“ကဿပဘုရားရှင်”လက်ထက်တော်က
“ဇမ္ဗုကမထေရ်”ဆိုတဲ့ မထေရ်တစ်ပါးရှိခဲ့ဖူးပါတယ်။
မထေရ်ကတောရွာတစ်ရွာမှာ ကျောင်းထိုင်ဘုန်းကြီးအဖြစ်နဲ့
သီတင်းသုံးနေတာပါ။

စာထဲမှာ မထေရ်တစ်ပါးလို့ပဲ ဆိုထားပါတယ်။
နာမည်တော့ တပ်မထားပါဘူး။
ဇာတ်သိမ်းမှာ “ဇမ္ဗုကမထေရ်”အဖြစ်နဲ့
ဇာတ်သိမ်းထားတာမို့၊မှတ်လို့လွယ်အောင်
“ဇမ္ဗုကမထေရ်”လို့ပဲ သုံးလိုက်တာပါ။
ထားလိုက်ပါတော့။
ဒီစာစုမှာ နာမည်က အဓိကမကျပါဘူး။
မထေရ်ရဲ့ “ကံသုံးပါး” အမူအရာတွေကိုပဲ
အဓိကထား ပြောချင်တာပါ။

ရွာမှာရှိတဲ့ သူကြွယ်တစ်ယောက်က မထေရ်ရဲ့
ပစ္စည်းလေးပါးကို တာဝန်ယူပြီး နေ့စဉ်လည်း
အိမ်ကိုဆွမ်းခံကြွစေပါတယ်။
မထေရ်က သီလကို အထူးစောင့်ထိန်းသလို၊
ကျောင်းတိုက်မှာ တံမြက်လှည်းတာ ၊
ကုဋီသန့်ရှင်းလုပ်တာ စတဲ့ ဝတ်ကြီးဝတ်ငယ်တွေကိုလည်း
နေ့စဉ်ပြုပါတယ်။
မထေရ်ရဲ့ သီလကိုကြည့်ပြီး သူကြွယ်ယ်ရဲ့
ကြည်ညိုမှုကလည်း ခိုင်မြဲနေခဲ့ပါတယ်။
အမှန်ဆို “ကဿပဘုရား” ပွင့်တော်မူဆဲကာလမှာ
ရဟန်းဖြစ်ခွင့် ရနေတာ ဆိုတော့ မထေရ်အနေနဲ့
သူ့ရဲ့လက်ရှိသီလစင်ကြယ်မှုကို အခြေခံပြီး ၊
ဝိပဿနာတရားကို ဆက်အားထုတ်လိုက်ရင်
ကဿပဘုရားရှင်လက်ထက်တော်မှာပဲ
ရဟန္တာ ဖြစ်သွားနိုင်ပါတယ်။
ရဟန္တာမဖြစ်ရင်တောင်မှ ပျံလွန်မူတဲ့အခါ
ကောင်းမြတ်တဲ့ သုခဘုံတစ်ခုခုကို ရောက်သွားနိုင်ပါတယ်။
ဒါပေမယ့် မထေရ်ရဲ့ကံသုံးပါးက ဟန်ချက်မညီ ၊
ယိမ်းယိုင်သွားခဲ့တဲ့အတွက် “အမြတ်ဆုံးပန်းတိုင်” နဲ့ လွဲပြီး၊
အပါယ်ငရဲ ကျသွားခဲ့ရပါတယ်။

ဖြစ်ပုံက ဒီလိုပါ။
တစ်နေ့မှာ မထေရ်သီတင်းသုံးရာ ရွာကို
အာဂန္တုရဟန္တာတစ်ပါး ကြွလာပါတယ်။
အာဂန္တုရဟန္တာကိုမြင်တော့ မထေရ်ရဲ့ဒကာက
အိမ်မှာပင့်ပြီး၊ဆွမ်းလည်းကျွေး ၊
သင်္ကန်းလည်းလှူပြီးတော့ ဆံပင်တွေရှည်နေတဲ့အတွက်
ဆတ္တာသည်ခေါ်ပြီး ခေါင်းလည်းရိပ်ပေးလိုက်ပြန်ပါတယ်။

