲ့ ဘုရင်မင်းမြတ်ကတော့
ဥပုသ် သီလကို ကိုယ်တိုင်ဆောက်တည်သလို၊
မှူးမတ်ငယ်သားတွေကိုလည်း ဆောက်တည်စေပါတယ်။

တစ်နေ့မနက်ခင်းတစ်ခုမှာ တရားသူကြီးဟာ
အမှုတစ်ခုကို လာဘ်စားခဲ့ပြီး၊ဘုရင့်ဆီ အခစား
ဝင်လာပါတယ်။ညီလာခံသဘင်မှာ ဘုရင်မင်းမြတ်က
တိုင်းရေးပြည်ရေးကိစ္စတွေ မဆွေးနွေးခင်
သူ့ရဲ့ မှူးမတ်တွေကို ...
“ဒီနေ့ ဥပုသ်နေ့ ၊ ဥပုသ်ဆောက်ဖြစ်လား”ဆိုတဲ့
မေးခွန်းကို အရင်မေးပါတယ်။မှူးမတ်တွေလည်း
“ဆောက်ဖြစ်ပါတယ်”ဘုရားပေါ့။
အဲဒီ မှူးမတ်တွေကတော့ တကယ်
ဥပုသ်ဆောက်တဲ့သူတွေပါ။

တရားသူကြီးဝင်လာတော့လည်း ဘုရင်မင်းမြတ်က
“ဆရာတရားသူကြီး ဒီနေ့ ဥပုသ် ဆောက်ဖြစ်လား”
လို့မေးပါတယ်။တရားသူကြီးလည်း ရှေ့မှူးမတ်တွေ
ဖြေတဲ့အတိုင်းပဲ “ဆောက်တည်ဖြစ်ပါတယ်ဘုရား”လို့
ညာဖြေ လိုက်ပါတယ်။

တရားသူကြီးညာဖြေတာကို အကြောင်းသိ
ပရောဟိတ်ပုဏ္ဏားတစ်ယောက်က ကောင်းကောင်းသိပါတယ်။
ဒါကြောင့် ညီလာခံပြီးလို့ အပြင်ရောက်တဲ့အခါ
အကြောင်းသိ ပရောဟိတ်ပုဏ္ဏားက
“ဆရာ …ဒီနေ့ ဥပုသ် မဆောက်ဖြစ်ဘူးမဟုတ်လား”လို့
မေးပါတယ်။ဒီတော့ တရားသူကြီးက
“ဟုတ်တယ်၊ငါမဆောက်ဖြစ်ဘူး၊
မနက်က အပြစ်မကင်းတဲ့ အလုပ်တစ်ခုကိုလုပ်ခဲ့တယ်။
ဒါပေမယ့် ဒီညမှာတော့ ခံတွင်းကိုဆေးပြီး ညစာမစားဘဲ၊
ဥပုသ်ဆောက်မယ်။ဒါဆိုငါ့အတွက် ဥပုသ်တစ်ဝက်တော့
ရမှာပဲ” လို့ ပြန်ပြောလိုက်ပါသတဲ့။

တရားသူကြီးကပြောတဲ့အတိုင်းပဲ အိမ်ရောက်တော့
ဥပုသ်ဆောက်ပါတယ်။ဒီလိုနဲ့မနက်ရောက်လာတော့
ဥပုသ်အမြဲဆောက်လေ့ရှိတဲ့အမျိုးသမီးတစ်ယောက်က
အမှုလာအပ်ပါတယ်။အမှုအကြောင်းပြောကြဆိုကြရင်းနဲ့
မွန်းတည့်ခါနီးရောက်သွားရော ဆိုပါတော့။
ဒီတော့ အမှုလာအပ်တဲ့အမျိုးသမီးက
ခံတွင်းဆေးဖို့ပြင်ပါတယ်။

●သူတို့ခေတ်ကတော့ ခံတွင်းကိုဆေးပြီးမှ
ဥပုသ်ဆောက်လေ့ရှိပါတယ်။
နည်းယူဖို့ကောင်းတဲ့ဓလေ့တစ်ခုပါ။
အဲဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။
တရားသူကြီးကို သရက်သီးတွေ လာကန်တော့ပါတယ်။
တရားသူကြီးကလည်း လာကန်တော့တဲ့ သရက်သီးတွေနဲ့ပဲ
“ဒီသရက်သီးတွေစားလိုက်ပြီး ဥပုသ်ဆောက်ပါ”လို့ပြောပြီး
ပေးလှူလိုက်ပါတယ်။

