ဗုဒ္ဓသာသနာတော်မှာ စာသင်နည်း သုံးမျိုးရှိကြောင်းပဏ္ဏာသ
(၁)ပါဠိ ၁၈၆ - မှာ ပြထားတယ်ကွယ့်၊ စာသင်နည်း သုံးမျိုးဆိုတာ -
(၁) အလဂဒ္ဒူပမာစာသင်နည်း၊
(၂) ဘဏ္ဍာဂါရိကစာသင်နည်း
(၃) နိဿရဏစာသင်နည်းတို့ ဖြစ်ကြတယ်။

(၁) "အလဂဒ္ဒူပမာ စာသင်နည်း" ဆိုတာ -
ငါစာတတ်လျှင်ကျော်စောထင်ရှား လာဘ်ပေါများလိမ့်မယ်၊
သူတစ်ပါးကို ဘယ်လိုနှိမ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နှင့်သင်ခြင်း
မျိုးဖြစ်တယ်၊ ရည်ရွယ်ချက် မကောင်းတဲ့အတွက်(ဇာတံ
သရဏတော ဘယံ) ကိုးကွယ်ရာက ဘေးဖြစ်လာတာပေါ့၊
သည်သင်ကြားခြင်းမျိုး ကို မြွေဖမ်းမတတ်တဲ့ အလမ္ပာယ်နှင့်
တင်စားပြီး အလဂဒ္ဒူပမာ စာသင်နည်းလို့မှည့်ခေါ်ထားတယ်။

(၂) "ဘဏ္ဍာဂါရိက စာသင်နည်း" ဆိုတာ စကြာမင်းရဲ့ဘဏ္ဍာစိုးဟာ
ဘဏ္ဍာပစ္စည်းကို မိမိမသုံးဆောင်သော်လည်း မင်းဘဏ္ဍာမပျက်စီးအောင်
ကျပ်တည်းစွာ စောင့်ရှောက်သလိုဘုရားဘဏ္ဍာတော်ဖြစ်တဲ့
တရားတော်များကို မပျက်စီးအောင် ဆည်းပူးအားထုတ်တဲ့ ရဟန္တာများ
သင်ကြားခြင်းမျိုးကိုဘဏ္ဍာဂါရိက စာသင်နည်းလို့ ခေါ်တယ်။

(၃) "နိဿရဏ စာသင်နည်း" ဆိုတာက ငါဟာ တရားတော်ကို
လေ့လာပြီး တရားအတိုင်းကျင့်မယ်၊ သံသရာကလွတ်အောင်
လုပ်မယ်လို့ မွန်မြတ်တဲ့ ရည်ရွယ်ချက်နှင့်သင်ကြားခြင်းမျိုးကို
နိဿရဏသင်ကြားခြင်းမျိုးလို့ ခေါ်ရတယ်။

ကပိလရဟန်းဟာ နိဿရဏစာသင်နည်းနှင့် ပိဋကတ်တော်ကို
သင်ခဲ့တာမဟုတ်ဘူး၊ အလဂဒ္ဒူပမာ စာသင်နည်းမျိုးနှင့် သင်ခဲ့တာမို့
(ပိဋကသုံးပုံဆောင်)စာတတ်ပုဂ္ဂိုလ်ဖြစ်ပါလျက်နှင့်ငရဲသို့ ကျခြင်း
ဖြစ်တယ်ကွယ့်၊ သည်နေရာမှာ စာသင်သားများသတိထားကြဖို့
ရှေးဆရာတော်များဆုံးမထားတဲ့ ဂါထာကလေးနှင့် အဆုံးသတ်ကြစို့ရဲ့။

မာနံကရောတိ ယော ဗာလေ၊ သိက္ခိတွာန ဇိနရိတံ။
ဧတဿ သရဏံ နတ္ထိ၊ ဇာတံ သရဏတော့ ဘယံ။

ယော ဗာလော - အကြင်သူမိုက်သည်၊
ဇိနေရိတံ - မြတ်စွာဘုရားဟောကြားအမှန်မြတ်ကျမ်းဂန်ကို၊
သိက္ခိတွာန - မာနရှေ့ထား မှတ်သင်ကြား၍၊
မာနံ - သူ့ထပ်ထူးချွန် မာန်တံခွန်ကို၊
ကရောတိ - ပြု၏၊
ဧတဿ - ထိုပုဂ္ဂိုလ်အား၊
သရဏံ - အပါယ်မှတစ်ပါးသော ကိုးကွယ်ရာသည်၊
နတ္ထိ- မရှိ၊
သရဏတော - ကိုးကွယ်ရာအမှန် မြတ်ကျန်းဂန်းမှ၊
ဘယံ - ဘေးသည်၊
ဇာတံ ဇာယတေ - ဖြစ်ပေါ်၍
လာတတ်လေသတည်း။

( ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ - အမှတ်စဉ်(၁၇၀) - ပိဋကတ်
သုံးပုံဆောင်ပြီး အဘယ်ကြောင့် အဝီစိသို့ ရောက်ရကြောင်း (ကပိလ
ငါးကြီးဝတ္ထု) မှ ကောက်နုတ်ချက် )

- နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ
အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တဒေဝိန္ဒာဓိပတိ
(ထီးချိုင့်မြို့ - တည်တောဆရာတော်ကြီး)

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

ဓမ္မဒါန - ကိုရဲဝင်းထွန်း