အဲဒီအချိန်မှာပဲ ကျောင်းထိုင်မထေရ်ကြွလာပါတယ်။
“အာဂန္တုရဟန္တာ” ကို ချစ်ချစ်ခင်ခင်ပြုစုနေတဲ့မြင်ကွင်းကို
မြင်လိုက်ရတော့ မထေရ်ရဲ့ သန္တာန်မှာ
“ဣဿာမစ္ဆရိယ”တွေ ထုနဲ့ထည်နဲ ဝင်လာပါတော့တယ်။
ဒကာသူကြွယ်က သူ့ရဲ့ကျောင်းထိုင်မထေရ်ကို
အာဂန္တုရဟန္တာမထေရ်နဲ့ မိတ်ဆက်ပေးပါတယ်။
မိတ်ဆက်ပေးရုံတင်မကဘဲ၊
ဒကာက ကျောင်းထိုင်မထေရ်ကို
“အရှင်ဘုရား ဒီကိုယ်တော်က အရှင်ဘုရားကျောင်းမှာ
ဒီည ကျိန်းမယ်ဘုရား။ ကျိန်းမဲ့ ကုတင်အပိုလည်း
ထည့်ပေးလိုက်မယ်ဘုရား” လို့ ပင့်ဖိတ်လိုက်ပါတယ်။
ဒကာရဲ့စကား ကြားလိုက်ရတော့လက်ရှိကျောင်းထိုင်မထေရ်ရဲ့
သန္တာန်မှာဖြစ်နေတဲ့ “ဣဿာ ၊မစ္ဆရိယ” ဟာ နှစ်ဆတက်ပြီး၊
နှလုံးသားကို ဆောင့်တိုးပြန်ပါတယ်။
ဒီလိုနဲ့ပဲ မထေရ်နှစ်ပါး ကျောင်းကို ပြန်ခဲ့ပါတယ်။

ကျောင်းရောက်ပေမယ့် ကျောင်းထိုင်မထေရ်က
ဧည့်ဝတ်စကားတောင် မပြောပါဘူး။
ခပ်တည်တည်ပဲ နေနေပါတယ်။
ညချမ်းရောက်တဲ့ အခါမှာတော့ ကျောင်းထိုင်မထေရ်ရဲ့
နှလုံးအိမ်ကို “ဣဿာ မစ္ဆရိယ”မျိုးစုံဟာ
အင်နဲ့အားနဲ့ဆောင့်ဆောင့်တိုးနေပါတော့တယ်။
ကျောင်းထိုင်မထေရ်ဟာ ဣဿာမစ္ဆရိယ တစ်ချိန်လုံး
နှိပ်စက်နေတဲ့ အတွက် အိပ်လို့ကို မပျော်ပါဘူး။
ဟိုဘက်လှိမ့်လိုက်၊ ဒီဘက်လှိမ့်လိုက်နဲ့
လူးလှိမ့်နေရပါတယ်။ ကံအနေနဲ့ ပြောရင်
မနောကံအနေနဲ့ဖြစ်နေတာပါ။

ကျောင်းထိုင်မထေရ်ဟာ ပထမတော့
ကြိုးစားပြီး သည်းခံပါသေးတယ်။
ညသန်းခေါင်ရောက်တော့ မရတော့ပါဘူး။

ဒါကြောင့် အာဂန္တုရဟန္တာ ကျိန်းစက်ရာကို သွားပြီး
“အရှင်ဘုရားဟာ တပည့်တော်ဒကာရဲ့ဆွမ်းကိုလည်း စားတယ်၊
တပည့်တော်ဒကာခေါ်ပေးတဲ့ ဆတ္တာသည်နဲ့လည်း
ဆံရိပ်တယ် ၊တပည့်တော်ဒကာလှူတဲ့ သင်္ကန်းကိုလည်း
ဝတ်တယ်၊ ပြီးတော့ တပည့်တော်ဒကာရဲ့
ကုတင်ပေါ်မှာလည်းအိပ်တယ် ၊ ဘာကောင်းလဲ။”လို့
ဆဲရေးပါတော့တယ်။

ကျောင်းထိုင်မထေရ်က ရုန့်ရင်းကြမ်းတမ်းတဲ့
စကားတွေနဲ့ ဆဲရေးနေပေမယ့် အာဂန္တုရဟန္တာမထေရ်ကတော့
ကိုယ့် အမှတ်နဲ့ ကိုယ် သည်းခံနေပါတယ်။
အဲဒီမှာတင် ကျောင်းထိုင်မထေရ်ရဲ့ အကုသိုလ်
ဝစီကံအဆင့် ထိ ရောက်လာပါတယ်။
နှုတ်ကဆဲရေးပြောဆိုလိုက်လို့ ၊
ရင်ထဲပေါ့သလိုဖြစ်သွားပေမယ့် ဆက်အိပ်လို့ မပျော်တော့ပါဘူး။
ဒီလိုနဲ့ပဲ မနက်အာရုဏ်တက်ချိန် ရောက်လာပါတော့တယ်။

