လောကမှာ ရှိရှိသမျှ ချမ်းသာအားလုံးထဲမှာ
နိဗ္ဗာန်ချမ်းသာဟာ အနှိုင်းမဲ့ချမ်းသာ ဖြစ်ပါတယ်။
ဘာလို့လဲဆိုတော့ နိဗ္ဗာန်ချမ်းသာထက် ပိုပြီး
သတ္တဝါတွေကို ဆင်းရဲငြိမ်းစေပါတယ်၊
ချမ်းသာစေပါတယ်လို့ နှိုင်းယှဉ်စရာ၊
အစားထိုးစရာ၊ ထပ်တူပြုစရာ တခြားချမ်းသာ
မရှိတော့လို့ပါပဲ။

နိဗ္ဗာန်ချမ်းသာနဲ့ လဲလှယ်သင့်၊ လဲလှယ်ထိုက်တဲ့
တခြားချမ်းသာ လောကမှာ မရှိတော့တဲ့အတွက်
နိဗ္ဗာန်ချမ်းသာဟာ “အနှိုင်းမဲ့ချမ်းသာ” ဖြစ်ရပါတယ်။

“လောကမှာ” လို့ စကားအရသာ ပြောရပေမယ့်
နိဗ္ဗာန်ချမ်းသာဟာ လောကအတွင်းမှာရှိတဲ့
“လောကတွင်းချမ်းသာ” မဟုတ်ပါဘူး။
လောကအပြင်မှာရှိတဲ့၊ လောကကို လွန်မြောက်နေတဲ့
“လောကလွန်ချမ်းသာ” ဖြစ်ပါတယ်။
ဒါ့ကြောင့် ပါဠိလို လောကုတ္တရာချမ်းသာ လို့ခေါ်ပါတယ်။
(လောက + ဥတ္တရ = လောကုတ္တရ =
လောကကို + လွန်မြောက်ခြင်း။)

ဒါပေမယ့် လောကနဲ့ ဆက်စပ်နေတဲ့အတွက်၊
လောကဆိုတဲ့ စကားလုံးနဲ့ ဆက်စပ်ပြီး၊ ပြောဆိုသုံးနှုန်းရတဲ့အတွက်“လောကမှာ
ရှိရှိသမျှချမ်းသာ” ဆိုတဲ့ စာရင်းထဲ နိဗ္ဗာန်ချမ်းသာကိုလည်း
ထည့်သွင်းပြီး ပြောဆိုသုံးနှုန်းကြရပါတယ်။
စကားကတ်ပြီး ငြင်းနေလို့ ဘာမှ အကျိုးမရှိပါဘူး။

လောကမှာ ရှိရှိသမျှ ချမ်းသာတွေကို တူရာ
တူရာစုပေါင်းလိုက်ရင် ချမ်းသာခုနစ်မျိုးပဲ ရှိပါတယ်။
●လူ့ကာမဂုဏ်ချမ်းသာ၊
●နတ်ကာမဂုဏ်ချမ်းသာ၊
●ဈာန်ချမ်းသာ၊
●ဝိပဿနာချမ်းသာ၊
●မဂ်ချမ်းသာ၊
●ဖိုလ်ချမ်းသာနဲ့
●နိဗ္ဗာန်ချမ်းသာတို့ပဲ ဖြစ်ပါတယ်။
အဲဒီ ချမ်းသာခုနစ်မျိုးထဲမှာ ရှေ့လေးမျိုးက
လောကတွင်းချမ်းသာ (လောကီချမ်းသာ) ဖြစ်ပြီး၊
နောက်သုံးမျိုးက လောကလွန်ချမ်းသာ
(လောကုတ္တရာချမ်းသာ) ဖြစ်ပါတယ်။

“ချမ်းသာတယ်၊ ချမ်းသာတယ်” ဆိုတာ
ဆင်းရဲကင်းနေတဲ့သဘောကို ပြောတာပါ။
ချမ်းသာမှန်ရင် ဆင်းရဲဒုက္ခကင်းရှင်းနေရပါမယ်။
ချမ်းသာတစ်ခုဟာ ဆင်းရဲဒုက္ခတွေနဲ့ ရောပြွမ်းနေတယ်ဆိုရင်
အဲဒီချမ်းသာကို ချမ်းသာစစ်၊ ချမ်းသာမှန်လို့ မခေါ်နိုင်ပါဘူး။
ချမ်းသာတု၊ ချမ်းသာမှားလို့ပဲ ခေါ်နိုင်ပါတယ်။

