တစ်ခါတုန်းက “ငဆွံ့”တစ်ယောက်ရှိပါတယ်။
ဆွံ့ပေမယ့် သူ့မှာထူးခြားတဲ့ အတတ်တစ်ခုက ရှိနေပါတယ်။
သူက “ကျောက်ခဲပစ်” သိပ်တော်တာပါ။
ဘယ်အရာကိုပဲဖြစ်ဖြစ်၊မှန်အောင်ပစ်နိုင်ပါသတဲ့။

တစ်နေ့တော့ ကလေးတွေက အဲဒီငဆွံ့ကို
ရထားပေါ်တင်ခေါ်လာပြီး၊မြို့ပြင်မှာရှိတဲ့
ညောင်ပင်ကြီးရှိရာကို ခေါ်ခဲ့ပါတယ်။
ညောင်ပင်အောက်ရောက်တော့ ကလေးတွေက
ပိုက်ဆံပေးပြီး၊ “ဆင်ရုပ်ပြပါ ၊ မြင်းရုပ်ပြပါ”
ဆိုပြီး ပူဆာကြပါတယ်။

ငဆွံ့ကလည်း ကလေးတွေပူဆာတဲ့အတိုင်း
ညောင်ရွက်တွေကို ကျောက်ခဲနဲ့ ပစ်ပစ်ပြီး၊
“အရုပ်”ထင်အောင်လုပ်ပြပါတယ်။
ဒါကို ကလေးတွေက အလွန်သဘောကြဆိုပဲ။

အဲဒီအချိန်မှာ ဗာရာဏသီမင်းက ဥယျာဉ်ကစားထွက်လာရင်း၊
ငဆွံ့နဲ့ ကလေးတွေဆီကို ရောက်လာပါတယ်။
ဗာရာဏသီမင်းက ငဆွံ့ရဲ့လက်ရာကို မြင်လိုက်ရတော့
“ငါအတွက်တော့ အသုံးကြပြီ”ဆိုပြီး၊
ငဆွံ့ကို တိုးတိုးတိတ်တိတ် ပြောပြပါတယ်။

“ငါဆီမှာ အလွန်စကားများတဲ့ ပုဏ္ဏားတစ်ယောက်ရှိတယ်။
အဲဒီပုဏ္ဏားစကားမများအောင် သင်ကူညီနိုင်မလား”
“ကူညီနိုင်ပါတယ်မင်းကြီး”

ဗာရာဏသီမင်းနဲ့ ငဆွံ့ တိုးတိုးတိတ်တိတ် တိုင်ပင်ပြီး၊
ငဆွံ့ကို နန်းတော်ခေါ်ခဲ့ပါတယ်။နောက်တစ်နေ့
ညီလာခံအချိန်ရောက်တော့ ငဆွံ့ကို
ကန့်လန့်ကာ နောက်ကွယ်မှာ ထားထားပါတယ်။
ပြီးတော့ “ဆိတ်ချေး”တစ်စလယ်လည်း ပေးထားပါတယ်။

ညီလာခံစတယ်ဆိုရင်ပဲ စကားများတဲ့ပုဏ္ဏားက
စကားစဖို့ ပြင်လိုက်ပါတယ်။ကန့်လန့်ကာနောက်ကွယ်က
ငဆွံ့ကလည်း ပုဏ္ဏားစကားပြောဖို့ ပါးစပ်ဟလိုက်တာနဲ့
ဆိတ်ချေးတုံးတစ်တုံး ပါးစပ်ထဲလှမ်းပစ်သွင်းလိုက်ပါတယ်။
ပုဏ္ဏားကလည်း ၀င်လာတဲ့ ဆိတ်ချေးတုံးကို
အသာမျိုချလိုက်ပါတယ်။

ဒီလိုနဲ့ ပုဏ္ဏားက စကားပြောမယ်လို့ ပါးစပ်ကိုဟလိုက်၊
ငဆွံ့က ဆိတ်ချေးတုံးနဲ့ လှမ်းပစ်သွင်းလိုက်နဲ့
ဆိတ်ချေးတစ်စလယ်ကုန်သွားရော ဆိုပါတော့။
ဆိတ်ချေးကုန်သွားပြီးဆိုတော့ ငဆွံ့ကလည်း
ဗာရာဏသီမင်းကို ကန့်လန့်ကာ လှုပ်ပြီး၊
အချက်ပေးလိုက်ပါတယ်။