ဒီမှာတင် ကျောင်းထိုင်မထေရ်က ဝိနည်းကို
လက်တစ်လုံးကြား လုပ်ပြန်ပါတယ်။
ခေါင်းလောင်းကို လက်သည်းဖျားနဲ့ခေါက်ပါတယ်။
ခေါက်ပြီး သူတစ်ပါးထဲပဲ ဒကာအိမ်ကို
ဆွမ်းစားကြွသွားခဲ့ပါတယ်။
ဒကာကအာဂန္တုကိုယ်တော် မပါတာနဲ့
“အာဂန္တုကိုယ်တော်ရောဘုရား”လို့မေးတော့
“ဒကာကြီးကိုယ်တော်အကြောင်းတော့
ပြောကိုမပြောချင်တော့ပါဘူး၊ခေါင်းလောင်းထိုးတာတောင်
မနိုးဘူး ဆက်အိပ်နေတယ်” လို့ မျက်နှာကို
ရှုံမဲ့ပြီးပြောလိုက်ပါတယ်။

အခြေအနေအရပ်ရပ်ကိုကြည့်ပြီး ဒကာကတော့
ရိပ်မိသွားပါပြီ။ဒါ့ကြောင့် ဆွမ်းကပ်ပြီးတဲ့ အခါ
ကျောင်းထိုင်ကိုယ်တော်ရဲ့သပိတ်ထဲကို
ဆွမ်းအပြည့်ထည့်ပြီး
“အရှင်ဘုရားဒီဆွမ်းတွေကို အာဂန္တုကိုယ်တော်ကို
ကပ်ပေးပါဘုရား” လို့ လျှောက်ပါတယ်။
ကျောင်းထိုင်မထေရ်ဟာ
ဒကာထည့်ပေးလိုက်တဲ့သပိတ်ကို
မလွှဲမရှောင်သာ သယ်လာရပေမယ့်တစ်စက်မှ
သယ်မလာချင်ပါဘူး။ လမ်းတစ်ဝက်ရောက်တဲ့
အခါမှာတော့မထေရ်ရဲ့သန္တန်မှာ ဖြစ်နေတဲ့
ဣဿာမစ္ဆရိယဟာ တစ်ကိုယ်လုံး ပျံ့နှံ့သွားပါတော့တယ်။
ဒါကြောင့် သပိတ်ထဲမှာပါလာတဲ့ ဆွမ်းတွေကို
လမ်းဘေးမှာပဲ သွန်ပစ်လိုက်ပါတယ်။
ဒီနေရာအရောက်မှာတော့ မထေရ်ရဲ့ အကုသိုလ်ဟာ
“ကာယကံမြောက်”အဆင့် အထိ ရောက်သွားပါပြီ။

မထေရ်က သူလုပ်ချင်တာ လုပ်လိုက်ရလို့
ကျေကျေနပ်နပ်နဲ့ ကျောင်းကိုရောက်တဲ့အခါမှာတော့
အာဂန္တုရဟန္တာမထေရ်က သူ့ရဲ့
စိတ်အကြံတွေသိပြီး ကျောင်းကထွက်ခွါသွားပါပြီ။
နောက်ဆုံးတော့ ကျောင်းထိုင်မထေရ်
ပျံလွန်တော်မူတဲ့အခါ “အဝီစိငရဲ”ကျသွားပါတော့တယ်။

