“ချစ်တယ်”ဆိုရင် သူ့ကို ဘယ်သူနဲ့မှ မနှိုင်းတာ
အကောင်းဆုံးပဲ။ နှိုင်းယှဉ်ပြီးတော့ တွေးတာနဲ့
စိတ်ချမ်းသာမှုကို မရတော့ဘူး။
မြင်ရတဲ့အခါ မပျော်နိုင်တော့ဘူး။

ကိုယ့် “သားသမီး” ကို သူတစ်ပါး
သားသမီးနဲ့ နှိုင်းပြီးတော့ နင့်ထက်
သူတို့က ပိုတော်တယ်လို့ ပြောလိုက်ရင်
ဘယ်လိုနေမလဲ ဒီသားသမီးကို
ချစ်ရာမရောက်တော့ဘူး။
ဘာဖြစ်လို့လဲဆိုတော့ . . .
“ဒီအတိုင်းကတော့ နင့်ကို ငါမချစ်နိုင်ဘူး”လို့ ပြောသလို
ဖြစ်နေတယ်။ ဟိုတစ်ယောက်က တော်တယ်။
သူတော်သလို နင်တော်မှ ငါနင့်ကို နှစ်သက်မယ်။
ကျေနပ်နိုင်မယ်။ လက်ခံနိုင်မယ်။
လက်ရှိ အခြေအနေအတိုင်းကတော့ မကြိုက်ဘူး။
မချစ်နိုင်ဘူး။ လက်မခံနိုင်ဘူး။
ဒီလို အဓိပ္ပါယ်ပေါက်တယ် နော်။

အဲဒီလို အဓိပ္ပါယ်ပေါက်ရင် “သား၊သမီး”စိတ်ထဲမှာ
ဘယ်လိုခံစားရမလဲ။ ငါ့ကို မချစ်ဘူးလို့ ခံစားရမယ်။
အားငယ်သွားမယ်။
ပြီးတော့ ကိုယ့်မိဘက ကိုယ့်ကို သူတစ်ပါးနဲ့ နှိုင်းပြီးတော့
ရုပ်ရည်အားဖြင့်ဖြစ်စေ ၊ပညာအရည်အချင်းအားပဲဖြစ်စေ ၊
တစ်နည်းနည်းနဲ့ ညံ့တယ်လို့ ပြောလို့ရှိရင်
ဒီစကားဟာ စိတ်ထဲရောက်ပြီး စွဲသွားတဲ့အခါ
ကြာရင် မိဘက မပြောတာတောာင်မှ သားသမီးစိတ်ထဲမှာ
“သူက ငါ့ထက်သာတယ်။ ငါက ညံ့တယ်” လို့
မကြာမကြာ တွေးမိတယ်။

ဒီကလေးက “ငါ့ညံ့တယ်”ဆိုတဲ့ စိတ်နဲ့
သူ့ဘဝကို နေသွားတော့မှာပဲ။
အဲဒါလောက် စိတ်ဆင်းရဲစရာကောင်းတာ မရှိဘူး။
ကိုယ့်ကိုကိုယ် အထင်သေးသွားတာက ၊
“အင်မတန်ကြီးမားတဲ့ ဆုံးရှုံးမှုကြီး” ဖြစ်တယ်။

တချို့ကပြောမှာပေါ့။
မခံချင်အောင် ပြောရင် ပိုကြိုးစားမှာပေါ့၊
ဒါကြောင့် မခံချင်အောင် ပြောတာလို့ ၊
တစ်စိတ်တစ်ဒေသကတော့ မှန်ချင်လည်း မှန်လိမ့်မယ်။
ဒါပေမဲ့ ဒီကလေးရဲ့ စိတ်ထဲမှာ “မခံချင်စိတ်” ဝင်သွားတယ်ပဲ ထားအုံး။
သူက ငါ့ထက်သာတယ် ငါက သူ့ထက်သာအောင်
လုပ်ရမယ်ဆိုတဲ့ စိတ် ဝင်သွားရင်
သူ့ဘဝတစ်ခုလုံး သူများနဲ့ နှိုင်းယှဉ်ပြီး တွေးတဲ့
စိတ်နဲ့ နေသွားတော့မှာ။
ဘယ်သူက ငါ့ထက် သာတယ်။
ငါက ဘယ်သူ့ထက် သာတယ်။

အဲဒီစိတ်မျိုးနဲ့ ဘဝကို နေရရင် ဘဝတစ်ခုလုံး
အဓိပ္ပါယ်မရှိတော့ဘူး။ စိတ်မချမ်းသာတော့ဘူး။
သူ့သဘာဝနဲ့ သူ့အလှကိုသိပြီး၊ချစ်တဲ့စိတ်နဲ့နေမှ
ဘဝဟာ အဓိပ္ပါယ်ရှိမယ်။
-【ဆရာတော် ဦးဇောတိက ၊မဟာမြိုင်တောရ၏
“စိတ်ချမ်းသာမှု ၏ လျှို့ဝှက်ချက်”မှ-
ကောက်နှုတ်ဖော်ပြပါသည်။】