လောကမှာ ရှိရှိသမျှ လမ်းအားလုံးထဲမှာ
“မဂ္ဂင်ရှစ်ပါးလမ်း၊ သို့မဟုတ် သတိပဋ္ဌာန်လမ်း” ဟာ
“အနှိုင်းမဲ့လမ်း” ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့
မဂ္ဂင်ရှစ်ပါးလမ်း၊ သတိပဋ္ဌာန်လမ်းထက် ပိုပြီး
လမ်းဆုံးပန်းတိုင် ကောင်းပါတယ်လို့ နှိုင်းယှဉ်စရာ၊
အစားထိုးစရာ၊ ထပ်တူပြုစရာ တခြား “လမ်း”မရှိတော့လို့ပါပဲ။

မဂ္ဂင်ရှစ်ပါးလမ်း၊ သတိပဋ္ဌာန်လမ်းနဲ့ လဲလှယ်သင့်၊
လဲလှယ်ထိုက်တဲ့ တခြားလမ်း လောကမှာ
မရှိတော့တဲ့အတွက် မဂ္ဂင်ရှစ်ပါးလမ်း၊
သတိပဋ္ဌာန်လမ်းဟာ “အနှိုင်းမဲ့လမ်း”ဖြစ်ပါတယ်။

လမ်းဆိုတာရှိရင် လမ်းဆုံးပန်းတိုင်ဆိုတာ ရှိရစမြဲပါ။
အဲဒီလမ်းဆုံးပန်းတိုင်ဟာ ကောင်းတဲ့ပန်းတိုင်လည်း
ဖြစ်နိုင်သလို ဆိုးတဲ့ပန်းတိုင်လည်း ဖြစ်နိုင်ပါတယ်။
ချမ်းသာတဲ့ ပန်းတိုင်လည်း ဖြစ်နိုင်သလို၊
ဆင်းရဲတဲ့ပန်းတိုင်လည်း ဖြစ်နိုင်ပါတယ်။

ပကတိလမ်း၊ အကျင့်လမ်း လို့ လမ်းနှစ်မျိုးရှိတဲ့နေရာမှာ
ပကတိလမ်းတွေ အားလုံးရဲ့ လမ်းဆုံးပန်းတိုင်ဟာ
မြို့ရွာတောတောင် စတဲ့ ရုပ်တရားတွေသာဖြစ်သလို၊
သတိပဋ္ဌာန်မှတစ်ပါးသော အကျင့်လမ်းတွေရဲ့
လမ်းဆုံးပန်းတိုင်ဟာလည်း လူ့ဘုံ၊ နတ်ဘုံ၊
ဗြဟ္မာဘုံ၊ (သို့မဟုတ်)လူ့ချမ်းသာ၊ နတ်ချမ်းသာ၊
ဗြဟ္မာချမ်းသာဆိုတဲ့ ရုပ်တရား၊ နာမ်တရားတွေပဲ
ဖြစ်ပါတယ်။

ရုပ်တရား၊ နာမ်တရား ဆိုတဲ့ ရုပ်ခန္ဓာ၊ နာမ်ခန္ဓာဟာ
လောကမှာ “အဆိုးဝါးဆုံးဆင်းရဲ၊ အနှိုင်းမဲ့ဆင်းရဲ”လို့
ဆိုထားတော့ ရုပ်ခန္ဓာ၊ နာမ်ခန္ဓာမှာပဲ လမ်းဆုံးတဲ့
အဲဒီ ပကတိလမ်း၊ အကျင့်လမ်းတွေ အားလုံးဟာ
အနှိုင်းမဲ့ဆင်းရဲဆီကိုပဲ ဦးတည်နေတဲ့အတွက်
လျှောက်လှမ်းသင့်၊ လျှောက်လမ်းထိုက်တဲ့
အကောင်းဆုံးလမ်း၊ အနှိုင်းမဲ့လမ်းတွေ မဟုတ်ကြပါဘူး။

မဂ္ဂင်ရှစ်ပါး၊ သတိပဋ္ဌာန်တရားဆိုတဲ့ အကျင့်လမ်းရဲ့
လမ်းဆုံးပန်းတိုင်ကတော့ “နိဗ္ဗာန်”ဖြစ်ပါတယ်။
နိဗ္ဗာန်ဟာ လောကမှာ အကောင်းဆုံးချမ်းသာ၊
အနှိုင်းမဲ့ချမ်းသာလို့ ဆိုထားတော့ နိဗ္ဗာန်မှာသာ
လမ်းဆုံးတဲ့ မဂ္ဂင်ရှစ်ပါးလမ်း၊ သတိပဋ္ဌာန်လမ်းဟာ
အနှိုင်းမဲ့ချမ်းသာဆီကိုပဲ ဦးတည်နေတဲ့အတွက်
လျှောက်လှမ်းသင့်၊ လျှောက်လှမ်းထိုက်တဲ့
အကောင်းဆုံးလမ်း၊ အနှိုင်းမဲ့လမ်း ဖြစ်ရပါတယ်။

လမ်းရဲ့ သဘောသဘာဝက သူဖယ်ရှားနိုင်တာတွေကို
ဖယ်ရှားပစ်တတ်ပြီး သူပို့ပေးနိုင်တဲ့ နေရာတွေကို
ပို့ပေးတတ်တဲ့သဘော ရှိပါတယ်။
တခြားတခြားသော လမ်းတွေက ကိုယ့်ကို
ကောင်းကျိုးပြုမယ့်အရာတွေကိုလည်း ဖယ်ရှားပစ်ချင်
ပစ်တတ်သလို ကိုယ့်ကို ဆိုးကျိုးပြုမယ့် နေရာတွေကိုလည်း
ပို့ပေးချင် ပို့ပေးတတ်ပါတယ်။
စိတ်ချ လက်ချ အားမကိုးထိုက်ပါဘူး။