ဂေါတမဘုရားရှင်ပွင့်တော်မူမှပဲ ငရဲကလွတ်ပြီး၊
သူဋ္ဌေးမိသားစုအိမ်မှာလူလာဖြစ်ရပါတယ်။
ဒါပေမယ့် သူဟာ အစားကောင်းကောင်းကိုလည်းမစားချင် ၊
အဝတ်ကောင်းကောင်းကိုလည်း မဝတ်ချင် ၊
နေရာ ကောင်းကောင်းမှာလည်း မနေချင် ဖြစ်နေပါတယ်။
အရွယ်ရောက်လာတော့ မိဘတွေကသူ့ကို
အာဇီဝကတက္ကတွန်းတွေဆီပို့ပေးလိုက်ပါတယ်။
တက္ကတွန်းတွေက သူ့ကိုရဟန်းပြုပေးပါတယ်။
နာမည်ကိုလည်း “ဇမ္ဗုကတက္ကတွန်း”လို့ ခေါ်လိုက်ကြပါတယ်။
“ဇမ္ဗုကတက္ကတွန်း” ဟာ ငါးဆယ်ငါးနှစ်ပတ်လုံး
တက္ကတွန်းအဖြစ်နဲ့ ကျင်လည်နေရပါတယ်။
ဒါပေမယ့် ကဿပဘုရားလက်ထက်မှာတုန်းက
အနှစ်နှစ်သောင်းရဟန်းပြုပြီး သီလကို လုံလုံခြုံခြုံစောင့်ထိန်းခဲ့တဲ့
“ပါရမီကုသိုလ်” ဟာ ဒီမှာအကျိုးပေးဖို့ အခွင့်စိုက်လာပါပြီ။
ဒါကြောင့် မြတ်စွာဘုရားရှင်ရဲ့ ဉာဏ်တော်မှာ
ဇမ္ဗုကတက္ကတွန်း လာထင်ပါတော့တယ်။
ကျောက်ဖျာတစ်ခုမှာနေနေတဲ့ ဇမ္ဗုကတက္ကတွန်းကို
မြတ်စွာဘုရားရှင်က တသီးတသန့်ကို တရားသွားဟောပေးပါတယ်။
တရားနာရင်း “ရဟန္တာ” ဖြစ်သွာပြီး၊ မြတ်စွာဘုရားရှင်က
“ဧဟိဘိက္ခု” ခေါ်လိုက်တာနဲ့ ရဟန်းဖြစ်သွားပါတော့တယ်။

မျက်မှောက်ခေတ်မှာ ဖြစ်ခဲ့တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကိုလည်း
ဒီမှာကြုံတုန်းပြောသွားရအောင်ပါ။
လွန်ခဲ့တဲ့ ငါးနှစ်လောက်က မန္တလေးမှာ
ဆရာဝန်မလေးနှစ်ယောက် ကလေးအထူးကုလားမသိပါဘူး။
ဘွဲ့လွန်တက်ကြရင်း တစ်ဦးနဲ့တစ်ဦး “မနာလိုဝန်တိုမှု၊
ဣဿာမစ္ဆရိယ” တွေဖြစ်ကြပြီး ၊ ဆရာဝန်မတစ်ယောက်က
အဆင်မပြေဖြစ်တဲ့ ဆရာဝန်မတစ်ယောက်ကို
အက်ဆစ်နဲ့ပက်လိုက်တာ မျက်စိနှစ်လုံး ပျက်စီးသွားပါတယ်။
ဒီတော့ အမှုတွေဖြစ်ကြရင်းနဲ့ အက်ဆစ်နဲ့ပက်လိုက်တဲ့
ဆရာဝန်မလေးလည်း ဥပဒေရဲ့အရေးယူမှုကို ခံသွားရပါတယ်။
ဒီနေရာမှာ စာဖတ်သူကို နည်းနည်းလောက်
မေးခွန်းထုတ်ကြည့်ရအောင်ပါ။
အက်ဆစ်နဲ့ပက်တဲ့ ဆရာဝန်မလေးရယ် ၊
အပက်ခံရတဲ့ဆရာဝန်မရယ်၊ အဲဒီနှစ်ယောက်ထဲက
ဘယ်သူ့ကို အပြစ်တင်မလဲ. .။?ဖြေကြည့်ပါဦး။
. . . . . . . . . . . . . . .
“အက်ဆစ်နဲ့ပက်တဲ့ ဆရာဝန်မလေးကို”
ဒါဆိုရင်တော့ မှားသွားပါပြီ။ ပုဂ္ဂိုလ်ကို အပြစ်တင်လိုက်ရင်
အပြစ်တင်တဲ့သူဟာ “အပြစ်” ပြန်ဖြစ်သွားတတ်ပါတယ်။
ဒါကြောင့် ပုဂ္ဂိုလ်ကို အပြစ်မတင်ရဘူး။
ဒီတော့ ဘယ်သူ့ကို အပြစ်တင်ရမလဲဆိုရင်
ဆရာဝန်မလေးနှစ်ယောက်ရဲ့ သန္တာန်မှာ ဖြစ်နေတဲ့
“ဣဿာမစ္ဆရိယ အကုသိုလ်စိတ်” ကို အပြစ်တင်ရမှာပါ။

