အလှူပွဲတစ်ခုမှာ ဆွမ်းမကပ်သေးခင်၊
အချိန်ပိုင်းလေးမှာ အလှူ့ဒကာက ကဲ-
“မင်းတို့မိသားစု ပဲ ကပ်လိုက်တော့၊မင်းတို့လှူရင်
ငါလှူတာနဲ့ အတူတူပဲ။ကုသိုလ် တစ်ဝက် ငါလည်းရတယ်”
လို့ပြောပြီး၊ကားမောင်းပြီး ထွက်သွားတယ်။
ဇနီးမောင်နှံနှစ်ယောက်တို့တွင်
“တစ်ယောက်က ကုသိုလ်ပြုရင်
ကျန်တဲ့တစ်ယောက်လည်း၊
ကုသိုလ်တစ်ဝက် ရတယ်”ဆိုတဲ့ အသုံးနှုန်းဟာ
ဗုဒ္ဓဘာသာဝင်များရဲ့ နှုတ်ဖျားမှာ စွဲနေတယ်။
အဓိပ္ပါယ်မပြည့်စုံလို့ အမှတ်မှားရင် အကျိုးရ
နည်းသွားနိုင်တယ်။

အကျိုးရများစေဖို့ ဒီအကြောင်းအရာကိုတော့
ရေးသင့်ပြီလို့ထင်တာနဲ့စေတနာဖြင့်
ရေးသားလိုက်ခြင်း ဖြစ်ပါတယ်။
ဇနီးမောင်နှံနှစ်ယောက်၊တစ်ယောက်က
ကုသိုလ်ပဲပြုပြု၊အကုသိုလ်ပဲလုပ်လုပ်၊
ကျန်တဲ့ တစ်ယောက်က စိတ်တူ(စိတ်ပါ)မှ ရနိုင်တယ်။
စိတ်မတူရင် မရဘူး။ ပြုလုပ်သူသာလျှင် ရတယ်။
အကုသိုလ်အရာမှာ သာဓကပြရရင်
ဓမ္မပဒ၊ ပါပဝဂ်မှာ
“လင်မုဆိုးမယားသောတာပန်”ဝတ္ထုမှာ
သားသမီး(၇)ယောက်ရတဲ့အထိ လင်မုဆိုး၏
စေခိုင်းချက်အရ လေး၊ မြား၊လှံ၊ ပိုက်ကွန်တို့ကို
ဆောင်ယူပေးရသော်လည်း မယားမှာ စိတ်၊စေတနာမပါ။
တာဝန်ဝတ္တရားအရ လင်၏စကားကို မဆန့်ကျင်၊
မလွန်ဆန်လိုသောကြောင့် မယားမှာ အပြစ်မဖြစ်ပါ။
(ဥပမာ-လက်မှာ အနာမရှိလျှင် အဆိပ်ကိုကိုင်သော်လည်း၊
မလောင်ကျွမ်းသကဲ့သို့ မှတ်ပါ။)

●နောက်- နန္ဒိယသူဌေးနဲ့ ရေဝတီတို့မှာလည်း
နန္ဒိယသူဌေးကဒါန၊သီလ၊ကုသိုလ်တွေပြု၊ကျောင်း
ဆောက်လှူပေမယ့် ဇနီးရေဝတီကတော့
လင်ပြုလုပ်တဲ့ကုသိုလ် သူရမယ်ထင်နေတာ၊
ကောင်းမှုမလုပ်တဲ့အပြင်၊ရဟန်းသံဃာများကို
ဆဲရေးခြင်း စတဲ့ မကောင်းမှုတွေပြုတယ်။
သေတဲ့အခါ နန္ဒိယသူဌေးက နတ်ပြည်မှာဖြစ်တယ်။
ရေဝတီက ငရဲမှာခံရတယ်။

