တစ်ခါတုန်းက သားအဖနှစ်ယောက် အိမ်ဧည့်ခန်းမှာ
ဆုံကြတော့ အဖေလုပ်တဲ့သူက ဒီလိုစပြောပါတယ်။
“ဟေ့ကောင် မင်း မာတာပိတု ဥပဋ္ဌာနံ
မိဘကိုလုပ်ကျွေးရမယ် ဆိုတဲ့ မင်္ဂလာတရားကို
မကြားဖူးဘူးလား။မင်း အခု ငါ့ကို ဘာလုပ်ကျွေးဖူးလဲ၊”

ဒီတော့ သားဖြစ်သူကလည်း အောက်ပါအတိုင်း
ပြန်ချေပလိုက်ပါတယ်။

အဖေကလည်း “ပုတ္တဒါရဿသင်္ဂဟော ဆိုတဲ့ မင်္ဂလာတရား
နဲ့အညီ ကျွန်တော်ကို ကျွေးမွေးထောက်ပံ့ဦးမှပေါ့။”

ကိုယ်တာဝန်ကိုယ် မမြင်ကြဘဲ ၊သူများတာဝန်ကိုပဲ
မြင်တတ်ကြတဲ့ သားအဖနှစ်ယောက်ရဲ့
တာဝန်မကျေမှုကို သရော်ထားတဲ့
ပုံဝတ္ထုလေးပဲပြောပါတော့။

ရေးနေကြအတိုင်း သာဓက၀တ္ထုလေးကို
ဆက်ရေးပြလိုက်ပါရစေဦး။

တစ်ခါတုန်းက သိကြားမင်းဟာ ရထားထိန်း
“မာတလိနတ်သား”ကို ဟိုဟိုဒီဒီ လှည့်လည်ဖို့
ရထားပြင်ခိုင်းလိုက်ပါတယ်။
မာတလိနတ်သားလည်း သိကြားမင်း ခိုင်းတဲ့အတိုင်း
ရထားကို ပြင်ဆင်လိုက်တယ်ပေါ့။

ရထားပြင်ပြီးတော့ ပြင်ပြီးတဲ့အကြောင်း သိကြားမင်းကို
သွားအကြောင်းကြားပါတယ်။ ဒီတော့ သိကြားမင်းက
ဝေဇယန္တာ ပြာဿဒ်ကဆင်းပြီး ရထားပေါ်မတက်ခင် ၊
လက်အုပ်ချီပြီး “အရပ်လေးမျက်နှာ” ရှိခိုးနေပါသတဲ့။

သိကြားမင်းက အရပ်လေးမျက်နှာ ရှိခိုးနေတော့
မာတလိနတ်သားလည်း နည်းနည်းအံ့သြသွားပါတယ်။
ဒါကြောင့် သိကြားမင်းကို မေးကြည့်လိုက်ပါတယ်။

“အရှင်သိကြားမင်း….ကမ္ဘာမြေမှာ ရှိတဲ့ပုဏ္ဏားတွေ၊
မင်းတွေ၊လူတွေ၊ နတ်ပြည်မှာ ရှိတဲ့နတ်မင်းကြီးတွေကသာ
သိကြားမင်းကိုရှိခိုးကြပါတယ်။ အခု အရှင်သိကြားမင်းက
ဘယ်သူ့တွေကို ရှိခိုးနေတာပါလဲ။”

“ဟုတ်တယ် မာတလိ၊ သင်ပြောတာမှန်ပါတယ်။
ငါရှိခိုးနေတဲ့ သူတွေကတော့
● သီလရှိတဲ့ ရဟန်းတော်တွေရယ်၊ ပြီးတော့
● တရားနဲ့အညီ သားမယားကိုလုပ်ကျွေးထောက်ပံ့နေတဲ့
လင်ယောက်ျားတွေရယ်၊ သူတို့နှစ်ဦးကို ရှိခိုးနေတာပါ။”