သြော်. . .ဣဿာမစ္ဆရိယဆိုတာ
တော်တော်ကြောက်ဖို့ကောင်းပါလား။
ဘဝကို ချာချာလည်သွားအောင် ဘဝကို ကမောက်ကမ
ဖြစ်သွားအောင်လုပ်တတ်ပါလား စသည်ဖြင့်
အဲဒီလို အပြစ်တင်ရမှာပါ။ ပုဂ္ဂိုလ်ကို အပြစ်တင်ရင်
အပြစ်ပြန်ဖြစ်သွားတတ်ပါတယ်။
ဒါကြောင့် ဘယ်တော့မှ “ပုဂ္ဂိုလ်” ကို အပြစ်တင်မတင်ရပါဘူး။
ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာဖြစ်နေတဲ့ “မကောင်းတဲ့
အကုသိုလ်စိတ်” ကိုပဲ အပြစ်တင်ရပါတယ်။
ဒီအကြောင်းအရာလေးတွေ ရေးပြနေတာဟာ
တစ်ဖက်သားကို ထိခိုက်နစ်နာစေလိုတဲ့ စိတ်နဲ့
ရေးပြတာ မဟုတ်ပါဘူး။ “ဣဿာမစ္ဆရိယ” တွေရဲ့
“ဆိုးပြစ်” ကို သံဝေဂယူရအောင်ပါ။
ကာယကံရှင်တွေနဲ့ မသိပေမယ့်၊
ကရုဏာစိတ်ကတော့ တော်တော်လေးကိုဖြစ်မိပါတယ်။

အထက်က ဝတ္ထုလေးနှစ်ပုဒ်ကိုထောက်ပြီး ၊
ဣဿာမစ္ဆရိယဖြစ်တယ် ဆိုတာ
ဘုန်းကြီးဖြစ်တာ ၊ လူဖြစ်တာနဲ့ မဆိုင်ပါဘူး။
ပညာတတ်တာ၊ မတတ်တာနဲ့လည်း မဆိုင်ပါဘူး။
ဘုန်းကြီးကော လူကော ပညာတတ်ကော
ပညာမတတ်ကော အကုန်ဖြစ်နိုင်ပါတယ်။
“ဇမ္ဗုကမထေရ်”ဟာ ဘုန်းကြီးတစ်ပါးဖြစ်သလို ၊
ဆရာဝန်မလေးနှစ်ယောက်ဟာလည်း “ပညာတတ်”တွေပါ။
တကယ်ဆို ဇမ္ဗုကမထေရ်ဟာ ဣဿာမစ္ဆရိယသာ မဖြစ်ခဲ့ရင်၊
ကဿပဘုရားရှင်လက်ထက်မှာပဲ ရဟန္တာဖြစ်ချင်ဖြစ် ၊
မဖြစ်ရင်တောင် ပျံလွန်တော်မူတဲ့အခါ
ကောင်းရာသုဂတိကို ရောက်သွားရမှာပါ ။
အခုတော့ ဣဿာမစ္ဆရိယ ဖြစ်လိုက်တဲ့အတွက်
တရားထူး တရားမြတ်ရဖို့အရေး ဘုရားတစ်ဆူစာလောက်
ဝေးသွားရသလို ကြားထဲမှာလည်း “ငရဲ” ကျသွားရပါတယ်။

တစ်ခုတော့ ရှိပါတယ်။ ဇမ္ဗုကမထေရ်ဟာ ဣဿာမစ္ဆရိယကို
“မနောကံအဆင့်” လောက်ထိပဲ ဖြစ်နေမယ် ၊
“ဝစီကံနဲ့ကာယကံ” ကို ကောင်းကောင်းထိန်းချုပ်ထား
လိုက်နိုင်မယ်ဆိုရင်တော့ ဒီလောက်ဆိုးဆိုး ဝါးဝါးကြီး
ဖြစ်သွားမှာမဟုတ်ပါဘူး။ သူကဆဲရေးပြီး ၊
ဝစီကံအနေနဲ့ တစ်ဆင့်တက်လိုက်တာရယ် ၊
နောက်တစ်ခါ သပိတ်ထဲကဆွမ်းတွေကို သွန်ပစ်လိုက်ပြီး ၊
ကာယကံအဆင့်ကို ထပ်တက်လိုက်ပြန်တာရယ်ကြောင့်ပါ။
ကံသုံးပါးကို ဆင့်ကဲဆင့်ကဲ ကျူးလွန်လိုက်တဲ့အတွက်
နိဗ္ဗာန်နဲ့ဝေးသွားရသလို အပါယ်ငရဲကိုလည်း ကျသွားရတာပါ။