ဒီတော့ ဗာရာဏသီမင်းက
“ဆရာ ပုဏ္ဏား တယ်စကားပြောနိုင်တာပဲ။
သွား ငုရေသောက်ပြီး ရောဂါမဖြစ်အောင်
ပြန်အန်ပစ်လိုက်ပါဦး” လို့ ပြောလိုက်ပါတယ်။

အဲဒီနေကစပြီး ပုဏ္ဏားလည်း စကားမများတော့ဘူးလို့
ဆိုပါတယ်။ပြီးတော့ ဗာရာဏသီမင်းက
“ငဆွံ့ကြောင့် ငါနားချမ်းသာရပေတယ်”ဆိုပြီး၊
“အခွန်တစ်သိန်းထွက်တဲ့ ရွာလေးရွာ”ကို ပေးလိုက်ပါသတဲ့။

-【ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု-သာလိကတ္တဇာတ်】

ဘာမှမပြောပလောက်တဲ့ သာမန်အတတ်ကလေးက
ငဆွံ့ကို ကျေးဇူးပြုသွားတာပါ။
ပြီးတော့ စကားများတဲ့သူဆို ဘယ်သူဖြစ်ဖြစ်
မနှစ်မြို့တာလည်း သတိထားစရာပါ။

သိပ္ပံအရ လက်နဲ့ ပြုလုပ်ရတဲ့ “လက်မှုပညာ”တွေ
ယူရမယ်လို့ အဋ္ဌကထာမှာ ဖွင့်ပြထားပါတယ်။
စာထဲမှာတော့ သိပ္ပံအရ “လက်မှုပညာ(၆၄)ပါး”ကိုတောင်
ထုတ်ပြထားပါတယ်။ဂျာနယ်စာမျက်နှာငဲ့ပြီး
အဒီ “အတတ်ပညာ(၆၄)ပါး”ကို ရေးပြမနေတော့ပါဘူး။
အဲဒီခေတ်ကပေါ်ထွန်းခဲ့တဲ့ အတတ်ပညာတွေ
ရေးပြထားတာပါ။

နုပျိုခြင်းဆိုတာ ဘ၀မှာ တစ်ကြိမ်သာရတဲ့ အခွင့်အရေးပါ။
နုပျိုတုန်းမှာ “အသက်မွေးမှု တစ်ခုပညာ၊ကိုယ်ဆီပါ”
ဆိုတဲ့ အတိုင်း အသက်မွေးဖို့အတွက် ပညာတစ်ခုခုကို
သင်ကိုသင်ရပါ့မယ်။အဲဒီလို အတတ်ပညာတစ်ခုခုကို
သင်နေတုန်းက ကိုယ့်သန္တာန်မှာ
“သိပ္ပမင်္ဂလာ”ဖြစ်ထွန်းနေတာပါ။

●လူငယ်တစ်ယောက်အတွက် ဘ၀မှာ ရွေးချယ်စရာ
အတတ်ပညာတွေ အများကြီးနဲ့ ကြုံရတတ်ပါတယ်။
အထူးသဖြင့် ဆယ်တန်းအောင်ပြီးစ၊
လူငယ်တစ်ယောက်အတွက် ပိုပြီးကြုံရပါတယ်။
ဒီတော့ “ကိုယ်ဘာကို တန်ဘိုးထားသလဲ၊
ဘာကိုမြတ်နိုးသလဲ၊ ဘာကိုဝါသနာပါလဲ”
စသည်ဖြင့် မှန်ကန်စွာ ဆုံးဖြတ်တတ်ဖို့ လိုပါတယ်။
●သူများ ဆေးတက္ကသိုလ်တက်တိုင်း
ကိုယ်ကသွားတတ်စရာ မလိုပါဘူး။
●သူများ စက်မှုတက္ကသိုလ်တက်တိုင်း
သွားတတ်စရာမလိုပါဘူး။

