ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်တို့သည် “ကထိန်ခင်းခြင်း၊
ကထိန်အလှူပွဲပြုလုပ်ခြင်း”တို့ကို အလွန်ပင်
စိတ်ဝင်စားကြ ပေသည်။
ကထိန်အလှူများသို့ မိသားစုတို့
တပျော်တပါး သွားလေ့ရှိကြပေသည်။
ကထိန်အလှူရှင်များကလည်း ဝမ်းမြောက်ဝမ်းသာ
ကြိုဆို ကျွေးမွေးလေ့ရှိကြပေသည်။
စားဖွယ်သောက်ဖွယ်တို့ကို အထူးစီမံ၍
ကျွေးမွေးလေ့ရှိကြပေသည်။
ကထိန်အလှူပွဲသို့ လာရောက်ကြသူများကလည်း
ပျော်ပျော်ပါးပါး သုံးဆောင် မှီဝဲစားသောက်ကြပေသည်။
ကထိန်တရားကိုလည်း ကထိန်အလှူရှင်များနှင့်အတူ
နာယူလေ့ရှိကြပေသည်။
၁-နှစ်မှ တကြိမ် လှူဒါန်းခွင့်ရသောကြောင့်
အလွန်အကျိုးကြီးမြတ်သည်ဟု ယုံကြည်ကြပေသည်။
“သင်္ကန်းမှာ ကထိန်၊ကျောင်းမှာ သိမ်”-ဟူ၍ပင်
ဆိုရိုးပြုကြပေသည်။

“ကထိန်နှင့်စပ်၍ သိဖွယ်ရာများမှာ- “
~~~~~~~~~~~~~~~~~~~~~~~~~
(၁)။ ကထိန်ဆိုသည့်စကား၏ အဓိပ္ပါယ်
(၂)။ ခင်းဆိုသည့် စကား၏ အဓိပ္ပါယ်
(၃)။ ကထိန်ခင်းရခြင်း အကြောင်း
(၄)။ ကထိန်ခင်းရခြင်း အကျိုး
(၅)။ ကထိန်အလှူ မွန်မြတ်သည်ဟု ဆိုရခြင်း
“ဤ ၅-မျိုး”မှာ သိဖွယ်ရာကောင်းလှပေသည်။

(၁)။ ကထိန်ဆိုသည့်စကား၏ အဓိပ္ပါယ်
•••••••••••••••••••••••••••••••••••••••••••
ကထိန်-ဟူသောစကားသည် “ကထိန”-
ဟူသော ပါဠိစကားမှ သက်ဆင်းဖြစ်ပေါ်လာသော
စကား ဖြစ်ပေသည်၊
ကထိန်-ဟူသောပါဠိက “မြဲခြင်း”-ဟူသော
အနက်ကို ဟောပါသည်။
မြဲခြင်းအမျိုးမျိုးတို့တွင် “အချိန်ကာလ မြဲခြင်းနှင့်
အကျိုးတရား မြဲခြင်း” တို့ကို ဟောပါသည်၊
ကထိန်-ဟူသည် အချိန်ကာလအားဖြင့်လည်း မြဲ၏။
အကျိုးတရားအားဖြင့်လည်း မြဲ၏-ဟု အဓိပ္ပါယ်ရပါသည်။

“အချိန်ကာလမြဲပုံ”
~~~~~~~~~~~~
မြတ်စွာဘုရား သတ်မှတ်ပေးထားသော
အချိန်ကာလအတွင်းမှာသာ ကထိန်ခင်းခြင်းကို
ပြုလုပ်ကြရ သောကြောင့် ကထိန်သည်
အချိန်ကာလအားဖြင့် မြဲပေသည်။

သီတင်းကျွတ် လပြည့်ကျော် ၁-ရက်နေ့မှစ၍
တန်ဆောင်မုန်း လပြည့်နေ့တိုင်အောင်
တလအတွင်းမှာသာ ကထိသင်္ကန်းလှူခြင်း၊
ကထိန်ခင်းခြင်းကို ပြုလုပ်ရမည်ဟု
မြတ်စွာဘုရား၏ အမိန့်အာဏာတော်ဖြင့်
ပိုင်းခြားသတ်မှတ်ပေးထားသောကြောင့်
တလအတွင်းမှာသာ ကထိန်ခင်းခြင်းကို