●နောက် အလွန်ထင်ရှားတဲ့ မဃလုလင်နဲ့ သုဇာတာ၊
မဃလုလင်က လမ်းပြုပြင်၊ တံတားဆောက်၊
ဇရပ်ဆောက်၊ ရေတွင်း၊ရေကန် တူးဖော်ခြင်း စတဲ့
ကောင်းမှုတွေ မျိုးစုံအောင် ပြုလုပ်တယ်။
ဇနီးငယ် သုဇာတာကတော့
“လင်ပြုလုပ်တဲ့ကောင်းမှု၊ မယားတစ်ဝက်ရတယ်”
လို့ယူဆပြီး ကုသိုလ်ကောင်းမှုကို မေ့လျော့ကာ
ခန္ဓာကိုယ်သာလျှင် အလှပြင်ပြီး အချိန်ကုန်စေတယ်။
သေလွန်တဲ့အခါ လင်မဃလုလင်က နတ်ပြည်မှာ
သိကြားမင်း ဖြစ်တယ်။ မယားသုဇာတာကတော့
“ဗျိုင်းမလေး” ဖြစ်ရတယ်။

●နောက်ပြီး အသယှသူဌေး၏အလှူကို
ဝမ်းမမြောက်နိုင်ဘဲ၊မနာလိုဝန်တိုစိတ်ဖြစ်မိတဲ့
အမျိုးသမီးဟာလည်း သေတဲ့အခါ
“ခုပ္ပိပါသပြိတ္တာ” ဖြစ်ရတဲ့ဝတ္ထုကလည်း
သတိသံဝေဂဖြစ်ဖို့ ကောင်းတယ်။နောက်တစ်ခု

●အဿကဘုရင်နဲ့ ဥပရိဒေဝီမိဖုရား။
မိဖုရားကအသက်ငယ်၊ ရုပ်ကလည်းချောမောလှပတော့
ဝယမာန်၊ အလှမာန်တွေတက်ပြီး ကောင်းမှုကို
မပြုဘဲ မေ့လျော့ကာ အလှပဲပြင်နေတယ်။
ဒီလိုနဲ့ သေလွန်တဲ့အခါမှာ “နွားချေးပိုးမ”
တိရစ္ဆာန် ဖြစ်ရတယ်။

ဒီဖြစ်ရပ်တွေ ရည်ရွယ်ပြီး၊မာန်လည်
ဆရာတော်ကြီးက မဃဒေဝလင်္ကာသစ်မှာ
“အကုသိုလ်နှင့်၊ ကုသိုလ် နှစ်ပါး၊
ကံတရားကား၊ မယားပြုရာ စိတ်မပါလျှင်၊
လင်မှာမရ။လင်ပြုကလည်း၊ မယားအိမ်သူ၊
စိတ်မတူသော်၊ မှတ်ယူမှန်စွာ၊ မရရာဘူး၊
သူဇာမဃ၊ အသယှတို့၊ရှေးကဝတ္ထု နှိုင်းယှဉ်ရှု၍၊
အကုသလ၊ ကုသလ၏၊ကမ္မဿကာ၊လက္ခဏာကို
မြဲစွာဝမ်းတွင်း၊နှလုံးသွင်းလော့”လို့ မိန့်ဆိုထားတယ်။

►ဒီဘဝမှာ “လင်နဲ့မယား၊မိသားစုဆုံကြတယ်”ဆိုတာ
အတိတ် ဘဝက ပြုခဲ့တဲ့ ကုသိုလ်ရေစက်ပါ လို့
ယခုလို ဆုံတွေ့ကြတာ ဖြစ်တယ်။
ဒီဘဝမှာလည်း အလှူရေစက် ဆက်တဲ့အနေနဲ့
နောက်နောင်ဘဝတွေမှာ စိတ်တူကိုယ်တူနဲ့
လက်တွဲမဖြုတ်ကြဘဲ၊နိဗ္ဗာန်ရွှေပြည်ဝင်တဲ့အထိ
အတွဲညီတဲ့ ပါရမီဖြည့်ဖက် ပါရမီရှင်များ
ဖြစ်စေချင်ပါတယ်။
သာသနာသမိုင်းမှာ လက်တွဲညီတဲ့
ပါရမီဖြည့်ဖက်တွေများစွာရှိတယ်။
ဥပမာ-
●“ဘုရားရှင်နှင့်ယသော်ဓရာ၊
●အရှင်မဟာကဿပနှင့် မယ်ဘဒ္ဒါ၊
●မဟာကပ္ပိနမင်းနှင့် အနော်ဇာဒေဝီ။
●ဆင်းရဲသား မောင်ပုဏ္ဏတို့ဇနီးမောင်နှံ၊
●နကုလပိတာနှင့် နကုလမာတာ”စတဲ့
အတွဲများဖြစ်ကြတယ်။