နိဗ္ဗာန်ချမ်းသာမှ တစ်ပါးသော ချမ်းသာတွေဟာ
ဆင်းရဲဒုက္ခတွေနဲ့ ရောပြွမ်းနေပါတယ်။
ရှေ့နောက်ဝဲယာမှာ ဆင်းရဲဒုက္ခအမျိုးမျိုး ခြံရံနေတဲ့အတွက်
ချမ်းသာစစ်၊ ချမ်းသာမှန်တွေ မဟုတ်ကြပါဘူး။
နိဗ္ဗာန်ချမ်းသာကတော့ ဆင်းရဲဒုက္ခလုံးဝ
မရောပြွမ်းတဲ့အတွက် ချမ်းသာစစ်၊ ချမ်းသာမှန်ဖြစ်ပါတယ်။
သူ့လို ဆင်းရဲကင်းတဲ့သဘော တခြားပြိုင်ဘက်မရှိ၊
နှိုင်းယှဉ်စရာမရှိ၊ သူတစ်ခုတည်းသာ ရှိတဲ့အတွက်
အနှိုင်းမဲ့ချမ်းသာလည်း ဖြစ်ပါတယ်။

■နိဗ္ဗာန်ချမ်းသာမှ တစ်ပါးသောချမ်းသာတွေဟာ
သင်္ခတချမ်းသာတွေ ဖြစ်ပါတယ်။
သင်္ခတဆိုတော့ အကြောင်းအမျိုးမျိုးနဲ့
စုပေါင်းပြီးတော့ ပြုပြင်စီမံ ဖန်တီးအားထုတ်ထားတဲ့
အရာကို ခေါ်တာပါ။ သင်္ခတချမ်းသာတွေဟာ အကြောင်းတရားအမျိုးမျိုးနဲ့ရောပြွမ်းနေလို့ ချမ်းသာစစ်၊
ချမ်းသာမှန် မဟုတ်ပါဘူး။

■နိဗ္ဗာန်ချမ်းသာကတော့ အင်္သတချမ်းသာပါ။
အင်္သတချမ်းသာဟာ အကြောင်းတရားအမျိုးမျိုး
စုပေါင်းပြီး ပြုပြင်ဖန်တီးပေးစရာ မလိုတဲ့အတွက်
ဆင်းရဲဒုက္ခ လုံးဝ မရောပြွမ်းလို့ ချမ်းသာစစ်၊
ချမ်းသာမှန် ဖြစ်ပါတယ်။

သင်္ခတချမ်းသာဆိုတာ ရုပ်တရား၊
နာမ်တရားတွေကိုပြောတာပါ။ ရုပ်တရား၊
နာမ်တရားတွေဟာ အချိန်ရှိသမျှ ဖြစ်ပြီး
ပျက်နေကြပါတယ်။ ဖြစ်လိုက် ပျက်လိုက်၊
ပျက်လိုက် ဖြစ်လိုက်နဲ့ ဖြစ်လို့မဆုံး၊
ပျက်လို့ မဆုံးနိုင်အောင်ပါပဲ။ ဖြစ်ခြင်း၊
ပျက်ခြင်းရဲ့ နှိပ်စက်မှုဒဏ်ကို တရစပ်ခံနေရတဲ့အတွက်၊
တစ်နည်းအားဖြင့် ပျက်ခြင်းသဘောမှာပဲ ၊
လမ်းဆုံးရတဲ့အတွက် သင်္ခတချမ်းသာတွေဟာ
ချမ်းသာစစ်၊ ချမ်းသာမှန်တွေ မဟုတ်ပါဘူး။

အသင်္ခတချမ်းသာဆိုတာ ရုပ်တရား၊
နာမ်တရား လုံးဝမရှိတာ၊ ရုပ်တရား၊
နာမ်တရား လုံးဝ ချုပ်ငြိမ်းနေတာကို ပြောတာပါ။
ရုပ်တရား၊ နာမ်တရား လုံးဝ မရှိတော့မှတော့
ဖြစ်ခြင်း၊ ပျက်ခြင်းသဘောလည်း လုံးဝ မခံရတော့တဲ့အတွက်၊ တစ်နည်းအားဖြင့် ပျက်ခြင်းသဘောမှာ လမ်းမဆုံးရတဲ့အတွက် အသင်္ခတချမ်းသာဟာ ချမ်းသာစစ်၊ ချမ်းသာမှန်ပါပဲ။

ပျက်တတ်တဲ့ချမ်းသာ၊ ပျက်သွားမယ့်
ချမ်းသာဟာ ချမ်းသာအစစ် မဟုတ်ပါဘူး။
မပျက်တတ်တဲ့ချမ်းသာ၊ ဘယ်တော့မှ
ပျက်မသွားမယ့် ချမ်းသာကမှ ချမ်းသာအစစ်ပါ။
ဘယ်တော့ဆို ဘယ်တော့မှ ပျက်မသွားနိုင်တဲ့
ချမ်းသာအစစ်ကလည်း နိဗ္ဗာန်တစ်ခုတည်းပဲ
ရှိတာမို့ နိဗ္ဗာန်ချမ်းသာဟာ “အနှိုင်မဲ့ချမ်းသာ” ဖြစ်ပါတယ်။