ပြုလုပ်ကြရပေသည်။
အခြားသော နတ်တော် ၊ပြာသိုလ်၊ တပို့တွဲ စသော
လများသို့ ပြောင်းရွှေ့ကာ ကထိန်ခင်း၍ မရကြပေ။
သို့ဖြစ်၍ ကထိန်သည် အချိန်ကာလအားဖြင့်
မြဲခြင်းဖြစ်ပေသည်။
ဆောင်။ ။ အချိန်ကာလ၊ပြောင်းမရ၊မြဲလှကထိန်မည် ။

“အကျိုးမြဲပုံ”
~~~~~~~~~~~~
ကထိန်ခင်းသောကျောင်းတိုက်၌ နေထိုင်ကြသည့်
(ပုရိမ၀ါမှ ထသော) ရဟန်းတော်တို့သည်
ကထိန်အကျိုး ၅-ပါးကို ရရှိစေ-ဟု မြတ်စွာဘုရား
ခွင့်ပြုပေးသနားတော်မူသော အကျိုးတရား ၅-ပါးကို
သီတင်းကျွတ်လပြည့်ကျော် ၁-ရက်နေ့မှစ၍
တပေါင်းလပြည့်နေ့တိုင်အောင် ၅-လအထိ မြဲစွာတည်နေ၏၊
တပါးသောလများသို့ ကထိန်အကျိုးတရားများ
ပြောင်းသွားခြင်း ရွေ့သွားခြင်း မရှိပေ။
သို့ဖြစ်၍ ကထိန်သည် အကျိုးတရားအားဖြင့်လည်း
မြဲခြင်းဖြစ်ပေသည်။
ဆောင်။ ။ အကျိုးတရား၊ ရွေ့မသွား၊ မြဲငြား ကထိန်မည်။

(၂)။ “ခင်းခြင်း”
•••••••••••••••••••••••
“ခင်းခြင်း” ဟူသည်- ကထိန်အကျိုးများကို
ကျယ်ပြန့်သွားအောင် ပြုလုပ်ခြင်းပင် ဖြစ်ပေသည်၊
ကထိန်မခင်းသော ကျောင်းတိုက်၌ နေထိုင်ကြသော
ရဟန်းတော်တို့သည် “သီတင်းကျွတ်လပြည့်ကျော် ၁-ရက်မှ
စ၍ တန်ဆောင်မုန်းလပြည့်နေ့အထိ ၁-လသာ”
ကထိန်အကျိုးကို ရရှိကြပေသည်၊
ကထိန်ခင်းသော ကျောင်းတိုက်၌ နေထိုင်ကြသော
ရဟန်းတော်တို့သည် ၁-လမှ ၅-လအထိ
ကျယ်ပြန့်၍ အကျိုးတရားများကို ရရှိကြပေသည်။
ဆောင်။ ။ တလကျိုးကား၊
ငါးလပွား၊ ပြန့်သွားခင်းသည်မည်။

ဥပမာ-မိမိတို့အိမ်သို့ ဧည့်သည်များ ရောက်ရှိလာ၍
ငါးခေါက်ခေါက်ထားသော ကော်ဇောကြီးကို
ခင်းချ ဖြန့်ချလိုက်သောအခါ တဆမှ ငါးဆသို့
ကျယ်ပြန့်သွားသကဲ့သို့ ထို့အတူ ဒကာ ၊ဒကာမများက
ကထိန်သင်္ကန်းကို လှူဒါန်းလိုက်သောအခါ
သံဃာတော်များက ဝိနည်းကံဖြင့်
ကထိန်ခင်းလိုက်သည်ရှိသော်
သီတင်းကျွတ်လပြည့်ကျော် ၁-ရက်နေ့မှစ၍
တန်ဆောင်မုန်းလပြည့်နေ့အထိ ၁-လသာ
ရရှိသော အကျိုးမှ တပေါင်းလပြည့်နေ့တိုင်အောင်
၅-လအထိ ကထိန်အကျိုးတရားများ ကျယ်ပြန့်သွားပေသည်။
ကထိန်အကျိုးတရား ၅-ပါးကို ရဟန်းတော်များ
၁-လမှ ၅-လအထိ ကျယ်ပြန့်စွာ ခံစားခွင့် ရရှိကြပေသည်။

ဤကဲ့သို့ ဒကာ ဒကာမများက သင်္ကန်းလှူ၍
