အတ္တကဖျက်ဆီးချင်တဲ့သဘောရှိတယ်။
သူ့ရပ်တည်ရာမြဲဖို့ သူတစ်ပါးကိုနေရာဖယ်ချင်တယ်။
အတ္တမရှိရင် ဘယ်သူ့ကိုမှ မဖျက်ဆီးချင်ဘူး။
အတ္တမရှိရင် အရာရာတိုင်းကို ပိုပြီးတော့
တန်ဖိုးထားတယ်။
ပိုပြီးသနားတတ်တယ်။
ပိုပြီးချစ်တတ်တယ်။
ပိုပြီးလေးစားတယ်။
အတ္တရဲ့သဘာဝကို သေသေချာချာစဉ်းစားပါ။

အတ္တမှာလုံခြုံမှုဆိုတာ ဘယ်တော့မှမရှိဘူး။ စိတ်မချဘူး။ အမြဲတမ်းစိုးရိမ်နေတယ်။ အမြဲတမ်း ကြောက်နေတယ်။
အကြောက်ပြေဖို့ကို နည်းအမျိုးမျိုးနဲ့ ကြိုးစားတယ်။
ပိုက်ဆံရှိရင် အားရှိတယ်၊
အာဏာရှိရင် အားရှိတယ်လို့ယူဆတယ်။
လူတွေကို ငါချုပ်ကိုင်လို့ရရင်၊ ငါခိုင်းသလိုလုပ်ရင်
ငါနည်းနည်းလုံခြုံမှုရှိမယ် ။စိတ်အေးရမယ်။
ဒါကြောင့်ငါခိုင်းတာကို လုပ်မယ့်သူတွေ များအောင်လုပ်မှ ဖြစ်မယ်။
ငါခိုင်းသလို မလုပ်တဲ့သူတွေကို ဖယ်မှဖြစ်မယ်။

အတ္တဟာ တစ်ဖက်သားကို ချုပ်ချယ်ချင်တယ် ။
သူတစ်ပါးကို ချုပ်ကိုင်ထားပြီးတော့
ကိုယ့်ဘ၀ ရပ်တည်မှုကို ရှာချင်တယ် ။ ကိုယ့်အတွက်အဆင်ပြေဖို့သူများကိုအသုံးချလိုက်တယ်။
အတ္တဟာ သူတစ်ပါးကိုဘယ်တော့မှ လွတ်လပ်မှုမပေးဘူး။ သူကိုယ်တိုင်ကော လွတ်လပ်သလား ။
သူကိုယ်တိုင်လည်းဘယ်တော့မှ မလွတ်လပ်ဘူး ။

ဒီအတ္တရဲ့သဘာဝကို ပိုသိလာတော့
မြတ်စွာဘုရားကို ပိုပြီးတော့ ကျေးဇူးတင်တယ်။
"အနတ္တသဘော" ကို နားလည် နိုင်အောင်
သဘောပေါက်နိုင်အောင် ဟောခဲ့တယ်။

တရားအားထုတ်ပြီးတော့ ကိုယ်ပိုင်ဥာဏ်နဲ့မြင်နိုင်အောင်
နည်းလမ်းတွေ ပေးခဲ့တယ်။ ဘုရားပေးတဲ့နည်းအတိုင်း
အားထုတ်လို့ အနတ္တကို သိလာတဲ့အခါမှာ အနတ္တဟာ
ဘယ်လောက် အေးချမ်းသလဲ၊
လွတ်လပ်သလဲဆိုတာ သိလာတယ်။

အနတ္တစိတ်ဟာ ဘယ်လောက်ပြည့်စုံသလဲဆိုတာ သိလာတယ်။ အနတ္တစိတ်နဲ့နေတဲ့အချိန်မှာ ဘယ်သူ့ကိုမှ မချုပ်ချယ်ချင်ဘူး။ ဘယ်သူကမှလည်း ချုပ်ချယ်လို့ မရဘူး။

- (ဆရာတော် ဦးဇောတိက၊ မဟာမြိုင်တောရ)