ပုထုဇဉ်တစ်ယောက်အနေနဲ့ နိဗ္ဗာန်ချမ်းသာဟာ
အနှိုင်းမဲ့ချမ်းသာ ဖြစ်ပါတယ်လို့ ဘယ်လိုလုပ်
သိနိုင်ပါ့မလဲဆိုတာ မေးစရာရှိပါတယ်။
ဒီအချက်နဲ့ ပတ်သက်ပြီး မိလိန္ဒမင်းကြီးနဲ့
အရှင်နာဂသေနမထေရ်မြတ်တို့ရဲ့
အမေးအဖြေလေးကို နားထောင်ကြည့်ပါဦး။

”နိဗ္ဗာန်မရသေးတဲ့ ပုထုဇဉ်တစ်ယောက်အနေနဲ့
နိဗ္ဗာန်ဟာ ချမ်းသာပါတယ်လို့ သိနိုင်ပါသလားဘုရား”
“နိဗ္ဗာန်မရသေးပေမယ့် နိဗ္ဗာန်ဟာ ချမ်းသာပါတယ်
လို့ သိနိုင်ပါတယ် မင်းကြီး”
“ဘယ်လိုလုပ် သိနိုင်ပါသလဲဘုရား”

“မင်းကြီးကို တစ်ခုမေးမယ်။
လက်ခြေပြတ်မနေတဲ့သူတွေအနေနဲ့
လက်ခြေပြတ်ခြင်းဟာ ဆင်းရဲပါတယ်လို့ သိနိုင်ပါ့မလား”
“သိနိုင်ပါတယ်ဘုရား”
“ဘယ်လိုလုပ်သိနိုင်တာပါလဲ မင်းကြီး”
“လက်ခြေပြတ်နေတဲ့သူတွေရဲ့ ငိုကြွေးသံကို
ကြားပြီးတော့ လက်ခြေပြတ်ခြင်းဟာ ဆင်းရဲပါတယ်လို့
သိနိုင်ပါတယ်ဘုရား”

“အဲဒီလိုပါပဲ မင်းကြီး၊ နိဗ္ဗာန်ကို မျက်မှောက်ထင်ထင်
တွေ့မြင်ပြီးဖြစ်ကြတဲ့ အရိယာ
သူတော်ကောင်းကြီးတွေရဲ့ ပြောဆိုသံကို ကြားပြီးတော့
နိဗ္ဗာန်ဟာ ချမ်းသာပါတယ်လို့ သိနိုင်ပါတယ် မင်းကြီး”

ပုထုဇဉ်တွေအနေနဲ့ နိဗ္ဗာန်ရဲ့ ချမ်းသာကြီးပုံကို
မှန်းဆသိမြင်နိုင်ပါတယ် ဆိုပေမယ့်
ခံစားမှုချမ်းသာကိုမှ ချမ်းသာလို့ အထင်ရောက်နေကြတဲ့ ပုထုဇဉ်အများစုကတော့ ခံစားမှု မရှိတဲ့
နိဗ္ဗာန်ချမ်းသာကို အလကားပေးတောင် မလိုချင်ကြပါဘူး။ အသိဉာဏ်အထိုက်အလျောက်ရှိလို့ လိုချင်ပါတယ်
ဆိုတဲ့ သူတွေကလည်း သိပ်ပြီး နှစ်နှစ်ကာကာ မရှိလှပါဘူး။

■တစ်ခါတုန်းက စာသင်တိုက်ကြီးတစ်တိုက်ကို
မကြာခဏ ဝင်ထွက်နေတဲ့ ဒကာမကြီးတစ်ယောက်
ရှိခဲ့ဖူးပါတယ်။ သူမရဲ့ အကျင့်ကောင်းလေး
တစ်ခုကတော့ ကျောင်းတိုက်ထဲ ရောက်တာနဲ့
တစ်ပြိုင်နဲ့ တွေ့သမျှ မြင်သမျှ ခွေးချေးပုံတွေကို
တစ်ခုမကျန် လိုက်ကျုံးခြင်းပါပဲ။
သူများမလုပ်ချင်တဲ့ သန့်ရှင်းရေးအလုပ်ကို လုပ်ရတဲ့အတွက်
သူများမရတဲ့ ကုသိုလ်အထူးကို ရရှိတယ်လို့ ခံယူထားပါသတဲ့။

တစ်နေ့ ခွေးချေးပုံတွေကို အားရပါးရ ကျုံးပြီး
သန့်ရှင်းရေးလုပ်နေတဲ့ သူမကို ရဟန်းငယ်လေးတစ်ပါးက...
“ဒကာမကြီး၊ ခွေးချေးကျုံးရတဲ့ ကောင်းမှုကြောင့်
ဒကာမကြီး နိဗ္ဗာန်မြန်မြန်ရောက်ပါစေ” လို့
ဆုတောင်းပေးလိုက်ပါတယ်။