ဆရာတော် သံဃာတော်များက ၁-လမှ ၅-လအထိ
ကထိန်အကျိုးတရား ကျယ်ပြန့်သွားအောင်
ဝိနည်းကံဖြင့် ပြုလုပ်ခြင်းကိုပင် ခင်းသည်ဟု ဆိုရပါသည်။

(၃)။ “ကထိန်ခင်းရခြင်းအကြောင်းမှာ-”
•••••••••••••••••••••••••••••••••••••••••••
မြတ်စွာဘုရားလက်ထက်တော်အခါက
ပါဝေယျကတိုင်းသား ရဟန်း (၃ဝ) တို့သည်
မြတ်စွာဘုရားကို ဖူးမြင်ဖို့ရာ ရောက်လာကြရာတွင်
သင်္ကန်းကို မိုးစိုး၍ သင်္ကန်းဖြင့် ပင်ပန်းနေကြသောကြောင့်
ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူခဲ့ပါသည်။

ပါဝေယျကတိုင်းသား ရဟန်း (၃ဝ)တို့၏
ရဟန်းဖြစ်လာရခြင်းအကြောင်းမှာ-
မြတ်စွာဘုရား ဘုရားဖြစ်ပြီး၍ တဝါရပြီးသောအခါ
ဗာရာဏသီပြည်မှာ ကျွတ်ထိုက်ကြသော
ဝေနေယျများကို ထောက်ထားရှုမျှော်ကာ
အလိုတော်အတိုင်း သီတင်းသုံးနေထိုင်တော်မူပြီးနောက်
ဥရုဝေလတောသို့ ကြွသွားတော်မူ၍ သစ်ပင်ရင်းတခုမှာ
သီတင်းသုံးနေတော်မူ၏၊ ထိုအခါ ကောသလမင်းကြီးနှင့်
ဘတူမိကွဲ ဘဒ္ဒဝဂ္ဂီ ညီနောင် (၃ဝ)တို့သည်
ဥရုဝေလတောထဲသို့ ဇနီးမယားတို့နှင့်တကွ
ဥယျာဉ်ကစား ပျော်ပါးဖို့ရာ ရောက်လာကြပေသည်။
ထိုညီနောင် ၃-ကျိပ်တို့အနက် မင်းသားတယောက်မှာ
ဇနီးမယား မရှိ၍ ပြည့်တန်ဆာမကို အငှါးမယားအဖြစ်
ခေါ်ခဲ့ရသည်၊ ထိုပြည့်တန်ဆာမသည် မင်းသားတို့
မေ့မေ့လျော့လျော့ဖြစ်၍ ပျော်ပါးကစားနေကြစဉ်
မင်းသား၏ ပစ္စည်းဥစ္စာဘဏ္ဍာများကို ခိုးယူ၍
ထွက်ပြေးသွားလေ၏။

မင်းသား (၃ဝ)-တို့သည် ခိုးယူထွက်ပြေးသွားသော
အမျိုးသမီးကို လိုက်ရှာကြရာ မြတ်စွာဘုရားကို
တွေ့မြင်ကြလေ၏၊ မြတ်စွာဘုရားထံ ချဉ်းကပ်၍
အမျိုးသမီးတစ်ယောက်ပျောက်သွားသဖြင့်
လိုက်ရှာကြရသည်ကို လျှောက်ထားကြလေ၏။

မြတ်စွာဘုရားက
“မင်းသားတို့ ယခုငါပြောမည့်စကားကို သင်တို့
ဘယ်လိုမှတ်ထင်ကြသနည်း-သင်တို့သည် ပျောက်သွားတဲ့
အမျိုးသမီးကို ရှာခြင်းနှင့် မိမိကိုယ်ကို ရှာခြင်းတို့တွင်
အဘယ်ရှာခြင်းက ပိုမြတ်ပါသနည်း” -ဟု မေးတော်မူ၏၊

ပါရမီရင့်နေကြသော မင်းသားတို့က “မိမိကိုယ်ကို
ရှာခြင်းက ပို၍မြတ်ပါသည်ဘုရား” - ဟု
လျှောက်ထားကြလေ၏၊
“ဤကဲ့သို့ မိမိကိုယ်ကို ရှာခြင်းက ပိုမြတ်တယ်ဆိုရင်