အဲဒီထဲမှာ အလွန်ဆင်းရဲတဲ့ “မောင်ပုဏ္ဏ”တို့
ဇနီးမောင်နှံမှာလူဆင်းရဲပေမယ့် စေတနာ သဒ္ဓါ
တရား ကောင်းပုံ၊ ကုသိုလ်ပြုတဲ့နေရာမှာ
စိတ်တူကြပုံလေးဟာ အလွန်ပင် မှတ်သားထိုက်တယ်။
မောင်ပုဏ္ဏတောထဲမှာ လယ်ယာတွေကို
တစ်ယောက်တည်း၊ဆင်းရဲပင်ပန်းစွာ
လုပ်ကိုင်နေရတယ်။

နံနက် ၁၁-နာရီလောက်ထိ ထမင်းမစားရသေးဘူး။
ဘာဖြစ်လို့လဲဆိုတော့ အိမ်က ဇနီးက ထမင်းလာ
မပို့သေးလို့ဖြစ်တယ်။ လူ့သဘာဝက
“ဆာနေတဲ့အချိန် မစားရရင် အလွန်ဒေါသဖြစ်တတ်တယ်။
မောင်ပုဏ္ဏမှာလည်း နေကပူ၊အလုပ်ကပင်ပန်း၊
ဗိုက်ကဆာ ထမင်းက ရောက်မလာသေး၊
ဘယ်လောက်စိတ်တိုစရာကောင်းသလဲဆိုတာ
စဉ်းစားကြည့်ပေတော့။ ဟော ..နေပူကြဲကြဲ
ချွေးရွှဲရွှဲနဲ့ ထမင်းထုပ်ခေါင်းပေါ်ရွက်ပြီး၊
ခြေလှမ်းသွက်သွက်နဲ့ လာနေတဲ့ ဇနီးသည်
ရောက်လာပြီး ဇနီးဖြစ်သူက
“မောင်ရေအချိန်နောက်ကျသွားတာ ခွင့်လွှတ်နော်၊
မောင့်အတွက် လာပို့တဲ့ထမင်းကို လမ်းမှာ
ရှင်သာရိပုတ္တရာ မထေရ်မြတ်ကို လှူဒါန်းလိုက်တယ်။
နောက်တစ်ခေါက်ပြန်ပြီး၊
ချက်ရလို့ မောင့်အတွက် နောက်ကျမှာစိုးလို့
အမြန်ချက်ပြီး အမြန်လာခဲ့ရတယ်။
ဒီတော့ မောင်ရယ် လမ်းမှာလှူခဲ့တဲ့ ဆွမ်းကုသိုလ်ရဲ့
အဖို့ကို မောင့်အား အမျှပေးပါတယ်။
ဒီတော့မောင်ပုဏ္ဏကလည်း စိတ်မဆိုးဘဲ၊
ဝမ်းသာလွန်းလို့ “ဝမ်းသာလိုက်တာ ရှင်မရယ်၊
သာဓု ....သာဓု ..သာဓု”လို့ခေါ်လိုက်တယ်။
ဪ...ဒါနဲ့ရှင်မရေ ကိုယ်လည်း
မနက်က အရှင်သာရိပုတ္တရာကို ရေနဲ့ဒန်ပူ လှူလိုက်
သေးတယ်။ အဲဒါ ညီမကိုလည်းအမျှပေးပါတယ်။
“ဝမ်းသာလိုက်တာမောင်ရယ်။ သာဓု .သာဓု”ပါလို့
အသိအမှတ်ပြုလိုက်တယ်။
“မယ်ကလှူမူ မောင်ကြည်ဖြူ၊
မောင်ကလှူဒါန်း မယ်ရွှင်လန်း”
ဆိုတာ အဲဒါမျိုးကို ပြောတာဖြစ်တယ်။
ထမင်းစားပြီး ခဏအိပ်လို့ အိပ်ရာမှ နိုး၍
ကြည့်လိုက်တော့မြေစိုင်ခဲတွေက
ရွှေတုံး ရွှေခဲတွေဖြစ်ကုန်တယ်။
အလှူခံကလည်းမြင့်မြတ်၊ စေတနာကလည်း
ထက်သန်စွာနဲ့ စိတ်တူတော့ ချက်ချင်းအကျိုးပေးတယ်။