“တပည့်တော်မ နိဗ္ဗာန်မလိုချင်ပါဘူးဘုရား”
“ဘာဖြစ်လို့လဲ ဒကာမကြီးရဲ့”
“တပည့်တော်မက လက်ဖက်ရည် သိပ်ပြီးကြိုက်တယ်ဘုရား၊
တစ်နေ့ကို အနည်းဆုံး လက်ဖက်ရည်သုံးလေးခွက်တော့
သောက်လိုက်ရမှ၊ တပည့်တော်မ လက်ဖက်ရည်
မသောက်ရရင် မနေနိုင်ဘူး၊ နိဗ္ဗာန်မှာ ဘာမှမရှိဘူး ဆိုတော့ လက်ဖက်ရည်လည်း ရမှာမဟုတ်ဘူး။
ဒါ့ကြောင့် နိဗ္ဗာန်တော့ မယူပါရစေနဲ့ဘုရား”

“ကဲ ဒါဆိုလည်း ခွေးချေးကျုံးရတဲ့ကောင်းမှုကြောင့်
ဒကာမကြီး နောက်ဘဝမှာ အချောဆုံးအလှဆုံး
နတ်သမီးလေး ဖြစ်ပါစေ။”
“အဟဲ...ဟဲ... ပေးတဲ့ဆုနဲ့ ပြည့်ပါစေဘုရား”

နိဗ္ဗာန်မှာ ဘာမှမရှိဘူး ဆိုတဲ့ အတွေးကြောင့်
အတုံးလိုက် အတစ်လိုက် ခံစားစရာရှိမှ ကြိုက်တဲ့
ပုထုဇဉ်အများစုက နိဗ္ဗာန်ကို လိုချင်ရကောင်းမှန်း
မသိကြပါဘူး။ ရုပ်နာမ်သာ မရှိတာ အငြိမ်းဓာတ်၊
အအေးဓာတ်တော့ ရှိတယ်ဆိုပြန်တော့လည်း
ဒကာမကြီးတစ်ယောက်က...

■“တပည့်တော်မက ခဏခဏ အအေးပတ်တတ်၊
ခဏခဏ နှာစေးတတ်လို့ တပည့်တော်မနဲ့
နိဗ္ဗာန်နဲ့တော့ မဖြစ်ဘူးဘုရား၊ လူ့ပြည်မှာတောင်
ဒီလောက်အေးတာ၊ နိဗ္ဗာန်က အအေးဆုံးဆိုတော့
တပည့်တော်မ ခိုက်ခိုက်တုန်ပြီး သေလိမ့်မယ်၊
နိဗ္ဗာန်မှာ ခြုံဖို့ စောင်တောင် လောက်မှာ မဟုတ်ဘူး။”

လို့ အတည်လိုလို၊ နောက်သလိုလိုနဲ့
စပ်ဖြီးဖြီး ပြောရှာပါတယ်။ နိဗ္ဗာန်ကို လုံးဝ
မလိုချင်တာကတော့ သေချာပါတယ်။
မျက်နှာကိုက မချိုမချဉ်နဲ့လေ။

ဖြစ်ခြင်း၊ ပျက်ခြင်း လုံးဝကင်းတဲ့ နိဗ္ဗာန်မှာ
ဖြစ်ခြင်း၊ ပျက်ခြင်းသဘောရှိတဲ့ ရုပ်တရား၊
နာမ်တရားတွေထက် အဆပေါင်းများစွာ
မနှိုင်းယှဉ်သာအောင် ကောင်းတဲ့၊ အတုမရှိ
မွန်မြတ်တဲ့ အငြိမ်းဓာတ်သဘောတစ်မျိုးတော့
အတိအကျ အထင်အရှား ရှိပါတယ်။

မီးတောက်နေတဲ့ ဖယောင်းတိုင်တစ်တိုင်
လုံးဝ ငြိမ်းသွားတဲ့အခြေအနေကို ကြည့်လိုက်ပေါ့။
ဖယောင်းသားလည်းကုန်၊ ကြိုးလည်း ကုန်သွားလို့
မီးတောက် လုံးဝ ငြိမ်းသွားတဲ့ အချိန်မှာ
ဖယောင်းသားလည်း မရှိ၊ ကြိုးလည်းမရှိ၊
မီးတောက်လည်း မရှိတော့ပါဘူး။
ဒါဖြင့် ဘာမှမရှိတော့ဘူးလားဆိုရင်တော့
ရှိပါတယ်။ အငြိမ်းဓာတ်တစ်ခု ရှိပါတယ်။

ဖယောင်းသား၊ ကြိုးနဲ့ မီးတောက်တို့
ရှိနေတုန်းက အဲဒီပတ်ဝန်းကျင်မှာ အပူဓာတ်ရှိပါတယ်။
ဖယောင်းသား၊ ကြိုးနဲ့ မီးတောင့်တို့ မရှိတော့တဲ့
အခါမှာတော့ အဲဒီအပူဓာတ်လည်း မရှိတော့ပါဘူး။
အပူဓာတ် မရှိတော့ပေမယ့် အပူဓာတ်ရဲ့
ဆန့်ကျင်ဘက် အငြိမ်းဓာတ်၊ အအေးဓာတ်တော့
သေချာပေါက် ရှိနေပါတယ်။ အငြိမ်းဓာတ်၊
အအေးဓာတ် မရှိရင် ပူနေရဦးမှာပေါ့။
အခု ပူမှ မပူတော့ဘဲ။