သင်တို့ ထိုင်ကြကုန်လော့၊ သင်တို့အား ငါဘုရား
တရားဟောမည်”- ဟု မိန့်ကြားကာ တရားဟောတော်မူ၏။
တရား၏အဆုံး၌ မင်းသား (၃၀)တို့သည်
သောတာပန် ဖြစ်သွားကြလေ၏။
မြတ်စွာဘုရားက- “ဧထ ဘိက္ခဝေါ”-ဟု
ခေါ်တော်မူလိုက်ရာ ရဟန်းများဖြစ်သွားကြလေ၏၊

ထိုရဟန်း ၃၀ တို့သည် အာရညကင်ဓုတင်ကို
ဆောက်တည်၍တော၌သာနေကြ၏။
ပိဏ္ဍပါတ်ဓုတင်၊ပံသုကူဓုတင်၊
သင်္ကန်း၃ထည်ဖြင့်သာနေခြင်း
(တိစီဝရိတ်)ဓုတင်တို့ကိုဆောက်တည်၍
နေကြလေကုန်၏။

ထိုရဟန်း(၃၀)တို့သည် ၁၃-နှစ်တိုင်တိုင်
တောအရပ်မှာနေကြပြီးသောအခါ၊
မြတ်စွာဘုရားကို အလွန်ဖူးမြင်လိုကြသောကြောင့်၊
မြတ်စွာဘုရားရှိတော်မူရာ သာဝတ္ထိပြည်သို့ မရောက်မီ
ဝါဆိုဖို့ရာ အချိန်ကျရောက်လာသောကြောင့်
သာဝတ္ထိပြည် နှင့် ၆-ယူဇနာကွာဝေးသော
သာကေတမြို့ မှာ ဝါဆိုကြရပေသည်။

ဝါကျွတ်သည်နှင့် တပြိုင်နက် (ပဝါရဏာပြုကြပြီးလျှင်)
မြတ်စွာဘုရားရှိတော်မူရာ သာဝတ္ထိပြည် သို့ ဦးတည်၍
ခရီးထွက်ကြလေ၏။
လမ်းခရီးအကြားတွင် မိုးကအလွန်ရွာသွန်းသဖြင့်
သင်္ကန်းများ မိုးစို ၊ ရွှံ့ညွှန်များပေကျံ၍
ပင်ပန်းစွာ မြတ်စွာဘုရားထံသို့ ရောက်လာကြလေ၏။

မြတ်စွာဘုရား က-
“ချစ်သားရဟန်းတို့ ကျန်းကျန်းမာမာ
ချမ်းချမ်းသာသာ ရှိကြပါ၏လော-စသည်ဖြင့်
(ပဋိသန္ဓာရ)နှုတ်ဆက်စကား မိန့်ကြားတောမူ၏။
ထို့နောက် အလွန်ဝေးသော ခရီးမှ လာခဲ့ကြပြီးလျှင်၊
သင်္ကန်းများ မိုးစို၍ ရွှံ့ညွှန်များပေကျံ၍ ပင်ပန်းနေကြသော
ရဟန်းသုံးကျိပ်တို့ကိုအကြောင်းပြု၍ ကထိန်ခင်းခြင်းကို
ခွင့်ပြုတော်မူလိုက်ပါသည်။
ယနေ့တိုင်အောင် ကထိန်ခင်းခွင့်ရနေကြပေသည်။

(၄)။ “ကထိန်ခင်းရခြင်း အကျိုးမှာ”-
••••••••••••••••••••••••••••••••••••••••••
ဒကာ ၊ဒကာမများက ကထိန်သင်္ကန်းလှူဒါန်းသဖြင့်
ရဟန်းတော်များက ၀ိနည်းကံဖြင့်
ကထိန်ခင်းလိုက်သော အခါ သီတင်းကျွတ်လပြည့်ကျော်
(၁)ရက်နေ့မှစ၍ တပေါင်းလပြည့်နေ့တိုင်အောင်
“ကထိန်အကျိုး (၅)မျိုး”ကို ရဟန်းတော်များ ရရှိကြပေသည်။
ကထိန်သင်္ကန်း လှူဒါန်းကြသော ဒကာ ဒကာမတို့သည်လည်း
ရဟန်းတော်များရရှိသော အကျိုး(၅)ပါးနှင့် လျော်ညီစွာ
“အကျိုး(၅)ပါး” ရရှိကြပေသည်။