မဂ္ဂင်ရှစ်ပါးလမ်း၊ သတိပဋ္ဌာန်လမ်းကတော့
ကိုယ့်ကို ဆိုးကျိုးပြုမယ့်အရာမှန်သမျှကို၊
ဖယ်ရှားသုတ်သင်ပေးတတ်သလို ကိုယ့်ကို
ကောင်းကျိုးပြုမယ့် နေရာမှန်သမျှကိုလည်း
မရောက်အရောက် ပို့ပေးတတ်ပါတယ်။
သူဖယ်ရှားသုတ်သင်ပေးတဲ့အရာတွေထဲမှာ
အထွတ်အထိပ်ကတော့ ကိုယ့်စိတ်ကို ပူလောင်စေတတ်၊
ညစ်နွမ်းစေတတ်တဲ့ ကိလေသာတရားတွေပါပဲ။
သူပို့ဆောင်ပေးတဲ့နေရာတွေထဲမှာ အထွတ်အထိပ်ကတော့
ကိုယ့်ကို အမြဲထာဝရ ချမ်းသာစေမယ့် “နိဗ္ဗာန်တရား”ပါပဲ။

ခရီးစဉ်တစ်လျှောက် အပူနဲ့ ဆင်းရဲမှန်သမျှကို
ဖယ်ရှားရှင်းလင်းပေးပြီး၊အအေးနဲ့ချမ်းသာမှန်သမျှကို
ဆောင်ကြဉ်းပေးတဲ့အတွက် မဂ္ဂင်ရှစ်ပါးလမ်း၊
သတိပဋ္ဌာန်လမ်းဟာ စိတ်ချလက်ချ အားကိုးထိုက်တဲ့
လမ်းကောင်းလမ်းမြတ်ကြီး ဖြစ်ပါတယ်။

မဂ္ဂင်ရှစ်ပါးဆိုတာကတော့…
●သမ္မာဒိဋ္ဌိ - မှန်သောသိမြင်ခြင်း၊
●သမ္မာသင်္ကပ္ပ - မှန်သောကြံစည်ခြင်း၊
●သမ္မာဝါစာ - မှန်သောပြောဆိုခြင်း၊
●သမ္မာကမ္မန္တ - မှန်သောပြုလုပ်ခြင်း၊
●သမ္မာအာဇီဝ - မှန်သောအသက်မွေးခြင်း၊
●သမ္မာဝါယာမ - မှန်သောအားထုတ်ခြင်း၊
●သမ္မာသတိ - မှန်သောအမှတ်ရခြင်း၊
●သမ္မာသမာဓိ - မှန်သောစူးစိုက်ခြင်းတို့ပဲ ဖြစ်ပါတယ်။

အဲဒီရှစ်ပါးထဲက
■သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊
သုံးပါးကို သီလမဂ္ဂင်လို့ ခေါ်ပါတယ်။
■သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ၊
သုံးပါးကို သမာဓိမဂ္ဂင်လို့ ခေါ်ပါတယ်။
■သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ နှစ်ပါးကို ပညာမဂ္ဂင်လို့
ခေါ်ပါတယ်။
မဂ္ဂင်ရှစ်ပါးကို အနှစ်ချုပ်လိုက်ရင်
“သီလမဂ္ဂင်၊ သမာဓိမဂ္ဂင်၊ ပညာမဂ္ဂင်”လို့
မဂ္ဂင်သုံးပါး ရပါတယ်။

မဂ္ဂင်ဆိုတာ မဂ်ရဲ့ အစိတ်အပိုင်းကို ခေါ်တာပါ။
မဂ်ရဲ့ အစိတ်အပိုင်းက သီလ၊ သမာဓိ၊ ပညာလို့
သုံးပါးရှိပါတယ်။ သတိပဋ္ဌာန်တရားကို ပွားများ
အားထုတ်နေရင် အဲဒီမဂ်ရဲ့ အစိတ်အပိုင်း၊
မဂ္ဂင်တရားတွေ အလိုအလျောက် ပြည့်စုံသွားပါတယ်။
သတိပဋ္ဌာန်တရား အားမထုတ်ဘဲနဲ့ မဂ္ဂင်တရားတွေ
လုံးဝ ဖြစ်ပေါ်မလာနိုင်ပါဘူး။
မဂ္ဂင်သုံးပါး၊ မဂ္ဂင်ရှစ်ပါးနဲ့ ပြည့်စုံချင်ရင်
သတိပဋ္ဌာန်တရားကို စနစ်တကျ ပွားများအားထုတ်ရပါမယ်။

သတိပဋ္ဌာန်ဆိုတာ သတိပြဋ္ဌာန်းတဲ့အလုပ်၊
သတိရှေ့သွားရှိတဲ့အလုပ်လို့ ဆိုလိုပါတယ်။
ဝိပဿနာအလုပ်မှာ သတိက ရှေ့သွားခေါင်းဆောင်၊
ပညာက နောက်လိုက်ဖြစ်ပါတယ်။
သတိကို ရှေ့တန်းတင်ပြီး လုပ်ရတဲ့ အလုပ်မို့လို့လည်း
ဝိပဿနာအလုပ်ကို သတိပဋ္ဌာန်လို့ မြတ်စွာဘုရား
ဟောကြားတော်မူခဲ့တာပါ။ ပညာကို ရှေ့တန်းတင်ပြီး
လုပ်ရတဲ့ အလုပ်ဆိုရင် ပညာပဋ္ဌာန်လို့
မြတ်စွာဘုရား ဟောကြားတော်မူမှာပေါ့။