အမျိုးသမီးကလည်း တရားသူကြီးပြောတဲ့
အတိုင်းပဲ ပြုလုပ်ပါတယ်။

ဒီလိုနဲ့ပဲ သက်တမ်းကုန်ဆုံးတဲ့အခါကျတော့
တရားသူကြီးစုတေခဲ့ရော ဆိုပါတော့။

စုတေတော့ ဘယ်မှာ သွားဖြစ်သလဲဆိုတော့
သရက်ဥယျာဉ်ကြီးတစ်ခုမှာ နတ်သားအဖြစ်
ရွှေဗိမာန်ကြီးနဲ့ ထင်ရှားသွားဖြစ်ပါသတဲ့။
အခြံအရံ နတ်သမီးတွေကလည်း
တစ်သောင်း ခြောက်ထောင်လောက်တောင် ရှိပါသတဲ့။

●နတ်တစ်ဖြစ်လဲ တရားသူကြီးဟာ
ညဘက်မှာသာ နတ်စည်းစိမ်ကို ခံစားနေရပေမယ့်၊
●မနက်အရုဏ်တက်တာနဲ့ နတ်အသွင်နဲ့
နတ်စည်းစိမ်တွေ ကွယ်ပျောက်သွားပြီး၊
ဝေမာနိကပြိတ္တာ ဖြစ်သွားတော့တာပါပဲ။

●ပြိတ္တာဖြစ်သွားတော့ စားရမဲ့၊သောက်ရမဲ့ဘဝနဲ့
“ကိုယ့်ရဲ့အသား”ကို ပြန်စားနေရပါတယ်။
ကိုယ့်ရဲ့အသား ကိုယ်ပြန်စားနေရတာဆိုတော့
သွေးသံတရွှဲရွှဲနဲ့ တစ်ချိန်လုံး အော်ဟစ်ငိုကြွေးနေရပါသတဲ့။

ကံအကျိုးအကြောင်းတွေကို ပြန်ကြည့်တော့
►ဥပုသ်ဆောက်တည်သူ အမျိုးသမီးကို
သရက်သီး လှူခဲ့တဲ့အတွက် သရက်ဥယျာဉ်ကြီးရတာပါတဲ့။
►လာဘ်စားခဲ့တဲ့အတွက်နေ့မှာ ပြိတ္တာဖြစ်ရတာပါတဲ့။
►ဥပုသ်တစ်ဝက်ဆောက်တည်ခဲ့တဲ့အတွက်
ညဥ့်မှာ နတ်စည်းစိမ် ခံစားရတာပါတဲ့။

-【ငါးရာ့ငါးဆယ့်ဇာတ်ဝတ္ထု - ကိံဆန္ဒဇာတ်】

အနဝဇ္ဇကမ္မ=အပြစ်ကင်းတဲ့ အလုပ်ဆိုတာ
“လောကပြစ်၊ဓမ္မပြစ်၊ပစ္စုပ္ပန်ပြစ်၊
သံသရာပြစ်”ကင်းတဲ့အလုပ်တွေပါ။

အဲဒီမှာ စိတ်ဝင်စားဖို့ကောင်းတာက အဋ္ဌကထာမှာ
အနဝဇ္ဇကမ္မ=အပြစ်ကင်းတဲ့ အလုပ်တွေကို
ဖွင့်ပြတဲ့နေရာမှာ
ဥပုသ်ဆောက်ခြင်း၊
ကိုယ့်ပတ်ဝန်းကျင်မှာဝေယျာဝစ္စပြုလုပ်ပေးခြင်း၊
ရဟန်းလူ တိရစ္ဆာန်တို့နားခိုဖို့ သစ်ပင်စိုက်ခြင်း၊
ဥယျာဉ်တည်ခြင်း၊လမ်းပြင်ခြင်း၊
တံတားခင်းခြင်း၊ရေတွင်းရေကန်များတူးခြင်း၊
စတဲ့ အများစိတ်ချမ်းသာစေမယ့်
ပရဟိတလုပ်ငန်းတွေ ဖြစ်တယ်လို့ ဖွင့်ပြထားတယ်။