(က) အနာမန္တစာရ-ပင့်ဖိတ်ထားသော ဆွမ်းရှိပါလျက် ၊
ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ ၊
အရပ်တပါးသို့ သွားသော်လည်း အာပတ်မသင့်ခြင်း
အကျိုးကို ရဟန်းတော်များ ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ မပန်မကြား၊ လိုရာသွား၊ ပြစ်များ မသင့်ပြီ။

ကထိန်သင်္ကန်းလှူဒါန်းကြသော ဒကာ၊
ဒကာမတို့သည်လည်း ဖြစ်လေရာ ဘ၀တိုင်း ၊
ဘ၀တိုင်း၌ အရပ်ဒေသ တပါးသို့ သွားလိုသောအခါ
သူတပါးတို့ တားဆီးခြင်းမပြုနိုင်။
လွတ်လပ်စွာ သွားနိုင်ခြင်းအကျိုးကို ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ တားဆီးကင်းကွာ၊ လွတ်လပ်စွာ၊
လိုရာသွားနိုင်သည်။

(ခ) အသမာဒါနစာရ-တိစီဝရိတ် အဓိဋ္ဌာန်တင်ထားသော
သင်္ကန်းသုံးထည်တို့တွင် တထည်ထည်ကို ထားလိုရာ
အရပ်၌ထားကာ သွားသော်လည်း အာပတ်မသင့်ခြင်း
အကျိုးကို ရဟန်းတော်များ ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ သုံးထည်ထဲမှာ၊ ထားလိုရာ၊ ထားကာ သွားနိုင်သည်။

ကထိန်သင်္ကန်းလှူဒါန်းကြသော ဒကာ ၊
ဒကာမတို့သည်လည်း ဖြစ်လေရာ ဘ၀တိုင်း ၊
ဘ၀တိုင်းတို့၌ အရပ်တပါးသို့ သွားလာခြင်းကိစ္စ၊
အလုပ်အကိုင်ကိစ္စတို့ကို ပြုလုပ်သောအခါ
တာဝန်ကိစ္စများ မလေးပါဘဲ ပေါ့ပေါ့ပါးပါး
လွယ်လွယ်ကူကူနှင့် ပြီးမြောက်ခြင်းအကျိုးကို
ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ တာဝန်ကိစ္စ၊ မလေးရ၊
ပေါ့လှလေတော့သည်။

(ဂ) ဂဏဘောဇန- ၄-ပါး ၄-ပါးထက်
ပိုလွန်သော ရဟန်းတော်တို့ကို “ထမင်းစား လာခဲ့ပါ၊
ဟင်းစား လာခဲ့ပါ၊ မုန့်စား လာခဲ့ပါ” စသည်ဖြင့်
မအပ်သော ဖိတ်ခြင်းဖြင့် ဖိတ်အပ်သော
ဆွမ်းဘောဇဉ်များကို စားလိုက လိုက်၍
စားသော်လည်း အာပတ်မသင့်ခြင်းအကျိုးကို
ရဟန်းတော်များ ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ လေးပါးတူပင်၊ ဂိုဏ်းဘောဇဉ်၊
စားချင် စားနိုင်သည်။

ကထိန်သင်္ကန်း လှူဒါန်းကြသော ဒကာ ၊
ဒကာမတို့သည်လည်း ဖြစ်လေရာ ဘ၀တိုင်း
ဘ၀တိုင်း၌ စားလိုရာ အာဟာရအမျိုးမျိုးတို့ကို
စားချင်တိုင်း စားပါသော်လည်း ဗိုက်နာခြင်း၊
ဝမ်းလျှောခြင်း၊ အဆိပ်ဖြစ်ခြင်း စသော
ဘေးဖြစ်ခြင်းမည်သည် မရှိ၊ စားသမျှ