■နောက်တစ်ခုရှိတာက စာမှာ ဂုဏ်ရှိတဲ့သူကို
ပြစ်မှားရင် ပိုအပြစ်ကြီးပါတယ်တဲ့။
“ဇမ္ဗုကမထေရ်” ပြစ်မှားတဲ့သူက “ရဟန္တာမထေရ်”
ဖြစ်နေတဲ့ အတွက် ပိုအပြစ်ကြီးသွားတာလည်းပါပါတယ်။
တကယ်လို့ ဇမ္ဗုကမထေရ်ပြစ်မှားလိုက်တဲ့ မထေရ်က
“သာမာန်ရဟန်း”တစ်ပါး ဖြစ်နေမယ်ဆိုရင်တော့
ဒီလောက်ကြီး အပြစ်ကြီးသွားမှာ မဟုတ်ပါဘူး။
ကံသုံးပါးနဲ့ကျူးလွန်လိုက်တာရယ် ကိုယ်ပြစ်မှား
လိုက်တဲ့သူက ဂုဏ်ကြီးနေတာရယ်ကြောင့်
အပြစ်က ပိုကြီးသွားရတာပါ။

ဒီဝတ္ထုလေးတွေကို အာရုံပြုပြီး၊
အတွေးတစ်ချို့တွေးမိပါတယ်။
ဒီဝတ္ထုနဲ့ တိုက်ရိုက်သက်ဆိုင်ချင်မှလည်းဆိုင်မှာပါ။
အတွေးထဲမှာ တွေးမိတာလေးတွေပါ။

ပုထုဇဉ်လူသားတွေကိုကြည့်ရင် အလွှာသုံးမျိုးတွေ့ရပါတယ်။
●ရင်ထဲမှာမကျေနပ်စရာတစ်ခုခုရှိရင်
“ဖုန်း. . .ဒိုင်း” ဆိုပြီး လက်နဲ့ ၊ ဒါမှမဟုတ် ခြေနဲ့ ၊
ဒါမှမဟုတ် တုတ်၊ ဒါးတစ်ခုခုနဲ့ ဖြေရှင်း
ပစ်လိုက်တဲ့အလွှာက တစ်မျိုးပါ။
ဒါ ကာယကံမြောက် ကျူးလွန်တတ်တဲ့ အလွှာပါ။
“အကြမ်းစား အလွှာ” ပေါ့။

●နောက်အလွှာတစ်ခုကျတော့ ရင်ထဲမှာမကျေနပ်စရာ
တစ်ခုခုရှိရင် လက်တွေ ခြေတွေမပါပေမယ့်၊
“နှုတ်”က ပက်ကနဲ ပြောပစ်တတ်တဲ့အလွှာပါ။
ဒါက ဝစီကံမြောက် ကျူးလွန်တတ်တဲ့ အလွှာပါ။
“အလတ်စား အလွှာ”ပေါ့။

●နောက်အလွှာတစ်ခုကျတော့ မကျေနပ်စရာ
အာရုံတစ်ခုခုကြုံရပေမယ့် ရင်ထဲမှာပဲထားလိုက်ပါတယ်။
ကာယကံမြောက်လည်း မကျူးလွန်ဘူး။
ဝစီကံမြောက်လည်း မကျူးလွန်ဘူး။
မနောအဆင့် နဲ့ပဲ နေတာပါ။
ကိုယ့် ရင်ထဲကဖြစ်နေတဲ့ မကောင်းတဲ့စိတ်ကို
အပြင်လူသိခွင့် မပေးဘဲ ၊ မနောကံအဆင့်အနေနဲ့ပဲ ဖြစ်နေတာပါ။
ရင်ထဲမှာဖြစ်နေပေမယ့် “ကာယကံနဲ့ ဝစီကံ” ကို
ကောင်းကောင်းထိန်းချုပ်ထားလိုက်နိုင်တော့
အပြင်လူလည်း သိခွင့်မသာတော့ပါဘူး။
ရင်ထဲမှာဖြစ်နေတဲ့ ခပ်ညံ့ညံ့စိတ်ထားကို အပြင်လူကို
သိခွင့် မပေးဘဲ ၊ ကာယကံနှင့် ဝစီကံကို
ထိန်းချုပ်ထားလိုက်နိုင်တယ်ဆိုတာ
နည်းတဲ့သတ္တိ မဟုတ်ပါဘူး။
ဒါက “အနုစားအလွှာ” ပေါ့။