နောက် စိတ်တူ၊ ကိုယ်တူနဲ့ အတွဲညီတဲ့ ဘုရားရှင်ရဲ့
မိဘဟောင်းများဖြစ်တဲ့ နကုလပိတာနဲ့နကုလမာတာတို့ပဲ
ဖြစ်တယ်။ဘုရားရှင်ကို သားဆိုတဲ့ ချစ်ခြင်းနဲ့
လျှောက်စရာရှိတာကို ပွင့်လင်းစွာလျှောက်ကြတယ်။
“အရှင်ဘုရား နကုလကို ငယ်ရွယ်စဉ်ကတည်းက
လက်ထပ်ခဲ့တယ်။တပည့်တော် သူကလွဲရင် ဘယ်သူ့ကိုမျှ
ရှိတယ်လို့ မထင်ဘူး။ သူ့ကိုသာလျှင် ယခုဘဝမှာလည်း
အမြဲကြည့်နေချင်တယ်။နောင်သံသရာမှာလည်း
အမြဲမြင်လိုတယ်”တဲ့။
နကုလမာတာအမျိုးသမီးက
“တပည့်တော်မလည်း သူကလွဲရင် ဘယ်သူ့ကိုမျှ
စိတ်နဲ့တောင်မပြစ်မှားဘူး။ သူ့ကို ယခုဘဝမှာ
လည်း အမြဲမြင်တွေ့နေချင်တယ်။
နောင်သံသရာမှာလည်း သူနဲ့မကွဲမကွာ
အမြဲ အတူနေချင်ပါတယ်”လို့ လျှောက်ကြတယ်။
အဲဒီအခါမှာ ဘုရားရှင်က-
“ဇနီးမောင်နှံ အချင်းချင်း ယခုဘဝရော၊
နောင်သံသရာပါ စိတ်တူကိုယ်တူနဲ့ တစ်သက်မခွဲဘဲ၊
ရွှေလက်တွဲလိုလျှင် အောက်ပါတရား၎-ပါးနဲ့ ပြည့်စုံရမယ်”
လို့ ဟောကြားတယ်။
■ (၁)။ အိမ်ရှင်က သဒ္ဓါတရားကောင်းသလို၊
အိမ်သူကလည်းသဒ္ဓါတရားကောင်းရမယ်။
■ (၂)။ အိမ်ရှင်က သီလစင်ကြယ်သလို၊
အိမ်သူကလည်း သီလစင်ကြယ်ရမယ်။
■ (၃)။ တစ်ယောက်က စွန့်ကြဲပေးကမ်း လှူဒါန်းရင်၊
တစ်ယောက်က မတားမြစ်ရဘူး။
“မယ်ကလှူမူ၊ မောင်ကြည်ဖြူ၊ မယ်ကလှူဒါန်း၊
မောင်ရွှင်လန်း” ဖြစ်စေရမယ်။
■ (၄)။ အသိအလိမ္မာ ဉာဏ်ပညာချင်းလည်း
တူညီရမယ်လို့ ဟောတော်မူတယ်။