သတိပဋ္ဌာန်ကျင့်စဉ်ဟာ နိဗ္ဗာန်သွားတဲ့
တစ်ခုတည်းသောလမ်း၊
တစ်ကြောင်းတည်းသောလမ်း ဖြစ်ပါတယ်။
တခြားလမ်းက သွားလို့ နိဗ္ဗာန်မရောက်နိုင်ပါဘူး။
သတိပဋ္ဌာန်လမ်းကသွားမှ နိဗ္ဗာန်ရောက်နိုင်ပါတယ်။

●သတိပဋ္ဌာန်လမ်းဟာ နိဗ္ဗာန်အတွက်သာ
တစ်ခုတည်းသောလမ်း မဟုတ်သေးပါဘူး။
●သတ္တဝါတွေရဲ့ စိတ်စင်ကြယ်ဖို့အတွက်လည်း
တစ်ခုတည်းသောလမ်းပါ။
●စိုးရိမ်ပူဆွေးမှု လုံးဝကင်းပျောက်ဖို့အတွက်လည်း
တစ်ခုတည်းသောလမ်း၊
●ငိုကြွေးမြည်တမ်းမှု လုံးဝ လွန်မြောက်ဖို့အတွက်လည်း
တစ်ခုတည်းသောလမ်း၊
●ကိုယ်ဆင်းရဲမှု လုံးဝ ရုပ်သိမ်းဖို့အတွက်လည်း
တစ်ခုတည်းသောလမ်း၊
●စိတ်ဆင်းရဲမှု လုံးဝချုပ်ငြိမ်းဖို့ အတွက်လည်း
တစ်ခုတည်းသောလမ်း ဖြစ်ပါတယ်။

သတ္တဝါတွေရဲ့ စိတ်အစဉ်ဟာ ပုံမှန်အားဖြင့်
ကိလေသာအညစ်အကြေးတွေနဲ့ ညစ်နွမ်းပေကျံနေပါတယ်။
စိတ်တက်ကြွမှုမျိုးစုံ၊ စိတ်ပျက်ကျမှုမျိုးစုံနဲ့ ညစ်ပတ်ချင်တိုင်း၊
ညစ်ပတ်နေတဲ့ စိတ်အစဉ်ကို သတိပဋ္ဌာန်ရေစင်နဲ့
သွန်းလောင်းဆေးလျှော်မှသာ ဖြူဖွေးသန့်စင်သွားနိုင်ပါတယ်။

ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အရိယာသာဝကအားလုံးရဲ့
စိတ်အစဉ်မှာ ကိလေသာအညစ်အကြေး
ကင်းဝေးဖြူစင်ခဲ့ရတာဟာ သတိပဋ္ဌာန်ရေစင်ရဲ့
အစွမ်းသတ္တိကြောင့်သာ ဖြစ်တာမို့ မိမိရဲ့ စိတ်အစဉ်ကို
ဖြူစင်သန့်ရှင်းအောင် ကြိုးပမ်းလိုသူတိုင်း
“သတိပဋ္ဌာန်လမ်း”ကို မဖြစ်မနေ လျှောက်လှမ်းကြရပါမယ်။

စိုးရိမ်ပူဆွေးမှု သောကတရားနဲ့ ငိုကြွေးမြည်တမ်းမှု
ပရိဒေဝတရားဟာ ဒေါသမကင်းသူ လူသားတိုင်းနဲ့
အမြဲတမ်း ဆက်ဆံနေပါတယ်။
ဒေါသကို အကြွင်းမဲ့ ပယ်သတ်ပြီးဖြစ်တဲ့ အနာဂါမ်၊
ရဟန္တာပုဂ္ဂိုလ်တွေကလွဲရင် လူသားတိုင်းရဲ့
သန္တာန်မှာ သောက နဲ့ ပရိဒေဝ အချိန်မရွေး ဖြစ်ခွင့်ရှိပါတယ်။

ဖြစ်နေဆဲ သောက၊ ပရိဒေဝတွေကနေ လွတ်မြောက်ဖို့နဲ့
ဖြစ်မလာသေးတဲ့ သောက၊ ပရိဒေဝတွေကို
တားဆီးနိုင်ဖို့အတွက် လျှောက်ရမယ့်လမ်းကတော့
သတိပဋ္ဌာန်လမ်း တစ်လမ်းပဲ ရှိပါတယ်။

ဘယ်သူတွေ ဘယ်လောက် သောက၊
ပရိဒေဝများတယ်ပြောပြော၊
ပဋာစာရာ (အများပြော ပဋာစာရီ)ရဲ့ သောက၊
ပရိဒေဝကိုတော့ မီမယ် မထင်ပါဘူး။
■ခင်ပွန်းသည်က မြွေကိုက်လို့သေ၊
■သားအကြီးက ရေနစ်လို့သေ၊
■သားအငယ်က စွန်ချီလို့သေ၊
■မိဘနှစ်ပါးနဲ့ မောင်ဖြစ်သူက အိမ်ပြိုလို့သေ၊
တစ်နေ့တည်း တစ်ရက်တည်းမှာခြောက်လောင်းပြိုင်
အသေဆိုးနဲ့ ရင်ဆိုင်ကြုံတွေ့လိုက်ရတဲ့ ပဋာစာရာရဲ့
ရင်တွင်းက အပူမီး ဘယ်လောက်များ
ကြီးလိုက်မလဲ။