ကြေညက်ခြင်းအကျိုးကို ရရှိကြလေသည်။
ဆောင်ပုဒ်။ ။ စားလိုရာများ၊ စားသော်ငြား၊ ဘေးကားမဖြစ်ပြီ။

(ဃ) ယာဝဒတ္တစီဝရ-များစွာသော သင်္ကန်းတို့ကို
အဓိဋ္ဌာန်မတင်၊ ၀ိကပ္ပနာမပြုပါဘဲ သီတင်းကျွတ်
လပြည့်ကျော် (၁)ရက်နေ့မှစ၍ တပေါင်းလပြည့်နေ့တိုင်အောင်
ငါးလအထိ သိမ်းဆည်းထားပါသော်လည်း
အာပတ်မသင့်ခြင်း အကျိုးကို ရဟန်းတော်များ ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ သင်္ကန်းများစွာ၊ ငါးလမှာ၊ သိမ်းကာထားနိုင်သည်။

ကထိန်သင်္ကန်း လှူဒါန်းကြသော ဒကာ ၊
ဒကာမတို့သည်လည်း ဖြစ်လေရာ ဘ၀တိုင်း၊
ဘ၀တိုင်း၌ စိန်၊ ရွှေ၊ ငွေ၊ ပတ္တမြား စသည်
များစွာသော ရတနာတို့ကို သိမ်းဆည်း
ထားပါသော်လည်း ရန်သူမျိုး(၅)ပါး
ဘေးရန်များ မရှိပါဘဲ ကောင်းမွန်စွာ
သိမ်းဆည်းထားနိုင်ခြင်းအကျိုးကို ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ ပစ္စည်းအများ၊ သိမ်းပိုက်ထား၊
ဘေးကား မရှိပြီ။

(င) ယောစတတ္ထ စီဝရုပ္ပါဒ-ကထိန်ခင်းပြီးသည်မှ
နောက်၌ ကထိန်ခင်းသော ကျောင်းတိုက်သို့
တပါးသော ကျောင်းတိုက်က သံဃာတော်များ
လာရောက်နေထိုင်ကြရာတွင် သံဃာအားလုံးအတွက်
သင်္ကန်းလှူဒါန်း ပါသော်လည်း မူလ
ကထိန်ခင်းထားသော ကျောင်းတိုက်က
သံဃာတော်များကသာ ပိုင်ဆိုင်ရရှိခြင်း
အကျိုးကိုလည်း ရရှိပေသည်။
ဆောင်ပုဒ်။ ။ သံဃာလှူငြား၊ သင်္ကန်းများ၊
သူ့အားသာ ဖြစ်သည်။

ကထိန်သင်္ကန်းလှူဒါန်းကြသော ဒကာ ၊
ဒကာမတို့သည်လည်း ဖြစ်လေရာ ဘ၀တိုင်း
ဘ၀တိုင်း၌ ကိုယ့်ပစ္စည်းများကို ကိုယ်မပေးလိုက
ဘယ်လို တန်ခိုးအာဏာ ကြီးမားသူကမှ
အနိုင်အထက်ပြု၍ မယူနိုင်။
ကိုယ်ကပေးမှသာ ယူလို့ရခြင်းအကျိးကို ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ ကိုယ့်ပစ္စည်းများ၊ သူတပါး၊
ယူသွားကင်းပသည်။

(၅) “ကထိန်အလှူ မွန်မြတ်သည်ဟု ဆိုရခြင်း”
••••••••••••••••••••••••••••••••••••••••••••••••••
ကထိန်းသင်္ကန်းအလှူ မွန်မြတ်သည်ဟု ဆိုရခြင်းမှာ
ရဟန်းတော်တို့သည် ကထိန်သင်္ကန်းမှ တပါးသော
သင်္ကန်းများကို အလိုရှိသောအခါ မိဘ မိတ်ဆွေများ
ထံမှာလည်း တောင်းကောင်းပေသည်။
သင်္ကန်းအလိုရှိသောအခါ “တောင်းခံပါဘုရား”ဟု