အများစိတ်ချမ်းသာစေမယ့် ပရဟိတလုပ်ငန်းတွေဟာ
တကယ်အပြစ်ကင်းတဲ့ လုပ်ငန်းတွေဖြစ်တဲ့အတွက်
လုပ်ဖြစ်အောင် လုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။

ဒါကြောင့် ဒီအဋ္ဌကထာအဖွင့်ကို ကြည့်ပြီး
ဆရာကြီးဒဂုန် ဦးထွန်းမြင့်က
“သန့်စင်ပြစ်မျိုး လူထုအကျိုး သယ်ပိုးဆောင်ရွက်စေ”
လို့ စပ်ဆိုထားပါတယ်။

လူတိုင်း ခန္ဓာကိုယ်ကြီးကိုရထားတာဆိုတော့
ခန္ဓာကိုယ်ရဲ့တောင်းဆိုချက်ဖြစ်တဲ့ စားဖို့၊
ဝတ်ဖို့၊နေဖို့ဆိုတဲ့ ဖို့သုံးဖို့ကို မဖြစ်မနေရှာကြရမှာပါ။
အဲဒီလိုရှာဖွေကြတဲ့အခါ အပြစ်ကင်းတဲ့
ရှာဖွေမှုမျိုးတွေဖြစ်နေဖို့ လိုပါတယ်။

■ အိမ်ထောင်ဦးစီးတော်တော်များများဟာ
ကိုယ်ခန္ဓာအတွက်အပြင်၊
ကိုယ်နဲ့ဆက်စပ်နေတဲ့ မိသားစု ခန္ဓာကိုယ်တွေ
အတွက်ပါ၊ရှာရ၊လုပ်ရတာဆိုတော့ ပိုလို့တောင်
သတိထားဖို့ကောင်းပါတယ်။

ကိုယ်က အပြစ်မကင်းတဲ့အလုပ်တွေကို
တစ်ယောက်ထဲသိမ်းကြုံးလုပ်၊
သုံးဆောင်တော့ တစ်မိသားစုလုံးသုံးဆောင် ၊
သံသရာမှာအပြစ်ခံရတော့ ကိုယ်တစ်ယောက်ထဲ
ဆိုရင် နေရာမကျပါဘူး။
မိသားစုအတွက်ကိုယ်က သံသရာပြစ်ခံရရုံသက်သက်၊
လုပ်ကိုင် ရှာဖွေ ကျွေးမွေးနေရတဲ့ သဘော
သက်ရောက်နေတယ်ဆိုရင်တော့၊
ရရှိထားတဲ့ လူ့ဘဝဟာ အဓိပ္ပါယ်မဲ့နေပါလိမ့်မယ်။

အပြစ်တစ်ခုဟာ ပြုပါများလာရင် အပြစ်ကို
အပြစ်လို့ မမြင်တတ်တော့ပါဘူး။
လုပ်ရိုးလုပ်စဉ် အလုပ်တစ်ခုလိုပဲ
မြင်သွားတတ်ပါတယ်။
အပြစ်ကို အပြစ်လို့ မမြင်တတ်တော့ဘူး ဆိုရင်
ကိုယ်ယုံကြည်ထားတဲ့ ဘာသာတရား
အပေါ် သစ္စာဖောက်တာနဲ့ အတူတူပါပဲ။

ပြုထားတဲ့ကံတွေက အလကား မနေပါဘူး။
ပြုပြီးတာနဲ့ ကံဆိုတာ မြောက်သွားတာပါ။
ကံမြောက်သွားတာနဲ့ “ကံရဲ့အကျိုးတွေ”က
လာတော့မှာပါ။

လူတစ်ယောက်ရဲ့ဘဝမှာ အရေးအကြီးဆုံး
“တရားသုံးပါး”ရှိပါတယ်။အဲဒီသုံးပါးက
“ကံရယ် ၊ ကမ္မနိမိတ်ရယ် ၊ ဂတိနိမိတ်”ရယ်ပါ။

