လောကမှာ . . .
●ကိုယ်ပြုဆိုးပြီး နှုတ်ပြောကောင်းတဲ့သူ၊
●ကိုယ်ပြုကောင်းပြီး နှုတ်ပြောဆိုးတဲ့သူ၊
●ကိုယ်ပြုနှုတ်ပြောဆိုးပြီး စိတ်ထားကောင်းတဲ့သူ၊
●ကိုယ်ပြုနှုတ်ပြော စိတ်ထားသုံးမျိုးဆိုးတဲ့သူ၊
●ကိုယ်ပြုနှုတ်ပြောစိတ်ထား သုံးမျိုးလုံးကောင်း
တဲ့သူရယ်လို့ “လူငါးမျိုး” ရှိပါတယ်။

မှော်ဖုံးနေတဲ့ ရေကန်ကို တွေ့ရင် မှော်တွေကို
လက်နှစ်ဖက်နဲ့ အသာဖယ်ပြီး
လက်ခုပ်နဲ့ ရေကို ယူသောက်ရသလိုပဲ
အဆိုး၊ အကောင်း တွဲနေတဲ့ လူတွေကိုတွေ့ရင်
“အဆိုး” ကို လျစ်လျူရှုပြီး “အကောင်း” ကို
နှလုံးသွင်းနိုင်ရပါမယ်။

အဆိုးချည်းပဲ ထင်ရှားနေတဲ့ လူတွေကို တွေ့ရင်
“ရောဂါပြင်းထန်နေတဲ့ ကူရာမဲ့ ခရီးသွားဖော်”
တစ်ယောက်လို့ သဘောထားပြီး ၊
သနားကရုဏာစိတ် မွေးမြူနိုင်ရပါမယ်။
အဲဒီလိုဆိုရင် ဘယ်သူ့ အပေါ်မှာမှ
ဒေါသ အပြစ် မဖြစ်တော့ဘဲ ၊
လူသားအားလုံးအပေါ် မေတ္တာသက်ဝင်
ချစ်ခင်နိုင်လာပါလိမ့်မယ်။

အကောင်းမြင်ဝါဒ လက်ကိုင်ထားနိုင်တဲ့သူအတွက်
မေတ္တာ ဘာဝနာပွားများဖို့ အခက်အခဲမရှိပါဘူး။
“သတ္တဝါအားလုံး ချမ်းသာကြပါစေ” လို့
မေတ္တာဘာဝနာ အမြဲပွားနေသူရဲ့ သန္တာန်မှာ
မေတ္တာဓာတ်အား ကောင်းလာတာနဲ့အမျှ
ဒေါသဓာတ်လည်း တဖြည်းဖြည်း လျော့ပါးလာရပါတယ်။
မေတ္တာ ပွားနေချိန်မှာ တကယ် ချမ်းသာစေချင်တဲ့စိတ်
ဖြစ်နေဖို့တော့ လိုတာပေါ့။

အကောင်းမြင်စိတ်၊ မေတ္တာစိတ် မွေးနေတဲ့ကြားထဲက
ဒေါသစိတ် ဖြစ်လာသေးတယ်ဆိုရင်တော့
ဒေါသရဲ့အာရုံ၊ ဒေါသဖြစ်စရာ အကြောင်း
အချက်တွေကို နှလုံးမသွင်းဘဲ၊ ဖြစ်နေတဲ့
ဒေါသစိတ်ကိုပဲ တည့်တည့်စိုက်ကြည့်ပြီးတော့
“စိတ်တိုတယ်၊ စိတ်ဆိုးတယ်”စသည် အားဖြင့်
သတိပဋ္ဌာန် နည်းလမ်းအတိုင်း
ဝိဿနာရှူပွါးလိုက်ရပါမယ်။

“ဒေါသစိတ်”ကိုမတွေ့ဘဲ ၊
“ဒေါသဖြစ်စရာ အကြောင်းအချက်”တွေကသာ
လွှမ်းမိုးနေမယ်ဆိုရင်လည်း
မြင်-မြင်တယ်၊ ကြား- ကြား တယ်၊
သွား- သွားတယ်၊ထိုင် - ထိုင်တယ် စသည်အားဖြင့်
လက်ရှိထင်ရှားရာ တစ်ခြားအာရုံ တစ်ခုခုကို
ရှုပွါးရပါမယ်။နှာသီးဝ လေထိရာ အရပ်မှာ သတိကပ်ပြီး၊
ဝင်-ဝင်တယ်၊ ထွက်-ထွက်တယ်လို့ ရှုမှတ်မယ်
ဆိုရင်လည်းကောင်းပါတယ်။
မမိ-မိတဲ့ အာရုံတစ်ခုခုကို သတိပဋ္ဌာန်
နည်းကျ စူးစိုက်ရှုပွားနိုင်ပြီဆိုရင် ဒေါသစိတ်တွေ
တဖြည်းဖြည်း လျော့ပါးပျောက်ကွယ်သွားပါလိမ့်မယ်။

-【ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)】