ချုပ်ဆုံးသွားတဲ့ အပူဓာတ်ဟာ ဘယ်တော့ဆို
ဘယ်တော့မှ ပြန်ရောက်မလာနိုင်တော့ပါဘူး။
ဘယ်နေရာမှာ သွားရှာလို့မှလည်း ပြန်မတွေ့နိုင်တော့ပါဘူး။
ချုပ်ဆုံးသွားတဲ့ အပူဓာတ်နေရာမှာ
အစားထိုးဝင်ရောက်လာတဲ့ အငြိမ်းဓာတ်၊
အအေးဓာတ်ဟာလည်း ဘယ်တော့ဆို
ဘယ်တော့မှ ကုန်ပျောက် ပျက်စီးမသွားနိုင်တော့ပါဘူး။
အစဉ်ထာဝရ တည်တံ့ခိုင်မြဲနေတော့မှာပါ။
အမြဲရှိတဲ့ အရှိတရားအဖြစ်နဲ့ မတုန်မလှုပ်
မပျက်မယွင်း ရပ်တည်နေတော့မှာပါ။

နိဗ္ဗာန်မှာ ထာဝရရှိနေတဲ့ အငြိမ်းဓာတ်ဟာလည်း
ဒီနည်းအတူပါပဲ။ ကုသိုလ်ကံ, အကုသိုလ်ကံ
ဆိုတဲ့ ဖယောင်းသား၊ ရုပ်ခန္ဓာ, နာမ်ခန္ဓာဆိုတဲ့
ကြိုးနဲ့ ကိလေသာ, အိုနာသေဆိုတဲ့ မီးတောက်တွေ လုံးဝ ကုန်ဆုံးချုပ်ပြတ်သွားတဲ့အတွက် အပူဓာတ် လုံးဝ
မရှိတော့ပေမယ့် အဲဒီအပူဓာတ်ရဲ့ နေရာမှာ
ဘယ်တော့ဆို ဘယ်တော့မှ ကုန်ပျောက်ပျက်စီး
မသွားနိုင်တဲ့ အငြိမ်းဓာတ်တစ်မျိုးကတော့
အစဉ်ထာဝရ တည်တံ့ခိုင်မြဲစွာ ရှိနေပါတယ်။
အမြဲရှိတဲ့ အရှိတရားအဖြစ်နဲ့ မတုန်မလှုပ်
မပျက်မယွင်း ရှိနေပါတယ်။

နိဗ္ဗာန်ဟာ ဘာမှမရှိတဲ့ “မရှိတရား” ဆိုရင်
ဘုရား၊ ရဟန္တာ၊ အရိယာသူတော်ကောင်းကြီးတွေက
နိဗ္ဗာန်ကို စကားတစ်ခုလုပ်ပြီး ဂုဏ်တင်ချီးမွမ်းနေကြမှာ
မဟုတ်ပါဘူး။ အငြိမ်းဓာတ်ချမ်းသာကြီး အထင်အရှားရှိတဲ့
“အရှိတရား” ဖြစ်လို့သာ “ချမ်းသာအားလုံးထဲမှာ
နိဗ္ဗာန်သာ ချမ်းသာအစစ်၊ နိဗ္ဗာန်သာ အချမ်းသာဆုံး”
လို့ တဖွဖွနဲ့ ဂုဏ်တင်ချီးမွမ်းတော်မူကြတာပေါ့။

မြတ်စွာဘုရားရှင်လက်ထက်တုန်းက
ထိပ်တန်းမင်းစိုးရာဇာတွေ၊ ထိပ်တန်းသူဌေးသူကြွယ်တွေ
သူတို့ရဲ့ စည်းစိမ်ချမ်းသာတွေ စွန့်လွှတ်ပြီး
သာသနာ့ဘောင်ဝင် ရဟန်းပြုကြပါတယ်။
ရဟန္တာဖြစ်ပြီးတဲ့နောက် ဖလသမာပတ်ဝင်စားပြီး
နိဗ္ဗာန်ချမ်းသာကို အာရုံပြုရတာ ကောင်းလွန်းလို့ “ချမ်းသာလိုက်တာ...ချမ်းသာလိုက်တာ” နဲ့
မကြာခဏ ရေရွတ်မြည်တမ်း ဥဒါန်းကျူးကြပါသတဲ့။
သူတို့ခံစားခဲ့ဖူးတဲ့ မင်းစည်းစိမ်၊
သူဌေးစည်းစိမ်တွေထက် အဆမတန် ကောင်းလွန်းလို့သာ
အခုလို ဥဒါန်းကျူးကြတာပေါ့။