ကိုယ် ဘယ်ဘာသာရပ်ကို တန်ဘိုးထားသလဲ။
ကိုယ်တန်ဘိုးထားတဲ့ ဘာသာရပ်ကို ရွေးချယ်မိလိုက်ဖို့ပါ၊၊
ဘာသာရပ်တစ်ခုကို ရွေးချယ်လိုက်ပြီဆိုရင်တော့
ကိုယ်ရွေးချယ်လိုက်တဲ့ ဘာသာရပ်ကို
အကောင်းဆုံးဖြစ်အောင်တည်ဆောက်ယူရပါ့မယ်။

တလောက ကျောင်းသူတစ်ယောက်က
မောင်နှမသုံးယောက်ထဲမှာ သူကရိုးရိုးတက္ကသိုလ်ပဲ
တက်နေရပြီး၊ကျန်နှစ်ယောက်က ဆေးတက္ကသိုလ်
တက်နေတဲ့အတွက် အားငယ်တဲ့အကြောင်းပြောပါတယ်။
အမေလုပ်သူကလည်း သူ့သမီးအတွက် ကူပြီး၊
အားငယ်ပေးနေလိုက်ပါသေးတယ်။

ဘယ်ဘာသာယူထားလဲလို့ မေးတော့ “ဥပဒေ”တဲ့၊၊
ဒီတော့ မိမိက နားလည်ခံယူထား
သလောက်ပြောပြပါတယ်။

“နိုင်ငံတစ်ခုမှာ ဆရာဝန်တွေနဲ့ချည်း တည်ဆောက်လို့
မရပါဘူး။
●အင်ဂျင်နီယာလည်း ပါရမယ်။
●စိုက်ပျိုးရေးသမားလည်း ပါရမယ်။
●ကွန်ပျုတာသမားလည်း ပါရမယ်။
●စာရင်းကိုင်သမားလည်း ပါရမယ်။
●ဥပဒေသမားလည်း ပါရမယ်။
●လယ်သမား၊ ဆိုက်ကားသမား၊
ဈေးသည်၊နောက်ဆုံး
မိလ္လာသယ်တဲ့ သူလည်းပါရမယ်။
ဒါပေမဲ့ ကိုယ်လုပ်နေတဲ့ အလုပ်ကိုတော့
အကောင်းဆုံး၊အတော်ဆုံးဖြစ်အောင်
တည်ဆောက်ယူရမယ်။

ကျောင်းမှာ သင်နေရတဲ့ ဥပဒေအပြင်၊ အပြင်မှာ
ဥပဒေပညာရှင်တွေ ဖွင့်နေတဲ့ သင်တန်းမျိုးစုံကိုလည်း
တက်နေမယ်။နိုင်ငံတကာကလာတဲ့ ဥပဒေနဲ့ပတ်သက်တဲ့
စာအုပ်တွေကိုလည်း ဖတ်နေမယ်။အင်တာနက်ကတဆင့်
ဥပဒေနဲ့ ပတ်သက်တဲ့ သတင်းတွေ၊
ဆုံးဖြတ်ချက်ပညာရပ်တွေကိုလည်းကြည့်နေမယ်။
နောက်ဖြစ်နိုင်မယ်ဆိုရင် နိုင်ငံခြားတက္ကသိုလ်တစ်ခုခုက
ဥပဒေဘွဲ့ တစ်ခုခုကိုလည်း ဆက်ယူလိုက်မယ်ဆိုရင်
နိုင်ငံတွင်မကဘဲ၊ကမ္ဘာမှာ “အကောင်းဆုံး
ဥပဒေပညာရှင်”တွေထဲမှာကိုယ်လည်း တစ်ယောက်
အပါအ၀င် ဖြစ်လာလိမ့်မယ်။
နိုင်ငံတစ်ခုမှာ ဥပဒေနဲ့ ပတ်သက်လာရင် ဥပဒေသမားကိုပဲ
တိုင်ပင်ဆွေးနွေးရမှာ။ဆရာဝန်ကို သွားတိုင်ပင်ဆွေးနွေးလို့
ဘယ်ရမလဲ။ကိုယ်ဘာသာရပ်မှာ ကိုယ်က
ခေတ်စကားနဲ့ ပြောရရင် ဆရာကြီးဖြစ်နေဖို့ အရေးကြီးတယ်။”