ခါးဝတ်တောင် မကပ်နိုင်လောက်အောင် အရူးတစ်ပိုင်း၊
မိန်းမရိုင်းကြီးဖြစ်သွားရရှာတဲ့ ပဋာစာရာရဲ့
ရင်တွင်းသောကမီးနဲ့ ရင်တွင်းပရိဒေဝမီးကို
သတိပဋ္ဌာန်ရေစင်ရေချမ်းက တစ်မုဟုတ်ချင်း
ငြိမ်းအေးစေနိုင်ခဲ့ပါတယ်။

ပဋာစာရာလောက် အဖြစ်မဆိုးတဲ့
ယနေ့လူသားတွေအနေနဲ့ သတိပဋ္ဌာန်လမ်းကိုသာ
မှန်မှန်လျှောက်လှမ်းနေမယ်ဆိုရင် တွေ့လာသမျှ
သောကဖြစ်စရာ အခြေအနေတွေ၊
ကြုံလာသမျှ ပရိဒေဝပွားစရာအနေအထားတွေဟာ
ပျင်းစရာတောင် ကောင်းနေပါလိမ့်မယ်။
“ပျင်းတောင်ပျင်းသေးတယ်” လို့ အလွယ်တကူ
ရေရွတ်ပြီး ရယ်ရယ်ပြုံးပြုံး ဖယ်ရှားပစ်နိုင်ပါလိမ့်မယ်။

အကြောင်းတရားအမျိုးမျိုးနဲ့ ပြုပြင်စီမံထားတဲ့
ရုပ်ကိုယ်ခန္ဓာကြီးဟာ အကြောင်းတရားတစ်ခုခု
ချို့ယွင်းသွားတာနဲ့ တစ်ပြိုင်နက် ဖောက်ပြန်
ပျက်စီးတတ်ပါတယ်။ နာလိုက်၊ ကျင်လိုက်၊
ကိုက်လိုက်၊ ခဲလိုက်၊ အောင့်လိုက်၊ ယားလိုက်နဲ့
အမျိုးမျိုး ဖောက်ပြန်ပျက်စီးတတ်ပါတယ်။

အဲဒီလို အမျိုးမျိုးဖောက်ပြန်နေတဲ့ ရုပ်ကိုယ်ခန္ဓာကြီးရဲ့
ဒုက္ခဝေဒနာအမျိုးမျိုး၊ အနာရောဂါအမျိုးမျိုးကို
သတိပဋ္ဌာန်ဆေးတော်ကြီးက အကြွင်းမဲ့
ပျောက်ကင်းအောင် ကုသပေးနိုင်ပါတယ်။
ပစ္စုပ္ပန်မှာ လုံးဝ ပျောက်ကင်းသွားတာမျိုးလည်း
ရှိသလို၊ဘဝခန္ဓာအသစ် ထပ်မဖြစ်တဲ့
ချုပ်ခြင်းမျိုးနဲ့ ခန္ဓာချုပ်တဲ့အခါ လုံးဝ
ပျောက်ကင်းသွားတာမျိုးလည်း ရှိပါတယ်။

လောကမှာရှိတဲ့ တခြားဆေးတွေက ဒုက္ခဝေနာတွေ၊
အနာရောဂါတွေကို ကာလအခိုက်အတန့်၊
ဘဝအခိုက်အတန့်ပဲ သက်သာပျောက်ကင်းစေနိုင်ပါတယ်။
သတိပဋ္ဌာန်ဆေးတော်ကြီးကတော့ ကာလမကြွင်း၊
ဘဝမကျန် အဆုံးသတ်ပျောက်ကင်းစေနိုင်တာမို့
ကိုယ်ဆင်းရဲမှုအမျိုးမျိုးမှ လွတ်မြောက်လိုသူတိုင်း
သတိပဋ္ဌာန်လမ်းကို ယုံယုံကြည်ကြည်
လျှောက်လှမ်းကြရပါမယ်။

ငွေကြေးဥစ္စာ မပြည့်စုံတဲ့လူကို “လူဆင်းရဲ”လို့
ခေါ်ကြသလို၊အရည်အသွေးကောင်းတွေ
မပြည့်စုံတဲ့ စိတ်ကိုလည်း စိတ်ဆင်းရဲလို့ ခေါ်ကြပါတယ်။
စိတ်ဆင်းရဲနေတဲ့လူဟာ စိတ်ဓာတ်အရည်အသွေးကောင်းတွေ
ချို့တဲ့နေတဲ့လူပါ။ ဖြစ်ခဲ့ပြီးသား အဆိုးကိစ္စတွေကို
ခံနိုင်ရည်ရှိတဲ့ စိတ်ဓာတ်အရည်အသွေး၊
ဖြစ်မလာသေးတဲ့ အဆိုးကိစ္စတွေကို ရင်ဆိုင်ရဲတဲ့
စိတ်ဓာတ်အရည်အသွေး ချို့တဲ့ကင်းမဲ့နေသူဟာ
စိတ်ဆင်းရဲနေတဲ့လူပါပဲ။