ဘယ်ချမ်းသာနဲ့မှ မတူတဲ့ အနှိုင်းမဲ့ချမ်းသာကြီး
ဖြစ်လို့သာ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်လည်း
တရားဟောနေရင်း တရားနာပရိတ်သတ်က
သာဓုခေါ်နေချိန် စက္ကန့်ပိုင်းလေးမှာတောင်
ဖလသမာပတ်ဝင်စားပြီး နိဗ္ဗာန်ကို အာရုံပြုဖြစ်အောင်
ပြုလိုက်သေးတယ် မဟုတ်လား။ ထေရီထေရာ
ရဟန္တာအဆူဆူကလည်း ခန္ဓာဝန်ချခါနီးအချိန်မှာ
အသင်္ခတနိဗ္ဗာန်ကို အပြီးတိုင် ဝင်ခံရတော့မှာမို့
ဝမ်းသာလွန်းလို့ ဥဒါန်းတွေ ကျူးကျူးသွားခဲ့ကြတယ် မဟုတ်လား။

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ လူတစ်ယောက်ကို
အိပ်ရေးမဝသေးခင်မှာ အတင်းလှုပ်နှိုးပြီး
သူ့အကြိုက်ဆုံး အစားအစာတွေ သွားကျွေးကြည့်ပါလား။
အိပ်လို့ကောင်းတုန်း အိပ်ရေးပျက်အောင်
လုပ်ရပါ့မလားဆိုပြီး အရမ်းစိတ်ဆိုးမှာ သေချာပါတယ်။
အိပ်ပျော်နေစဉ်မှာ ခံစားမှု အထင်အရှား မရှိပါဘဲနဲ့
ခံစားမှု အထင်အရှားရှိတဲ့ အစားအစာထက်
အိပ်စက်ခြင်းကို ပိုပြီးတန်ဖိုးထားတာ ဘာ့ကြောင့်လဲ၊
ရှင်းပါတယ်။ ခံစားမှုချမ်းသာထက် ငြိမ်းအေးမှုချမ်းသာက
ပိုပြီးကောင်းလို့ပေါ့။ ပိုပြီး အဆင့်မြင့်လို့ပေါ့။

အနာရောဂါဖြစ်နေတဲ့သူ အနာရောဂါပျောက်သွားရင်
သူ့မှာ အနာရောဂါလည်း မရှိတော့ဘူး။
တခြား ဘာတစ်ခုမှလည်း ရှိလာတာ မတွေ့ရဘူး။
ဒါပေမယ့် သိပ်ချမ်းသာတယ်။
ထောင်ကျနေတဲ့သူ ထောင်က လွတ်လာရင်
သူ့မှာ ထောင်လည်း မရှိတော့ဘူး။
တခြားဘာတစ်ခုမှလည်း ရှိလာတာ မတွေ့ရဘူး။
ဒါပေမယ့် သိပ်ချမ်းသာတယ်။ ဘလို့လဲ၊
မျက်စိနဲ့မမြင်ရတဲ့ လွတ်မြောက်ငြိမ်းအေးမှုချမ်းသာ
ဆိုတာ အထင်အရှာ ရှိနေလို့ပေါ့။

အိပ်စက်ခြင်း၊ ရောဂါပျောက်ခြင်းနဲ့ ထောင်လွတ်ခြင်းတို့ရဲ့
မရှိတဲ့ အရှိသဘောနဲ့ နိဗ္ဗာန်ချမ်းသာရဲ့ မရှိတဲ့
အရှိသဘောကို ရိုးတိုးရိပ်တိပ် တွဲစပ်ခန့်မှန်းကြည့်မယ်ဆိုရင်
ရုပ်ခန္ဓာ အကောင်အထည်မရိတဲ့ နိဗ္ဗာန်ရဲ့
အငြိမ်းဓာတ်ချမ်းသာကို မပွင့်တပွင့်တော့
သဘောပေါက်တန်ကောင်းပါရဲ့။

တစ်ခါတုန်းက အနာထပိဏ်သူဌေးကြီးရဲ့သား
မောင်ကာဠဟာ ဖခင်က “ငွေတစ်ရားပေးမယ်၊
ဥပုသ်သွားစောင့်” ဆိုလို့ ဘုရားကျောင်းကို
ထွက်ခဲ့ပေမယ့် တရားမနာ၊ ဥပုသ်မစောင့်ဘဲ
သင့်တော်ရာမှာ အိပ်ပြီး ပြန်လာခဲ့ပါတယ်။
အိမ်ပြန်ရောက်တော့ ငွေတစ်ရာ မပေးမချင်း
ထမင်းမစားဘဲ ဂျီကျနေခဲ့ပါတယ်။