“အရှင်သိကြားမင်း သီလရှိတဲ့ရဟန်းတော်တွေကို
ရှိခိုးတာတော့ထားလိုက်ပါတော့။ သားမယားကို
လုပ်ကျွေးထောက်ပံ့ နေတဲ့ လင်ယောက်ျားတွေကို
ဘာလို့ရှိခိုးရတာလဲ”

“မာတလိရေ ၊ ငါရှိခိုးနေတာ လူဆိုတဲ့ သတ္တ၀ါ
ပညတ်ကို ရှိခိုးနေတာမဟုတ်ပါဘူး၊ သူရဲ့
တာဝန်ကျေတတ်တဲ့ဂုဏ် ကို ရှိခိုးတာပါ။”

သိကြားမင်းလည်းမာတလိရဲ့ အမေးကို
ဖြေပြီးတာနဲ့ ရထားပေါ်ကို တက်သွားပါတော့တယ်။
-【သံယုတ် ပါဠိတော်၊ ပတွဲ၊ ဂဟဋ္ဌ၀န္ဒနာသုတ်】

သားမယားအပေါ်တာဝန်ကျေပွန်တဲ့ ယောက်ျားတွေကို
သိကြားမင်းကတောင် ရှိခိုးတယ်လို့ စာမှာဆိုထားပါတယ်။
အထက်ပြခဲ့တဲ့ သားအဖနှစ်ယောက်လို လူမျိုးကို
သိကြားမင်းကတွေ့ခဲ့မယ်ဆိုရင်တော့ ရှိခိုးဖို့ နေနေသာသာ ၊
“၀ရဇိန်လက်နက်” နဲ့တောင် ပစ်ထည့်ချင်စိတ်
ပေါက်သွားမလား မသိပါဘူး။

လူဆိုတာ မွေးလာကတည်းက လောက
တာဝန်တွေ ကပ်ပါလာပြီးသားပါ။
●ကိုယ့်အတွက် တာဝန်၊
●ကိုယ့်မိသားစုအတွက် တာဝန်၊
●ကိုယ့်မိတ်ဆွေအတွက် တာဝန်၊
●ကိုယ့်လူမျိုးအတွက် တာဝန်၊
●ကိုယ့်နိုင်ငံအတွက် တာဝန် စသည်ဖြင့်ပေါ့။

☆တချို့က လောကကြီးထဲရောက်လာတယ်။
လောကတာဝန်တွေကို ကျေပွန်စွာ ဆောင်ရွက်ပြီး ၊
လောကကြီးထဲက ပြန်ထွက်သွားတယ်။
☆တစ်ချို့က လောကကြီးထဲ ရောက်လာတယ်။
လောကတာဝန်တွေ ဘာတစ်ခုမှ မလုပ်ဘဲ ၊
လောကကြီးထဲက ပြန်ထွက်သွားတယ်။
☆အဲဒီတော့ လောကကြီးထဲမှာ ကိုယ့်က ဘယ်လို
လူသားတစ်ယောက်အဖြစ်နဲ့ နေသွားချင်တာလဲ …. ?။

တာဝန်မဲ့မဲ့နဲ့ အနှစ်တစ်ရာပတ်လုံး အသက်ရှင်
နေရတာထက် တာဝန်တွေနဲ့ တစ်ရက်ပဲ
အသက်ရှင်နေရတာက ပိုမြတ်ပါတယ်။

စာရေးသူနဲ့ ခင်တဲ့ ကဗျာဆရာ၊ စာရေးဆရာ
တစ်ချို့ ရှိပါတယ်။ သူတို့ရေးတဲ့ ကဗျာတွေ၊
ဝတ္ထုတွေဟာ တကယ့် အနုပညာမြောက် စာပေတွေပါ။
ဒါပေမယ့် ကိုယ့်အိမ်ရဲ့ ဆန်အိုးထဲမှာ ဆန်ရှိတယ် ၊
မရှိဘူးဆိုတာ သူတို့ မသိဘူး။