လူတွေ စိတ်ဆင်းရဲကြတယ်ဆိုတာ
အများအားဖြင့် ဖြစ်ခဲ့ပြီးသား အဆင်မပြေမှုတွေကို
“ပိုတွေး”လို့၊ ဒါမှမဟုတ် ဖြစ်မလာသေးတဲ့
အဆင်မပြေမှုတွေကို “ကြိုတွေး”လို့ပါ။
“ပိုတွေး” နဲ့ ”ကြိုတွေး”ကို အဖော်လုပ်ပြီး
စိတ်နစ်မွန်းနေတဲ့ လူတစ်ယောက်ဟာ
လက်ရှိအခြေအနေကို အကောင်းဆုံးဖြစ်အောင်
ဘယ်လိုလုပ်မလဲဆိုတဲ့ “လိုတွေး”
မတွေးနိုင်တော့တဲ့အတွက် စိတ်ဆောက်တည်ရာ
မရဖြစ်ပြီး၊စိတ်ဆင်းရဲရပါတယ်။

“ပိုတွေး” နဲ့ “ကြိုတွေး” ကို သံယောဇဉ်ဖြတ်ပြီး၊
“လိုတွေး” ကိုသာ စနစ်တကျ ဖော်ထုတ်
ကျင့်သုံးနိုင်ခဲ့မယ်ဆိုရင် စိတ်ဆင်းရဲရတဲ့
အဖြစ်မျိုးက လွတ်မြောက်နိုင်ပါတယ်။
ကိုယ်ကိုယ်တိုင် “လိုတွေး” ကို မဖော်ထုတ်နိုင်ရင်လည်း၊
ဖော်ထုတ်နိုင်တဲ့သူဆီ အမြန်ဆုံး ချဉ်းကပ်ဖို့
အရေးကြီးပါတယ်။

►မြတ်စွာဘုရားရှင်လက်ထက်တုန်းက
တာဝတိံသာနတ်ပြည်မှာ “သုဗြဟ္မ”ဆိုတဲ့
နတ်သားတစ်ယောက်ရှိခဲ့ဖူးပါတယ်။
တစ်နေ့တော့ နန္ဒဝန်ဥယျာဉ်ထဲမှာ
နတ်သမီးတစ်ထောင်နဲ့ စည်းစိမ်ခံစားနေတုန်း
သီချင်းတကြော်ကြော်ဆိုရင်း ပန်းခူးနေတဲ့ ပန်းပင်ပေါ်က
နတ်သမီးငါးရာ ရုတ်တရက် စုတေပြီး အဝီစိငရဲကျသွားတာရယ်၊
မိမိနဲ့ ကျန်နတ်သမီးငါးရာလည်း နောက်ခုနစ်ရက်အကြာမှာ
စုတေပြီး အဝီစိငရဲကျရမှာရယ်ကို တွေ့မြင်သိရှိရတဲ့အတွက်
သုဗြဟ္မနတ်သားဟာ အကြီးအကျယ်
ထိတ်လန့်တုန်လှုပ်ပြီး စိတ်ဆင်းရဲနေပါတယ်။

“ပိုတွေး” ၊“ကြိုတွေး” တွေနဲ့ လုံးထွေးရစ်ပတ်ပြီး
စိတ်ဆင်းရဲနေတဲ့ သုဗြဟ္မနတ်သားဟာ
“လိုတွေး” ကို စဉ်းစားမရတဲ့အဆုံး
နတ်သမီးငါးရာနဲ့အတူ မြတ်စွာဘုရားရှင်ထံမှောက်
အပြေးလေးဆိုက်ရောက်လာခဲ့ပါတယ်။
မြတ်စွာဘုရားရှင်က “ပိုတွေး” “ကြိုတွေး”တွေနဲ့
အတိတ်၊ အနာဂတ် နှစ်ဖက်မှာ အစွန်းမထွက်ဘဲ
“လိုတွေး”နဲ့ ပစ္စုပ္ပန်မှာ အလယ်လမ်းလျှောက်ဖို့
သတိပဋ္ဌာန်အလယ်လမ်းကို ညွှန်ပြတော်မူပါတယ်။

မြတ်စွာဘုရားရှင်ညွှန်ပြတဲ့ “သတိပဋ္ဌာန်အလယ်လမ်း”အတိုင်း
လျှောက်လှမ်းလိုက်တဲ့အတွက် သုဗြဟ္မနတ်သားနဲ့
နတ်သမီးငါးရာ စိတ်ဆင်းရဲမှုတွေ ပြေပျောက်ပြီး
သောတာပန်တည်သွားခဲ့ကြပါတယ်။
အဝီစိငရဲ အပါအဝင် အပါယ်လေးပါးကျရောက်မယ့်
ဘေးမှလည်း ထာဝရ လွတ်မြောက်သွားကြပါတယ်။

စိတ်ဆင်းရဲမှုအားလုံးရဲ့ တစ်ခုတည်းသော
ထွက်ပေါက်ကတော့ လက်ရှိအခြေအနေကို
သတိတင်းတင်း၊ ဉာဏ်ရှင်းရှင်းနဲ့
အေးချမ်းစွာ ရင်ဆိုင်တဲ့ သတိပဋ္ဌာန်အကျင့်လမ်းပါပဲ။
ဘယ်လို စိတ်ဆင်းရဲမှုမျိုးနဲ့မှ မပတ်သက်ချင်တဲ့
ပုဂ္ဂိုလ်တိုင်း ပစ္စုပ္ပန်ကျကျ ရှုသိရတဲ့ သတိပဋ္ဌာန်
အကျင့်လမ်းကို သံသယကင်းစွာ လျှောက်လှမ်းကြရပါမယ်။