နောက်တစ်နေ့ကျတော့ “တရားတစ်ပုဒ်
မှတ်မိအောင် နာလာနိုင်ခဲ့ရင် ငွေတစ်ထောင်ပေးမယ်”
ပြောလို့ တရားကို သေသေချာချာ စူးစူးစိုက်စိုက်
နားထောင်လိုက်တာ တရားနာနေရင်းနဲ့
သောတာပန် ဖြစ်သွားပါတယ်။
အိမ်ပြန်ရောက်တော့ ငွေတစ်ထောင် လုံးဝ
မတောင်းတော့ပါဘူး။ ဖခင်က အတင်းပေးတာတောင်
လုံးဝ မယူဘဲ ငြင်းဆန်လိုက်ပါတယ်။
တရားနာခအဖြစ်နဲ့ ငွေပေးတာကိုတောင်
အရှက်ကြီး ရှက်နေမိပါသတဲ့။

နိဗ္ဗာန်မြင်နိုင်တဲ့ သောတာပန်ဖြစ်သွားပြီ
ဆိုတော့ ခံစားမှု ချမ်းသာထက် အဆင့်မြင့်တဲ့
ငြိမ်းအေးမှုချမ်းသာကို ကိုယ်တိုင် လက်တွေ့
သဘောပေါက်သွားပြီပေါ့။ အရင်က ခံစားမှုချမ်းသာကို
အထင်ကြီးခဲ့ပေမယ့် အခုတော့ အထင်မကြီးတော့ဘူးလေ။

သရက်သီးအမျိုးဇာတ်ချင်း အတူတူတောင်မှ
စိန်တစ်လုံး သရက်သီးစားပြီးရင် တခြား
ဘယ်သရက်သီးမှ မစားချင်တော့သလို၊
နိဗ္ဗာန်ချမ်းသာကို ရပြီးမှတော့ တခြား
ဘယ်ချမ်းသာကိုမှ မလိုချင်တော့ပါဘူး။
ငြိမ်းအေးမှုချမ်းသာကို ရပြီးမှတော့
တခြားဘယ်ခံစားမှုချမ်းသာကိုမှ မလိုချင်တော့ပါဘူး။

တကယ်တော့ ခံစားမှုချမ်းသာတွေက
ဘယ်လောက်ပဲကောင်းကောင်း၊ မနားတမ်း
မရပ်တမ်း အဆက်မပြတ် ခံစားလို့ မရပါဘူး။
ကိုယ်သိပ်ကြိုက်တဲ့ အစားအစာတစ်ခုကို ဝသွားလည်း
မရပ်ဘဲ တစ်နေ့လုံး ဆက်စားနိုင်ပါ့မလား။
ဘယ်အဆင်း, အသံ၊ ဘယ်အနံ့, အရသာ၊
ဘယ်အထိအတွေ့, အတွေးအကြံမှ တစ်မျိုးတည်းကို
တစ်နေ့လုံး၊ တစ်လလုံး အဆက်မပြတ်
မရပ်မနား ခံစားလို့ မရပါဘူး။
ခံစားမှုချမ်းသာမှန်သမျှ ရိုးအီသွားတတ်တဲ့ ချမ်းသာတွေချည်းပါပဲ။

ငြိမ်းအေးမှုချမ်းသာကတော့ ဘယ်တော့မှ
ရိုးအီမသွားနိုင်တဲ့ ချမ်းသာပါ။ တစ်နေ့လုံး၊
တစ်ပတ်လုံး မရပ်မနား ခံစားလို့လည်း ရပါတယ်။
တစ်လလုံး၊ တစ်နှစ်လုံး အဆက်မပြတ်
ခံစားမယ်ဆိုလည်း ဝမသွားပါဘူး။
အမြဲထာဝရ ခံစားမယ်ဆိုလည်း မတင်းတိမ် ၊
မရောင့်ရဲနိုင်လောက်အောင်ကို ကောင်းပါတယ်။
တစ်မည်တည်းနဲ့ အမြဲကောင်းတဲ့
တစ်မည်ကောင်းချမ်းသာပါပဲ။
(ချမ်းသာမှန်ပေါ်လွင်ရန် ခံစားဟု
သုံးနှုန်းထားသော်လည်း ခံစားမှုချမ်းသာ မဟုတ်ပါ။)

တောရွာမှာနေတဲ့သူက ကိုယ်စားဖူးတဲ့ တောရွာက
အစားအစာလေးကိုပဲ လောကမှာ အကောင်းဆုံးလို့
ထင်နေရင် မှားမှာပေါ့။ အနုကြည့်မှန်ဘီလူးနဲ့
မကြည့်ဖူးတဲ့သူက ရေထဲမှာ ပိုးမွှားလေးတွေ
မရှိပါဘူးလို့ ငြင်းနေရင် လူရယ်စရာဖြစ်မှာပေါ့။
နိဗ္ဗာန်မြင်နိုင်လောက်တဲ့ ဉာဏ်မျက်လုံး မရှိတာနဲ့ဘဲ
နိဗ္ဗာန်ဟာ အလကားပါလို့ ရှုတ်ချရင် သဘာဝကျပါ့မလား။