ကဲ . . . စာဖတ်သူ
အထက်ကအလွှာသုံးမျိုးထဲမှာ စာဖတ်သူက
ဘယ်အလွှာထဲမှာပါမလဲ. . . ?
. . . . . . . . . . . . . . . . . . . . . . . .
“အနုစားအလွှာ”
မနောက်ပါနဲ့ စာဖတ်သူရယ်။
အတင်းတွေ ဘာတွေ ပြောဖူးတယ် မဟုတ်လား။
ဒါဆိုဘယ်အလွှာထဲ ပါသွားပြီလဲ စာဖတ်သူကော
စာရေးသူကော မထူးလှပါဘူး။
“အလယ်အလတ်တန်း အလွှာ”ထဲမှာပဲ ထည့်လိုက်ကြရအောင်ပါ။
အလွှာတူသွားပြီဆိုတော့ အားမနာတမ်းပြောလို့ ရသွားပါပြီ။

ဒီတော့ ယေဘူယျ “အလယ်အလတ်တန်းစားအလွှာ”
အတွက်ပဲပြောကြရအောင်။ ကိုယ်က ဝစီကံအဆင့်လောက်
အထိတော့ ကျူးလွန်တတ်တယ် ဆိုပါတော့။
ဒါဆို အထုံဖြစ်နေတဲ့ ကိုယ့်ရဲ့ခပ်ညံ့ညံ့ဝစီကံကို
ဘယ်လိုပယ်မလဲ။ လွယ်ပါတယ် “အင်္ဂါလေးပါး”ကို
လက်ကိုင်ထားလိုက်ပါ။