အရှုခံအာရုံရဲ့ သဘောသဘာဝအပေါ်
မူတည်ပြီး သတိပဋ္ဌာန်က လေးမျိုးရှိပါတယ်။
●ကာယာနုပဿနာသတိပဋ္ဌာန်၊
●ဝေဒနာနုပဿနာသတိပဋ္ဌာန်၊
●စိတ္တာနုပဿနာသတိပဋ္ဌာန်နဲ့
●ဓမ္မာနုပဿနာသတိပဋ္ဌာန်တို့ပါပဲ။

■“ကာယာနုပဿနာသတိပဋ္ဌာန်”ဆိုတာကတော့
ကိုယ်ကာယမှာ ဖြစ်နေသမျှ အမူအရာတွေ၊
ပြုနေသမျှ အပြုအမူတွေကို ဖြစ်နေတဲ့အတိုင်း၊
ပြုနေတဲ့အတိုင်း ရိုးရိုးလေး မှတ်နေ၊ သိနေတဲ့သဘောပါပဲ။
သွားရင် “သွားတယ်”၊ ရပ်ရင် “ရပ်တယ်”၊
ထိုင်ရင် “ထိုင်တယ်”၊ လျောင်းရင် “လျောင်းတယ်”၊
ကွေးရင် “ကွေးတယ်”၊ ဆန့်ရင် “ဆန့်တယ်”
စသည်အားဖြင့်ပေါ့။

■“ဝေဒနာနုပဿနာသတိပဋ္ဌာန်” ဆိုတာကတော့
ခံစားရသမျှ ဝေဒနာတွေကို ခံစားနေတဲ့အတိုင်း
ရိုးရိုးလေး မှတ်နေ၊ သိနေတဲ့သဘောပါပဲ။
နာရင် “နာတယ်”၊ အောင့်ရင် “အောင့်တယ်”၊
ဆင်းရဲရင် “ဆင်းရဲတယ်”၊ ချမ်းသာရင် “ချမ်းသာတယ်”
စသည်အားဖြင့်ပေါ့။

■“စိတ္တာနုပဿနာသတိပဋ္ဌာန်”ဆိုတာကတော့
စိတ်မှာ ဖြစ်သမျှအခြေအနေတွေကို ဖြစ်နေတဲ့အတိုင်း
ရိုးရိုးလေးမှတ်နေ၊ သိနေတဲ့သဘောပါပဲ။
လိုချင်ရင် “လိုချင်တယ်”၊ စိတ်ဆိုးရင် “စိတ်ဆိုးတယ်”၊
ဝမ်းနည်းရင် “ဝမ်းနည်းတယ်”၊ ဝမ်းသာရင် “ဝမ်းသာတယ်”၊
တွေးရင် “တွေးတယ်”၊ စဉ်းစားရင် “စဉ်းစားတယ်”
စသည်အားဖြင့်ပေါ့။

■“ဓမ္မာနုပဿနာသတိပဋ္ဌာန်”ဆိုတာကတော့
ကြုံသမျှအာရုံတိုင်းကို ကြုံနေတဲ့အတိုင်း
ရိုးရိုးလေး မှတ်နေ၊ သိနေတဲ့ သဘောပါပဲ။
မြင်ရင် “မြင်တယ်”၊ ကြားရင် “ကြားတယ်”၊
နံရင် “နံတယ်”၊ စားရင် “စားတယ်”၊
ထိရင် “ထိတယ်”၊ သိရင် ”သိတယ်” စသည်အားဖြင့်ပေါ့။

လိုရင်းအနှစ်ချုပ်ကတော့ ရုပ်ကို ရှုတဲ့ ရုပ်သတိဋ္ဌာန်နဲ့
နာမ်ကို ရှုတဲ့ နာမ်သတိပဋ္ဌာန်ဆိုပြီးတော့
သတိပဋ္ဌာန်လုပ်ငန်းစဉ် နှစ်မျိုး ရှိပါတယ်။
နိဗ္ဗာန်ဆိုတဲ့ လမ်းဆုံးပန်းတိုင်ကို မဂ်ဉာဏ်၊
ဖိုလ်ဉာဏ်နဲ့ မျက်မှောက်ပြုလိုတဲ့ ပုဂ္ဂိုလ်မှန်ရင်
အဲဒီ လုပ်ငန်းစဉ်နှစ်မျိုးလုံးကို ပြုလုပ်ရပါမယ်။
ရုပ်သက်သက်ပဲ ရှုမယ်လို့ နှလုံးသွင်းပြီး၊
ရုပ်ကိုချည်း မ ရှုရပါဘူး။
နာမ်သက်သက်ပဲ ရှုမယ်လို့ နှလုံးသွင်းပြီး၊
နာမ်ကိုချည်း မရှုရပါဘူး။
ဘာလို့လဲဆိုတော့ ရုပ်သက်သက်ရှုရုံ၊
နာမ်သက်သက်ရှုရုံနဲ့ တရားမရနိုင်၊
မဂ်စိတ်မကျနိုင်လို့ပါပဲ။