မယားလုပ်သူ နဲ့ သားသမီးတွေ စားဝတ်နေရေးကို
ဘယ်လိုဖြေရှင်းနေတယ်ဆိုတာ သူတို့မသိဘူး။
ရလာတဲ့ “စာမူခ”ဆိုတာလည်း “အရက်”
သောက်ပစ်တာနဲ့ ကုန်တာပါပဲ။

စာပေသမားပဲဖြစ်ဖြစ် ၊ အနုပညာသမားပဲဖြစ်ဖြစ် ၊
ကုန်သည်ပဲဖြစ်ဖြစ် ၊ကုမ္ပဏီပိုင်ရှင်ပဲဖြစ်ဖြစ်၊
ဆိုက်ကားသမားပဲဖြစ်ဖြစ်၊ သူတောင်းစားပဲဖြစ်ဖြစ်၊
မိသားစုရှိရင် မိသားစုအပေါ်တာဝန်ကျေရမှာပါ။
တာဝန်မယူချင်ရင် အစကတည်းက အိမ်ထောင်မပြုရုံပါပဲ။

မင်္ဂလာတရားတော်အရ “ပုတ္တဒါရဿသင်္ဂဟော”
သားမယားကို ချီးမြှောက်ခြင်းတဲ့။
အဲဒီမှာ သင်္ဂဟ=ချီးမြှောက်ခြင်း၊ဘာနဲ့ ချီးမြှောက်မလဲ။
“သင်္ဂဟတရားလေးပါး” နဲ့ ချီးမြှောက်ရုံပါပဲ။

သင်္ဂဟတရားလေးပါးဆိုတာက-
(၁)။ ဒါန=ပစ္စည်းဝတ္ထု ငွေကြေးပေးခြင်း။
(၂)။ ပေယျဝဇ္ဇ=ချစ်ဖွယ်စကားသာ ပြောကြားခြင်း။
(၃)။ အတ္ထစရိယာ=သူ့ရဲ့အကျိုးစီပွါးကို ပြုကျင့်ပေးခြင်း။
(၄)။ သမာနတ္တတာ=ကိုယ်နဲ့ တန်းတူထား၍ ဆက်ဆံခြင်းတို့ပါပဲ။
သင်္ဂဟတရားလေးပါးကို ကိုယ်ကိုယ်တိုင်ပဲ ချဲ့ထွင်ပြီး သိပါတော့။

ကိုယ့်သားမယားမွှေးနေ့မှာ မွှေးနေ့လက်ဆောင်ပေးတာ၊
ပွဲလမ်းသဘင်ရှိရင် လိုက်ပို့တာ စသည်ဖြင့်ပေါ့။
ဒါတွေကတော့ “လောကီနည်း” နဲ့ ချီးမြှောက်မှုတွေပါ။

နောက်တဆင့်တက်ပြီး ဒါနတွေပြုဖြစ်အောင်၊
သီလတွေဆောက်တည်ဖြစ်အောင်၊
ဝိပဿနာတွေ ပွားများဖြစ်အောင်၊ စီစဉ်ပေးနိုင်ရပါမယ်။
မိဘကိုလုပ်ကျွေးတာ ကြွေးဟောင်းဆပ်တာ။
သားမယားကို လုပ်ကျွေးတာ ကြွေးသစ်ချတာဆိုတော့
တာဝန်ဆိုတာကြီးက အရိပ်တစ်ခုလို့ ကပ်ပါလာပြီးသားပါ။
လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ
လုပ်ကိုလုပ်ရတော့မှာပါ။

ဒီတော့ တာဝန်ကို တာဝန်လို့ သဘောမထားတော့ဘဲ၊
တရားသဘောပါအောင် ဆောင်ရွက်နိုင်ရင်တော့
အကောင်းဆုံးပါပဲ။ဆိုပါစို့။