လမင်းကြီးကို တိမ်းဖုံးနေလို့ မမြင်ရတာနဲ့ပဲ
လမင်းကြီး မရှိပါဘူးလို့ ငြင်းရင် ငြင်းတဲ့သူ လူမိုက်ပါပဲ။
လမင်းကြီးကို မြင်ချင်ရင် တိမ်ကင်းစင်တဲ့အချိန်ထိ
စောင့်ကြည့်ရပါမယ်။ ကိလေသာတိမ်တွေ ဖုံးအုပ်နေလို့
မမြင်တွေ့ရတဲ့ နိဗ္ဗာန်လမင်းကြီးကို မြင်တွေ့ချင်ရင်
ကိုယ့်ရဲ့ ဉာဏ်မျက်လုံးမှာ ဖုံးအုပ်နေတဲ့
ကိလေသာတိမ်တွေ ကင်းစင်သွားအောင်
အရင်ဆုံး ကြိုးစားရပါမယ်။ ကိလေသာကင်းစင်တဲ့တစ်နေ့
နိဗ္ဗာန်ကို ဘွားကနဲ တွေ့မြင်ရပါလိမ့်မယ်။

■ပြုပြင်မှုကင်းနေတဲ့ အသင်္ခတနိဗ္ဗာန်ကို
အပြင်မှာရှိလို့ “ဗဟိဒ္ဓနိဗ္ဗာန်” လို့ခေါ်ပါတယ်။
■ကိလေသာငြိမ်းနေတဲ့ ပရိနိဗ္ဗာန်ကို အတွင်းမှာရှိလို့
“အဇ္ဈတ္တနိဗ္ဗာန်” လို့ခေါ်ပါတယ်။ ဗဟိဒ္ဓနိဗ္ဗာန်ကို
အပြီးအပိုင် လိုချင်ရင် အဇ္ဈတ္တနိဗ္ဗာန်ကို အပြီးအပိုင်ရအောင်

အရင်အားထုတ်ရပါမယ်။ အားထုတ်တဲ့နည်းကလည်း သတိပဋ္ဌာန်ဝိပဿနာတရားကလွဲလို့တခြားနည်းလမ်း
မရှိတော့ပါဘူး။

ဒွါရခြောက်ပါးမှာ ပေါ်လာသမျှ ရုပ်တရား၊
နာမ်တရားတွေကို မြင်တိုင်း၊ ကြားတိုင်း၊
နံတိုင်း၊ စားတိုင်း၊ ထိတိုင်း၊ သိတိုင်း မြင်တယ်၊
ကြားတယ်၊ နံတယ်၊ စားတယ်၊ ထိတယ်၊ သိတယ်လို့
ပစ္စုပ္ပန်ကျကျ မလွတ်တမ်း ရှုမှတ်သွားမယ်ဆိုရင်
သတိ၊ သမာဓိ၊ ဉာဏ် အားကောင်းလာတာနဲ့အမျှ
ရုပ်နာမ်ကွဲ၊ ကြောင်းကျိုသိ၊ ဖြစ်ပျက်မြင်၊
လက္ခဏာထင်ပြီး နောက်ဆုံး မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ဆိုက်ရောက်သွားတဲ့အခါမှာတော့ နိဗ္ဗာန်ချမ်းသာကို
ကိုယ်တိုင်ကိုယ်ကျ မျက်မှောက်ပြုနိုင်ပါပြီ။

တစ်လောကလုံးရဲ့ အနှိုင်းမဲ့ကျေးဇူးရှင်ဖြစ်တဲ့
မတ်စွာဘုရားရှင်က နိဗ္ဗာန်ချမ်းသာဟာ
အနှိုင်းမဲ့ချမ်းသာ ဖြစ်ပါတယ်လို့
“နတ္ထိ သန္တိပရံ သုခံ” ဆိုတဲ့ စကားတော်နဲ့
ဟောကြားညွှန်ပြထားတာမို့ လူသားတိုင်း ၊
လူသားတိုင်း နိဗ္ဗာန်ချမ်းသာဆိုတဲ့ မနှိုင်းမဲ့ချမ်းသာကို
ဒီဘဝ ဒီခန္ဓာနဲ့ပဲ၊ သို့မဟုတ် ရည်မှန်းရာ
ဗောဓိဉာဏ်ရကြောင်း ပါရမီပြည့်တဲ့ဘဝမှာ
ထာဝရအပြီးအပိုင် မျက်မှောက်ပြုနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။။
-【စာရိုက်ပူဇော်သူ -
Admin Team of Young Buddhist's Association 】
Posted by
www.facebook.com/youngbuddhistassociation.mm
အပ္ပမာဒေန သမ္ပာဒေထ။
-【ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)】
၏ “အနှိုင်းမဲ့ချမ်းသာ” နှာ ၁၁၂ - ၁၂၇ မှ
ကောက်နှုတ် ပူဇော်မျှဝေပါသည်။】