အဲဒီ နိမိတ်သုံးပါးက
ဘယ်အချိန်မှာ ထင်ရှားဖြစ်သလဲဆိုရင်...
“သေခါနီး”မှာ ထင်ရှားဖြစ်ပြပါတယ်။

●ကံ=ဆိုတာ ပြုခဲ့သမျှ ကောင်းမှု၊မကောင်းမှုတွေပါ။
●ကမ္မနိမိတ်=ဆိုတာက သေခါနီးမှာ ကိုယ်ပြုခဲ့တဲ့ကံတွေ
ပြန်ထင်တာ၊ပြန်မြင်ယောင်တာပါ။
(ဥပမာ -ကျောင်းဆောက်လှူဒါန်းခဲ့တယ်ဆိုရင်
ကျောင်းအဆောက်အဦးပုံစံတွေ ပေါ်လာတာပါ။
နွားတွေ၊ဝက်တွေ သတ်ခဲ့တယ်ဆိုရင်လည်း
နွားတွေ၊ဝက်တွေ အရိုးတွေပေါ်လာတာပါ။)
●ဂတိနိမိတ်=ဆိုတာကသေခါနီးမှာ ကိုယ်နောက်
ဘဝလားရာရောက်ရမယ့် ဂတိအာရုံတွေထင်လာတာပါ။
(ဥပမာ
-နတ်ပြည်လားရောက်ရမယ်ဆိုရင်
ဥယျာဉ်၊ဗိမ္မာန်၊ပဒေသာပင်၊နတ်သား၊နတ်သမီးတွေပါ။
-ငရဲလားရောက်ရမယ်ဆိုရင်
ခွေးနက်ကြီး၊လင်းတ၊ငရဲသား၊ငရဲမီးလျံ တွေပါ။
-တိရစ္ဆာန်ဖြစ်ရမယ်ဆိုရင် တောတောင်ချုံစသည်တွေပါ။
-ပြိတ္တာဖြစ်မယ်ဆိုရင် အမိုက်မှောင်၊သမုဒ္ဒရာ၊
မြစ်ကမ်းစသည်တွေပါ။
-လူ့ပြည်ပြန်ဖြစ်မယ်ဆိုရင် ကမ္ဗလာလို
နီတဲ့အဆင်းရှိတဲ့ အမိဝမ်းရေး စသည်တွေပါ။

နမိတ် ထင်တယ်ဆိုတာက ပြုခဲ့တဲ့ကံတွေကို မှီပြီး
ထင်တာဆိုတော့ အပြစ်ကင်းတဲ့ကံတွေ
ပြုဖြစ်နေဖို့ အရေးကြီးပါတယ်။
အပြစ်မကင်းတဲ့ကံတွေ ပြုခဲ့ပြီး၊သေခါနီးကျမှ
နောင်တရနေမယ်ဆိုရင်လည်း အချိန်က နှောင်းသွားပါပြီ။

ဘဝတစ်ခုရဲ့နောက်ဆုံးအချိန်မှာ နိမိတ်
ကောင်းကောင်းလေးတွေ ထင်ဖို့ပဲ အရေးကြီးပါတယ်။
နိမိတ်ကောင်းကောင်းလေးတွေထင်ဖို့ အတွက်ကတော့ …..။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
အပ္ပမာဒေန သမ္ပာဒေထ။
-【အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ) ၏
“မင်္ဂလာအတွေးများ” နှာ ၁၁၄- ၁၁၉မှ-
ကူးယူပူဇော်မျှဝေပါသည်။】

[မင်္ဂလာအတွေးများ(၁၇)
အနဝဇ္ဇာနိကမ္မာနိ၊ဧတံမင်္ဂလမုတ္တမံ။
အပြစ်ကင်းသော အလုပ်တို့ကို ပြုလုပ်ခြင်းသည်
မြတ်သော မင်္ဂလာမည်၏။
သန့်စင်ပြစ်မျိုးလူထုအကျိုး၊သယ်ပိုးဆောင်ရွက်စေ။ ။]
အလင်းတန်းဂျာနယ် (၂၉.၁၂.၂၀၀၃)