►ယောက်ျားလုပ်သူက ကိုယ့်မယားကို
တစ်နေ့တာရှာလို့ရတဲ့ ငွေတွေကိုအပ်တော့မယ်ဆိုရင်
ဒီအတိုင်းမပေးသေးဘဲ၊ “ဒီငွေတွေ သုံးပြီး ငါ့ဇနီး ၊
ငါ့သားသမီးတွေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ၊
စိတ်ဆင်ရဲခြင်း ကင်းပါစေ၊
လောကီအကျိုး လောကုတ္တရာအကျိုးတွေ
ဆောင်ရွက်နိုင်ပါစေလို့” မေတ္တာပို့ ပြီးပေးရင်၊
“မင်္ဂလာကုသိုလ်”အပြင်၊ “ဒါနကုသိုလ်၊ မေတ္တာကုသိုလ်”တွေလည်းရသွားပါတယ်။

►ဒီလိုပါပဲ မယားလုပ်သူကလည်း
လင်ယောက်ျားလုပ်သူဆီက ရလာတဲ့ ငွေတွေနဲ့
ထမင်းဟင်းချက်တဲ့အခါ၊ ပြင်ဆင်ပြီး
ကျွေးမွေးရတဲ့အခါတွေမှာ ငါချက်ထားတဲ့
ထမင်းဟင်းတွေစားပြီး ငါ့လင်သား၊
ငါသားသမီးတွေ ကိုယ်ဆင်းရဲ ကင်းပါစေ၊
စိတ်ဆင်းရဲ ကင်းပါစေ၊ လောကီအကျိုး ၊
လောကုတ္တရာအကျိုးတွေ ဆောင်ရွက်နိုင်ပါစေလို့
မေတ္တာပို့ပြီး ထမင်းဟင်းချက်မယ် ၊
ကျွေးမယ်ဆိုရင် မင်္ဂလာကုသိုလ်အပြင်၊
“ဒါနကုသိုလ်၊ မေတ္တကုသိုလ်” တွေပါ ပူးတွဲရနေတာပါ။

လင်းမယားနှစ်ယောက် ဒီလိုအပြုအမူတွေနဲ့
အပြန်အလှန် ပြုမူနေတာမှ တကယ့်
မင်္ဂလာဆောင်တာ အစစ်ပါ။
အဲဒီလို အပြုအမူတွေနဲ့ အပြန်အလှန် နေ့စဉ်
မင်္ဂလာဆောင်ဖြစ်နေတဲ့ လင်မယားနှစ်ယောက်ရဲ့
အိမ်ဟာ “မင်္ဂလာဂေဟာလေး” ဖြစ်နေပါလိမ့်မယ်။

“မင်္ဂလာဂေဟာလေး” ဖြစ်ဖို့ လင်မယား
နှစ်ယောက်လုံးမှာ တာဝန်ရှိပါတယ်။
မင်္ဂလာဂေဟာလေးမှာနေနေတဲ့ မိသားစုဟာ
ပစ္စုပ္ပန်ဘ၀မှာလည်း ကိုယ်ချမ်းသာ၊
စိတ်ချမ်းသာ နဲ့ နေကြရမှာပါ။
ဒီတော့ ဘာလုပ်မလဲ… ?

လင်မယားနှစ်ယောက်လုံး နေ့စဉ်၊နေ့တိုင်း
မင်္ဂလာဆောင်ဖြစ်နေဖို့ပါပဲလေ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
အပ္ပမာဒေန သမ္ပာဒေထ။
-【အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ) ၏
“မင်္ဂလာအတွေးများ” နှာ ၈၀- ၈၅မှ-
ကူးယူပူဇော်မျှဝေပါသည်။】
Posted by
www.facebook.com/youngbuddhistassociation.mm
[မင်္ဂလာအတွေးများ(၁၂)
ပုတ္တဒါရဿသင်္ဂဟော၊ ဧတံမင်္ဂလမုတ္တမံ။
သားမယားကို ချီးမြှင့်ထောက်ပံ့ခြင်းသည်
မြတ်သောမင်္ဂလာမည်၏။
ကြွေးသစ်ချကာ သားနှင့်မယားကို၊
မြှောက်စားချီးမြင့် ၀တ်ကုန်စေ။]
အလင်းတန်းဂျာနယ် (၂၄၊၁၁၊၂၀၀၃)