ဒီအဓိပ္ပါယ်ကို ရည်ရွယ်ပြီး ပဉ္စာဝုဓပျို့မှာ -
“လူ့မြေရပ်ခွင်၊ အိမ့်ရှင် အိမ်သူ၊ မြတ်ရည်တူလျက်၊
ဆုယူညီမျှ၊ လှူဒါနနှင့် သီလမယိုင်၊ သဒ္ဓါပြိုင်မူ၊
ဘုန်းလှိုင်ကျော်ကြား၊ မိုးနတ်သားနှင့် ဆွေဝါးအနီး
နတ်သမီးတို့ ကောင်းချီးအံ့ရာ၊ စုမိရှာလျက်၊
သံသာနောင်လည်း၊ ချစ်စည်းမပြေ၊
ရှည်ကြာလေ၏”တဲ့။

ဒါကြောင့် သိစေချင်တာက ရှေ့ကောင်းမှုကံ
အထောက်အပံ့ကြောင့် လူဖြစ်လာတဲ့အခါမှာ
ကုသိုလ်ကောင်းမှုကို မေ့လျော့ပြီး စီးပွားရှာရုံ
သက်သက်နဲ့ ဘဝကို အချိန်မကုန်စေချင်ပါ။

●နေ့စဉ်အချိန်ကို သတ်မှတ်ပြီး ဘဝနောင်နှောင်း၊
ကောင်းထက်ကောင်းဖို့ ဘဝကို ကုသိုလ်ဖြင့်လည်း
မြှင့်တင်ပေးစေချင်တယ်။ကောင်းမှုပြုတဲ့အခါ
“တစ်ယောက်ပြုရင် ကျန်တစ်ယောက်လည်း
ကုသိုလ်တစ်ဝက်ရတယ်”ဆိုတဲ့ အစွဲကို ဖျောက်စေချင်တယ်။

●အကယ်၍ မတတ်သာလို့ တစ်ယောက်က
ပြုတဲ့အခါမှာ “မောင်ပုဏ္ဏတို့ ဇနီးမောင်နှံ” တို့လို
စိတ်တူမှ၊ဝမ်းမြောက်နိုင်မှ ကုသိုလ်ရဲ့အဖို့ကို
ရနိုင်ပါတယ်။ ဖြစ်နိုင်ရင် မိသားစုအစုံနဲ့
ရိုရိုသေသေ လေးလေးစားစားနဲ့ စိတ်တူကိုယ်တူ
အလှူရေစက်လက်နဲ့မကွာ ကိုယ်တိုင်ကိုယ်ကျ
လှူစေချင်ပါတယ်။

အဲဒီလို လှူတတ်မှလည်း ဖြစ်လေရာဘဝမှာ
အတူ အကျိုးပေးမှာဖြစ်တယ်။ ပါရမီရှင် စုံတွဲများဖြစ်တဲ့
“ဘုရားရှင်နှင့် ယသော်ဓရာ၊
အရှင်မဟာကဿပ နှင့် မယ်ဘဒ္ဒါ၊
မဟာကပ္ပိနမင်းနှင့် အနော်ဇာဒေဝီတို့လို မြင့်မြတ်တဲ့
ပါရမီဖြည့်ဖက်များအဖြစ်နဲ့ နောင်သံသရာမှာလည်း
အချစ်စည်းမပြေဘဲ၊နိဗ္ဗာန်ရွှေပြည်သို့
စံမြန်းရမှာ ဖြစ်ပါတယ်။
ရရှိတဲ့ အချိန်မှာ ဖြစ်နိုင်သမျှ ကုသိုလ်တွေကို
စိတ်တူ၊ကိုယ်တူ နဲ့ ရနိုင်သမျှ ယူနိုင်ကြပါစေ။
-【အရှင်ပဏ္ဍဝ(ရွှေမင်းဝံ)】
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association 】
Posted by ►
www.facebook.com/youngbuddhistassociation.mm