တကယ် မဂ်စိတ်ကျတဲ့အချိန်မှာတော့ တချို့က
ရုပ်ကိုရှုရင်း ကျသလို ၊တချို့က နာမ်ကိုရှုရင်း ကျပါတယ်။
ဒါပေမဲ့ အဲဒီလို ရုပ်ကို ရှုရင်း၊ (သို့မဟုတ်)နာမ်ကို ရှုရင်း
မဂ်စိတ်ကျနိုင်ဖို့အတွက် ဝိပဿနာအလုပ်
အားထုတ်နေစဉ်အချိန်မှာတော့ ရုပ်ကိုရော၊
နာမ်ကိုရော ရှုပွားရပါတယ်။
ရုပ်ထင်ရှားရင် ရုပ်၊ နာမ်ထင်ရှားရင် နာမ်၊
နှစ်မျိုးလုံး ရှုပွားရပါတယ်။

ရုပ်ရှုရင်း မဂ်စိတ်ကျသွားသူကို ထောက်ပြီး၊
ရုပ်သက်သက် ရှုလည်း တရားရနိုင်တယ်၊
နာမ် ရှုရင်း မဂ်စိတ်ကျသွားသူကို ထောက်ပြီး၊
နာမ်သက်သက် ရှုလည်း တရားရနိုင်တယ်လို့
ယူဆပြီး သတိပဋ္ဌာန် အလုပ်ခွင်စဝင်ကတည်းက
တစ်လျှောက်လုံး ရုပ်သက်သက်၊ နာမ်သက်သက်ချည်းပဲ
ရှုနေလို့ကတော့ ဘယ်တော့မှ တရားထူး၊တရားမြတ်
မရနိုင်ပါဘူး။

အပြေးသမားတွေ ပန်းဝင်တဲ့အခါ တချို့က
ဘယ်ခြေလှမ်းနဲ့ ပန်းဝင်ပါတယ်။
တချို့က ညာခြေလှမ်းနဲ့ ပန်းဝင်ပါတယ်။
ဘယ်ညာခြေစုံလှမ်းပြီး ပန်းဝင်တဲ့သူ မရှိပါဘူး။

ဘယ်ခြေလှမ်းနဲ့ ပန်းဝင်လာတာကို ကြည့်ပြီး
ပြေးလမ်းတစ်လျှောက်လုံး ဘယ်ခြေတစ်ဖက်တည်းနဲ့
ခြေတစ်ပေါင်ကျိုး ပြေးလာတယ်လို့ ပြောရင် မှားပါတယ်။
ညာခြေလှမ်းနဲ့ ပန်းဝင်လာတာကို ကြည့်ပြီး ၊
ပြေးလမ်းတစ်လျှောက်လုံး ညာခြေတစ်ဖက်တည်းနဲ့
ခြေတစ်ပေါင်ကျိုး ပြေးလာတယ်လို့ ပြောရင် မှားပါတယ်။
တကယ်တော့ ဘယ်ခြေရော၊ ညာခြေရော၊
ခြေနှစ်ဖက်စလုံး သုံးပြီး အားကုန်ပြေးခဲ့ရတာပါ။
ပန်းဝင်တော့မှသာ ခြေတစ်ဖက်ဖက်နဲ့ ပန်းဝင်သွားတာပါ။

အဲဒီလိုပါပဲ၊ ရုပ်တရားအပေါ်မှာလည်း
အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ လက္ခဏာဉာဏ် ရင့်သန်အောင်၊
နာမ်တရားအပေါ်မှာလည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊
လက္ခဏာဉာဏ် ရင့်သန်အောင် ရှုပွားရင်းနဲ့
မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ဆိုက်ရောက်ပြီး ၊
နိဗ္ဗာန်ကို မျက်မှောက်ပြုရပါတယ်။

သတိပဋ္ဌာန်ဆိုတဲ့ အနှိုင်းမဲ့လမ်းမှာ ရုပ်ရှုခြင်းဆိုတဲ့
ဘယ်ခြေရော၊ နာမ်ရှုခြင်းဆိုတဲ့ ညာခြေပါ၊
ခြေနှစ်ဖက်လုံးသုံးပြီး လျှောက်လှမ်းရပါမယ်။

ရုပ်အာရုံ၊ နာမ်အာရုံ၊ နှစ်မျိုးလုံး ရှုပွားတဲ့နေရာမှာလည်း
ကိုယ် ရှုချင်တဲ့ အာရုံလေးတွေတော့ ရှုမယ်၊
ကိုယ်မ ရှုချင်တဲ့ အာရုံကြီးတွေတော့ မရှုဘူးဆိုပြီး
အာရုံရွေးမနေရပါဘူး။ စိတ်အစဉ်မှာ
ပေါ်လွင်ထင်ရှားလာသမျှ၊ဘယ်အာရုံကိုမဆို
ရှုပွားရပါမယ်။

အလုပ်မရွေး၊ နေရာမရွေး၊ ဣရိယာပုတ်မရွေး၊
အချိန်မရွေး ဆိုတဲ့ မရွေးလေးပါးကို လက်ကိုင်ထားပြီး၊
သတိပဋ္ဌာန်တရား ရှုပွားသွားမယ်ဆိုရင်၊
အာရုံမရွေးဆိုတဲ့ အဓိကမရွေးနဲ့လည်း
ဝိပဿနာအလုပ် အားထုတ်ပြီးသားဖြစ်သွားပါတယ်။