ဖိတ်ထားသော သူများထံမှလည်း တောင်းကောင်းပါသည်။

ကထိန်သင်္ကန်းကိုမူ မိဘ ဆွေမျိုးများနှင့်
ဖိတ်ထားသူများထံ၌ မတောင်းကောင်းပေ။
ကောင်းကင်မှ ကျလာသကဲ့သို့ ဒကာ ၊ဒကာမများ
သူ့အလိုအလျောက် သဒ္ဓါတရားဖြစ်ပွား၍
လှူဒါန်းလာသော သင်္ကန်းကိုသာ ခံယူ၍
ကထိန်ခင်းရပေသည်။
ဤကဲ့သို့ တောင်းခံခြင်း လုံးဝမပါ
သန့်ရှင်းဖြူစင်စွာ ရရှိသော သင်္ကန်းဖြစ်၍
မွန်မြတ်လှပေသည်။ မွန်မြတ်သည်ဟု ဆိုရပေသည်။

ကထိန်သင်္ကန်းမှတပါးသော ပစ္စည်း ၄-ပါးကို
သဒ္ဓါတရားရှိသူ ဒကာ ဒကာမများက
လှူဒါန်း၍ ခံယူကြရသောအခါ မြတ်စွာဘုရားက-
“ချစ်သားရဟန်းတို့ ရဟန်းသီလမရှိဘဲ သူတပါးလှူဒါန်းသော
သင်္ကန်းကို ၀တ်ရုံရခြင်းသည် မီးအလျှံ ပြောင်ပြောင်
တောက်လောင်နေသော သံပြားကို
ဝတ်ရုံရသည်ထက်ပင် ဆင်းရဲဒုက္ခ များလှပေသည်။
ဆွမ်း ကိုသုံးဆောင်ခြင်းသည် မီးအလျှံပြောင်ပြောင်
တောက်လောင်နေသော သံတွေခဲကို
မျိုရသည်ထက်ပင် ဆင်းရဲဒုက္ခ များလှပေသည်။
ကျောင်း ၌နေထိုင်ရခြင်းသည် မီးအလျှံပြောင်ပြောင်
တောက်လောင်နေသော သံနှောင်အိမ်ထဲ၌
နေရသည်ထက်ပင် ဆင်းရဲဒုက္ခ များလှပေသည်။”
စသည်ဖြင့် နှိပ်ကွပ်၍ သတိပေးစကား မိန့်ကြားတော်မူပါသည်။

ကထိန်သင်္ကန်းကို အလှူခံရာ၌ ရဟန်းတော်များကို
ချီးမြှောက်၍ မိန့်ကြားတော်မူပါသည်။
“ချစ်သားရဟန်းတို့-ကထိန်သင်္ကန်းကိုလည်း ခံယူကြစေ၊
ကထိန်အကျိုးတရား ၅-ပါးကိုလည်း တလမှ ငါးလအထိ
ရရှိကြစေ”-ဟု ချီးမြှောက်၍ မိန့်ကြားတော်မူသောကြောင့်
ကထိန်သင်္ကန်းအလှူသည် မွန်မြတ်လှပေသည်။
မွန်မြတ်သည်ဟု ဆိုရပေသည်။

ကထိန်သင်္ကန်းအလှူသည် တနှစ်မှတကြိမ်၊
တကြိမ်မှာလည်း တလအတွင်းသာ၊
တလအတွင်းမှာလည်း တရက်ဖြင့်သာ
အပြီးခင်းရသောကြောင့် မွန်မြတ်လှသည်ဟု ဆိုရပေသည်။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
Posted by
www.facebook.com/youngbuddhistassociation.mm

-【မဟာစည်နာယက ၊အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ဘဒ္ဒန္တကုဏ္ဍလာဘိဝံသ

-သဒ္ဓမ္မရံသီ ရိပ်သာဆရာတော်ဘုရားကြီး၏“သိကောင်းစရာ ဓမ္မပဒေသာ”-ပထမတွဲမျက်နှာ ၁၇၄-၁၈၃ - မှ ကူးယူဖော်ပြပါသည်။】