အဲဒီလိုပြောပြီး ဆရာအောင်သင်း၊ဆရာလူထုစိန်ဝင်း၊
ဆရာနန္ဒသိန်းဇံ၊ ဆရာဖေမြင့်၊တို့ရဲ့ ဖတ်သင့်ဖတ်ထိုက်တဲ့
စာအုပ်တစ်ချို့ကိုလည်း ညွှန်ဖြစ်လိုက်ပါသေးတယ်။

ကျောင်းအတွင်းမှာ ရွေးချယ်စရာတွေများသလို၊
ကျောင်းပြင်ပမှာလည်း ရွေးချယ်စရာတွေ အများကြီးပါ။
အားကစား၊စာပေ၊ရုပ်ရှင်၊ဂီတ၊ကုန်ရောင်းကုန်ဝယ်၊
အကျိုးဆောင်စသည်ဖြင့် အများကြီးပါ။
●ကိုယ်က အကောင်းဆုံးအားကစားသမား၊
●အကောင်းဆုံးအယ်ဒီတာ၊
●အကောင်းဆုံးသရုပ်ဆောင်၊
●အကောင်းဆုံးဒါရိုက်တာ၊
●အကောင်ဆုံးအဆိုတော်၊
●အကောင်းဆုံးသီချင်းရေးဆရာ၊
●အကောင်းဆုံးဈေးသည်၊
●အကောင်းဆုံးအကျိုးဆောင်ဖြစ်ဖို့ပဲ အရေးကြီးပါတယ်။

ဆိုပါစို့။ကိုယ်က “စီမံခန့်ခွဲမှုပညာရပ်” ကို စိတ်ဝင်စားတယ်။
ကျောင်းပြီးတာက “မြန်မာစာ” ။ဒါပေမယ့် ဘာဖြစ်လဲ။
အပြင်မှာ စီမံခန့်ခွဲမှု သင်တန်းမျိုးစုံကို လိုက်တက်နေမယ်။
စီမံခန့်ခွဲမှုနဲ့ ဆိုင်တဲ့ စာအုပ်တွေ တစ်လသုံးအုပ်နှုန်း
အနည်းဆုံး ဖတ်ပစ်နေလိုက်မယ်။အင်တာနက်ကတဆင့်
စီမံခန့်ခွဲမှုနဲ့ဆိုင်တဲ့စာအုပ်တွေကိုလည်း ရှာဝယ်ဖတ်နေလိုက်မယ်။
အဲဒီလိုသာ တစ်စိုက်မတ်မတ်လုပ်ပစ် လိုက်စမ်းပါ။
သုံးနှစ်လောက်ကြာလာတဲ့အခါ “အကောင်းဆုံး
စီမံခန့်ခွဲမှုပညာရှင်” တစ်ယောက် ဖြစ်လာပါလိမ့်မယ်။
ဒါဆို ကုမ္ပဏီများစွာက အသင့်ကြိုနေမှာပါ။

■ နောက်ဆုံး မုန့်ဟင်းခါးရောင်းမယ်ဆိုရင်တောင်
“အကောင်းဆုံးမုန့်ဟင်းခါးသည်” ဖြစ်အောင်
တည်ဆောက်ယူရပါ့မယ်။