“အင်္ဂါလေးပါး”က . . . .
~~~~~~~~~~~~~~~~~
(၁)သူတစ်ပါးမကောင်းကြောင်းကို မပြောပါနဲ့။
(၂)သူတစ်ပါးကောင်းကြောင်း ပြောပါ။
(၃)မိမိကောင်းကြောင်း မပြောပါနဲ့။
(၄)မိမိမကောင်းကြောင်းကို လိုအပ်လာရင် ရဲရဲဝံ့ဝံ့ပြောပါ။

●ဒီတော့ မနက်အိပ်ရာထတာနဲ့
“ငါ ဒီနေ့ သူတစ်ပါး မကောင်းကြောင်း မပြောဘူး ၊
သူတစ်ပါးကောင်းကြောင်းပဲ ပြောမယ်၊
ငါ့ရဲ့ကောင်းကြောင်းကိုမပြောဘူး၊
ငါ့ရဲ့မကောင်းကြောင်းကို လိုအပ်လာရင် ပြောပြမယ်။”
အဲဒီလို “သုံးကြိမ်လောက် ခပ်တိုးတိုးလေး” ရွတ်လိုက်ပါ။
ရွတ်လိုက်တာက လက်တွေ့ကျင့်သုံးဖို့ အားယူလိုက်တာပါ။
တကယ်လည်း လက်တွေ့ကျင့်သုံးကြည့်ရပါ့မယ်။
ဒီလိုနဲ့ ရုံးရောက်လာပြီပဲ ဆိုပါတော့ လူစုမိတာနဲ့
“ဟိုကောင်မ မိဖြူပေါ့” လို့ သူတစ်ပါးမကောင်းကြောင်း
ပြောဖို့ စလိုက်မိပါတယ် စကားအစမှာတင်
မနက်ကရွတ်ခဲ့တာလေးကို သတိရပြီး၊
ချက်ချင်းရပ်ပစ်လိုက်ပါ။

ဒီတော့ စုစုစုစု နဲ့ နားထောင်နေကျ ရုံးသူရုံးသားတွေက
“ဟဲ့. . . ပြောပါဦး မိဖြူဘာဖြစ်လဲ” လို့
နားထောင်ချင်ဇောနဲ့ ပြန်မေးလာပြီဆိုရင်
အင်္ဂါထဲမှာ သူတစ်ပါး မကောင်းကြောင်းမပြောနဲ့ ၊
သူတစ်ပါးကောင်းကြောင်းကို ပြောပါဆိုတော့
“မိဖြူရယ်လေ လမ်းဖြတ်ကူးဖို့ခက်နေတဲ့
အဖွားကြီးကို ဟိုဘက်လမ်းထိပ်အထိရောက်အောင်
ကူကူးပေးနေတာတွေ့ရတယ်။” လို့ပြောချလိုက်ပါ။

●သူတစ်ပါးမကောင်းကြောင်းပြောတာ အကုသိုလ်ပါ။
●သူတစ်ပါးကောင်းကြောင်းပြောတာက ကုသိုလ်ပါ။
ကုသိုလ်နဲ့အကုသိုလ်မှာ အကုသိုလ် မဖြစ်ဖို့က ပထမ၊
ကုသိုလ်ဖြစ်ဖို့က ဒုတိယပါ။
ဒီတော့ ကုသိုလ်မဖြစ်ချင်ရင် နေပါစေ ၊
အကုသိုလ်မဖြစ်အောင်တော့ အထူးစောင့်စည်းရမှာပါ။
ပြီးတော့ “သူတစ်ပါးမကောင်းကြောင်းပြောတာဟာ
အပြစ်ဖြစ်တယ် ၊ အကုသိုလ်ဖြစ်တယ်”
ဆိုတာကိုလည်း နှလုံးသွင်းထားရပါမယ်။
ဘာပဲပြောပြော သူတစ်ပါးမကောင်းပြောတတ်တဲ့
အကျင့်ကိုတော့ ဖျောက်ကိုပစ်ရပါ့မယ်။

တစ်နေ့တာကုန်လို့ ညအိပ်ရာဝင်တဲ့အခါမှာလည်း
နဖူးပေါ်လက်တင်ပြီး ဒီနေ့တစ်နေ့တာရဲ့ အပြုအမူ ၊
အပြောအဆိုတွေကို ပြန်စဉ်းစားကြည့်ရပါ့မယ်။
“ငါ ဒီနေ့ သူတစ်ပါးမကောင်းကြောင်း ပြောမိလား ၊
သူတစ်ပါးကောင်းကြောင်းကိုကော ပြောဖြစ်ရဲ့လား”
စသည်ဖြင့်ပေါ့။

ဒီလိုသာ ကိုယ့်ရဲ့ နှုတ်ကို စောင့်စည်းသွားစမ်းပါ။
မကြာခင် “အလယ်အလတ်တန်းအလွှာ” ကိုကျော်ပြီး
“အနုစားအလွှာ” အဆင့်အထိ ရောက်လာပါလိမ့်မယ်။

ဘာပဲပြောပြော စာဖတ်သူရယ်
“သူတစ်ပါးမကောင်းကြောင်း ၊
သူတစ်ပါးအပြစ် ၊ သူတစ်ပါးအားနည်းချက်”ကို
မပြောမိအောင် ကြိုးစားလိုက်စမ်းပါ။
ဘာလို့လဲဆိုတော့ သူတစ်ပါးမကောင်းကြောင်း
တစ်ခါပြောလိုက်ရင် ကိုယ့် သန္တာန်မှာ
“အကုသိုလ်တစ်မှတ်” ဝင်လာတာပါ။
ကိုယ်ကသာမာန်ပြောလိုက်ပေမယ့်
အပြောခံရသူတစ်ဖက်သားမှာလည်း
အများကြီး နစ်နာရပါတယ်။
အထူးသဖြင့် တစ်ဖက်သားရဲ့ “ဂုဏ်သိက္ခာနဲ့
အကျိုးရလာဒ်” ကို အများကြီးထိခိုက်ပါတယ်။
ဒါကြောင့် ကိုယ့် ဂုဏ်သိက္ခာအတွက်
စောင့်ထိန်းရသလို ၊ သူ့ဂုဏ်သိက္ခာအတွက်လည်း
စောင့်ထိန်းပေးရပါတယ်။

ပြီးတော့ နားထောင်တဲ့သူက ပညာရှိရင်
“ဒီလူ “သူတစ်ပါးမကောင်းကြောင်း
ပြောတတ်တဲ့ အကျင့် ရှိပါလား”
ဆိုပြီး ကိုယ့် ကိုလည်းအထင်သေးသွားတတ်ပါတယ်။
ဒါကို ပြောနေသူကိုယ်တိုင်က မသိပါဘူး။

ဘာပဲဖြစ်ဖြစ် မနက်ဖြန်ကစပြီး
“သူတစ်ပါးမကောင်းကြောင်း၊သူတစ်ပါးအပြစ်၊
သူတစ်ပါးအားနည်းချက်ကို မပြောပါနဲ့တော့။
သူတစ်ပါးမကောင်းကြောင်းပြောတာဟာ “အကုသိုလ်”ပါ။
ကြာလာရင် “အကုသိုလ်တွေ” များလာနိုင်ပါတယ်။
ဝင်လာတဲ့ အကုသိုလ်က အင်အားများလာရင်
အလကားနေမှာတော့ မဟုတ်ဘူးလေ။
-【ဆရာတော်အရှင်ရာဇိန္ဒ (ရဝေနွယ် - အင်းမ)၏
“အတွေးများ နဲ့ မိတ်ဖွဲ့ခြင်း” နှာ ၈၉ - ၉၈ မှ
ကူးယူပူဇော်ပါသည်။】
Posted by
www.facebook.com/youngbuddhistassociation.mm