သတိပဋ္ဌာန်ဝိပဿနာတရားဟာ ရိပ်သာမှာမှ
အားထုတ်လို့ရတဲ့တရားလည်း မဟုတ်ပါဘူး။
ထိုင်မှ အားထုတ်လို့ရတဲ့တရားလည်း မဟုတ်ပါဘူး။
အလုပ်မရွေး၊ နေရာမရွေး၊ ဣရိယာပုတ်မရွေး၊
အချိန်မရွေး အားထုတ်လို့ရတဲ့ တရားပါ။
နိဗ္ဗာန်ဆိုတဲ့ လမ်းဆုံးပန်းတိုင်ကလည်း
အလုပ်မရွေး၊ နေရာမရွေး၊ ဣရိယာပုတ်မရွေး၊
အချိန်မရွေး ဆိုက်ရောက်နိုင်ပါတယ်။

ရုပ် သို့မဟုတ် နာမ်၊ အရှုခံအာရုံတစ်ခုခုအပေါ်မှာ
သတိပဋ္ဌာန်နည်းကျ ရှုမှတ်စိတ်ကလေး
တည့်တည့်မတ်မတ် ကျရောက်နေပြီဆိုရင်
အဲဒီအချိန်မှာ မဂ္ဂင်ရှစ်ပါးလုံး အပြည့်အစုံ ပါဝင်နေပါတယ်။

■လိမ်ညာ၊ ကုန်းတိုက်၊ ဆဲရေး၊ ပေါ့ပျက်ဆိုတဲ့
ဝစီဒုစရိုက်လေးပါး ရှောင်ပြီးသားဖြစ်နေလို့
သမ္မာဝါစာမဂ္ဂင်၊
■သတ်ဖြတ်၊ ခိုးဝှက်၊ မှားယွင်းဆိုတဲ့
ကာယဒုစရိုက်သုံးပါး ရှောင်ပြီးသားဖြစ်နေလို့
သမ္မာကမ္မန္တမဂ္ဂင်၊
■မတော်မတရား အသက်မွေးမှု
ရှောင်ပြီးသားဖြစ်နေလို့ သမ္မာအာဇီဝမဂ္ဂင်၊
“သီလမဂ္ဂင်သုံးပါး” နဲ့လည်း ပြည့်စုံသွားပါတယ်။

■အရှုခံအာရုံပေါ်မှာ စိတ်အားစိုက်နေရလို့
သမ္မဝါယာမမဂ္ဂင်၊
■အရှုခံအာရုံ ပျောက်မသွားအောင် ထိန်းသိမ်း
စောင့်ရှောက်ထားရလို့ သမ္မာသတိမဂ္ဂင်၊
■အရှုခံအာရုံပေါ်မှာ စိတ်ကို ငြိမ်ကပ်ထားရလို့
သမ္မာသမာဓိမဂ္ဂင်၊ “သမာဓိမဂ္ဂင်သုံးပါး”နဲ့လည်း
ပြည့်စုံသွားပါတယ်။

■အရှုခံအာရုံရဲ့ ကိုယ်ပိုင်သဘော၊
အများဆိုင်သဘောတွေကို အမှန်အတိုင်း
သိမြင်သွားလို့ သမ္မာဒိဋ္ဌိမဂ္ဂင်၊
■အဲဒီလို သိမြင်နိုင်အောင် အရှုခံအာရုံပေါ်မှာ
စိတ်ညွှတ်ပေးနေရလို့ သမ္မာသင်္ကပ္ပမဂ္ဂင်၊
“ပညာမဂ္ဂင် နှစ်ပါး” နဲ့လည်း ပြည့်စုံသွားပါတယ်။

တစ်ချိန်နဲ့တစ်ချိန် မဂ္ဂင်အနုအရင့်တော့ ကွာမှာပေါ့။
အရဟတ္တမဂ်နဲ့ ယှဉ်တွဲနေတဲ့ မဂ္ဂင်ရှစ်ပါးအဆင့်အထိ
ရင့်ကျက်ပြည့်စုံသွားပြီဆိုရင်တော့ “နိဗ္ဗာန်”ဆိုတဲ့
လမ်းဆုံးပန်းတိုင်မှာ ထာဝရ မွေ့လျော်ခွင့်ရသွားပါပြီ။

တစ်လောကလုံးရဲ့ အနှိုင်းမဲ့ကျေးဇူးရှင်ဖြစ်တဲ့
မြတ်စွာဘုရားရှင်က မဂ္ဂင်ရှစ်ပါးလမ်း၊ သတိပဋ္ဌာန်လမ်းဟာ
အနှိုင်းမဲ့လမ်းဖြစ်တယ်လို့ “မဂ္ဂါနဋ္ဌင်္ဂိကော သေဋ္ဌော” ဆိုတဲ့
စကားတော်နဲ့ ဟောကြားညွှန်ပြထားတာမို့
လူသားတိုင်း လူသားတိုင်း မဂ္ဂင်ရှစ်ပါးလမ်း၊
သတိပဋ္ဌာန်လမ်းဆိုတဲ့ အနှိုင်းမဲ့လမ်းကို
လမ်းဆုံးပန်းတိုင်ရောက်အောင် အပြီးတိုင်
လျှောက်လှမ်းနိုင်ကြပါစေ လို့ဆုမွန်ကောင်း
တောင်းလိုက်ပါတယ်။ ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
【ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)】
၏ “အနှိုင်းမဲ့ချမ်းသာ”နှာ ၁၄၆ - ၁၆၃ မှ -
ကူးယူပူဇော်မျှဝေပါသည်။】
Posted by►
www.facebook.com/youngbuddhistassociation.mm
အပ္ပမာဒေန သမ္ပာဒေထ။
【ဆရာတော်အရှင်ဆန္ဒာဓိက၊
အပ္ပမာဒမဂ္ဂဇင်း၊နိုဝင်ဘာလ၊၂၀၀၀။】