■ မုန့်ဟင်းခါးချက်နေတဲ့ အချိန်မှာ ခန္ဓာကိုယ်ကို
သန့်ရှင်းနိုင်သမျှ သန့်ရှင်းအောင်ထားပြီးချက်မယ်။
ပုဂံ၊ခွက်၊ဇွန်းတွေကိုလည်း သန့်သန့်ရှင်းရှင်း ဆေးကြောပေးမယ်။
ပြီးတော့ “ငါတို့မိသားစု ထမင်းစားနေရတာ ဒီဈေးဝယ်သူတွေကို
အမှီပြုပြီး စားနေရတာ။ဈေးဝယ်သူတွေဟာ ငါတို့ရဲ့
ကျေးဇူးရှင်တွေ။ဈေးဝယ်သူတွေကို အစဉ်သဖြင့်
မေတ္တာပို့ နေသင့်တယ်” ဆိုပြီး မုန့်ဟင်းခါးချက်နေဆဲမှာလည်း
“ဒီနေ့ ငါတို့ဆိုင်ကို လာစားမယ့် စားသုံးသူတွေ
ကိုယ်ဆင်းရဲကင်းပါစေ၊ စိတ်ဆင်းရဲကင်းပါစေ၊”
စသည်ဖြင့် မေတ္တာပို့ပေးနေမယ်။
နောက်ဈေးရောင်းနေဆဲမှာလည်း မေတ္တာတွေ
ဆင့်ကာဆင့်ကာပို့နေမယ်ဆိုရင် ပစ္စုပ္ပန်ဘ၀အတွက်
သာမကဘဲ၊တစ်မလွန်အတွက်ပါ အကျိုးပေးနေပါလိမ့်မယ်။

■ ဒါတင်မကပါဘူး။ မေတ္တာပို့နေတဲ့လူတစ်ယောက်ရဲ့
သန္တာန်မှာ “လောဘ၊ ဒေါသ၊မာန၊ဣဿာမစ္ဆရိယ”
စတဲ့ အကုသိုလ်တရားတွေကိုလည်း ပယ်ပြီးသား
ဖြစ်နေသလို မေတ္တာရဲ့ အကျိုးတွေဖြစ်တဲ့
“ချမ်းသာအိပ်နိုး၊ အိပ်မက်ဆိုးကင်း၊
ချစ်ခြင်းလူနတ်၊နတ်စောင့်တတ်လျက်၊
လက်နက်ဆိပ်မီး၊မရောက်ပြီးခဲ့၊
စိတ်လည်းတည်စွာ၊မျက်နှာကြည်လင်၊
သေလျှင်မတွေ၊သေသောအခါ ဗြဟ္မာ့ရွာ၊
လားရာမေတ္တာအကျိုးတည်း။” ဆိုတဲ့အတိုင်း
“မေတ္တာရဲ့အကျိုး(၁၁)မျိုး” ကိုလည်း ရရှိခံစားရဦးမှာပါ။

●ဆေးတက္ကသိုလ် တက်တက်၊
●စိုက်ပျိုးရေးတက္ကသိုလ် တက်တက်၊
●နိုင်ငံခြားဘာသာ တက္ကသိုလ်ပဲ တက်တက်၊
●အယ်ဒီတာပဲ လုပ်လုပ်၊
●ဂျာနယ်လစ်ပဲ လုပ်လုပ်၊
●ကျူရှင်ဆရာပဲ လုပ်လုပ်၊
●မုန့်ဟင်းခါးပဲ ရောင်းရောင်း၊
●ဒရိုင်ဘာပဲ လုပ်လုပ်၊
●စပယ်ယာပဲ လုပ်လုပ်၊
●စည်ပင်မိလ္လာသယ်တဲ့သူပဲ လုပ်လုပ်၊
“အကောင်းဆုံးဖြစ်ဖို့ နဲ့ မေတ္တာပါဖို့” ပဲအရေးကြီးပါတယ်။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
အပ္ပမာဒေန သမ္ပာဒေထ။
-【အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ) ၏
“မင်္ဂလာအတွေးများ”နှာ ၅၆- ၆၁ မှ-
ကူးယူပူဇော်မျှဝေပါသည်။】
Posted by
www.facebook.com/youngbuddhistassociation.mm
[မင်္ဂလာအတွေးများ(၈)
သိပ္ပဉ္စ ဧတံမင်္ဂလမုတ္တမံ။
“လက်မှုပညာ”တစ်ခုခုကို တက်မြောက်ခြင်းသည်
မြတ်သောမင်္ဂလာမည်၏။
အိုးအိမ်တည်ထောင် ၀မ်းစာရေးနဲ့၊
အသက်မွေးဖို့ အတက်သင်လေ။]
အလင်းတန်းဂျာနယ်(၂၇.၁၀.၂၀၀၃)