“ဝစီဘေဒ(ခေါ်)ဝစီဒုစရိုက်များ”
•••••••••••••••••••••••••••••••
“ဝစီဒုစရိုက်များ၏ဆိုးကျိုး-ကောင်းကျိုးများ”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ကာယကံ ၃ပါး၊ဝစီကံ ၄ပါး၊မနောကံ ၃ပါး၊ယင်း(၁၀)ပါးကို
“မကောင်းမှု အကုသိုလ်ဒုစရိုက်တရား” ဟုခေါ်သည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
(၁)။ “မုသာဝါဒ-မဟုတ်မမှန်လိမ်ညာပြောဆိုခြင်း”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ကိုယ်အမူအရာဖြင့်ဖြစ်စေ၊နှုတ်ဖြင့်ဖြစ်စေ၊သူတစ်ပါး
အကျိုးပျက်စီးအောင် မဟုတ်မမှန်လိမ်ညာလျှင်
မုသာဝါဒကံလွန်ကျူးသည်ဟု ခေါ်ပါသည်။

-ထိုမဟုတ်မမှန်ပြောဆိုမှုသည် တစ်ဖက်သား
အကျိုးစီးပွါးပျက်စီးမှု ကြီးလျှင်ကြီးသလောက်
အပြစ်ကြီးသည်။
-ထိုသူသေသောအခါ ငရဲ၌ဖြစ်ရသည်။
ငရဲဘုံမှ လွတ်၍ လူပြန်ဖြစ်ခွင့်ရသော်မှ
-စကားမပီခြင်း၊
-သွားမညီညွှတ်ခြင်း၊
-ခံတွင်းပုပ်ညှီခြင်း၊
-အသားအရေ မွဲခြောက်ခြင်း၊
-မျက်စိ၊နား မကြည်လင်ခြင်း၊
-ရုပ်အဆင်းချို့တဲ့ခြင်း၊
-ဩဇာအာဏာမတည်ခြင်း၊
-နှုတ်လျှာပြောဆိုမှု ကြမ်းတမ်းခြင်း၊
-စိတ်မတည် လျှပ်ပေါ်လော်လည်တတ်ခြင်း။

ဤသို့များစွာသော အပြစ်များကို ခံစားရတတ်ပါသည်။

“မုသာဝါဒမြောက်မှု”
••••••••••••••••••••••••••••
-မဟုတ်မမှန်သော အကြောင်းအရာဖြစ်ခြင်း၊
-မဟုတ်မမှန် ပြောဆိုလိုစိတ်ရှိခြင်း၊
-ပြောလည်းပြောခြင်း၊
-လိမ်လည်တတ်သော စကားအဓိပ္ပါယ်ကို
လိမ်လည်ခံရသူကသိခြင်း၊

“မုသာဝါဒရှောင်ကြဉ်ရသောအကျိုး”
•••••••••••••••••••••••••••••••••••••••••••••••
ဤမုသာဝါဒကို ရှောင်ကြဉ်ပါက သုဂတိဘဝသို့
ရောက်ပြီးလျှင် အောက်ပါအကျိုးများကို ရရှိခံစားကြရပါသည်။
-စကားပီသပြတ်သားခြင်း၊
-သွားများညီညာခြင်း၊
-ခံတွင်းမွှေးကြိုင်ခြင်း၊
-ကိုယ်ရေအသားပြည့်ဖြိုးခြင်း၊
-မျက်စိနားစသော ဣန္ဒြေများ ကြည်လင်ခြင်း၊
-ပုံသဏ္ဌာန်ကိုယ်နေလှပခြင်း၊
-သူတစ်ပါးအပေါ် ဩဇာအာဏာရှိခြင်း၊
-အပြောအဆို နှုတ်စအာစ ကောင်းခြင်း၊
-စိတ်တည်ငြိမ်ခြင်း၊
-အကြီးအကဲ ဖြစ်ရတတ်ခြင်း၊

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
(၂)။ “ပိသုဏဝါစာ-ကုန်းတိုက်စကားပြောဆိုခြင်း”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
-သူနှစ်ယောက်တို့ ညီညွှတ်နေရာ တစ်ယောက်အပြစ်ကို
တစ်ယောက်ထံ ပြောကြားခြင်းဖြင့် တစ်ယောက်နှင့်တစ်ယောက်
အချစ်ပြယ်၍ ညီညွှတ်မှု ကွဲပြားသွားတတ်သည်။
ထိုသို့သော ကုန်းတိုက်စကားပြောဆိုမှုကို
ရှောင်ကြဉ်ရပါသည်။
-မိတ်ဆွေနှစ်ယောက်ညီညွတ်နေမှုကို ကွဲပြားအောင်
ကုန်းတိုက်သောသူသည် သေသည့်အခြားမဲ့၌ အပါယ်
လေးပါး၌ ဆင်းရဲကြီးစွာခံရသည်။

-အပါယ်လေးပါးမှလွတ်ပြီး လူလာဖြစ်ရသော်မှ
အောက်ပါဆိုးကျိုးများ ခံစားရတတ်ပါသည်။
- အဆွေခင်ပွန်းချစ်ကျွမ်းဝင်သူတို့နှင့် စိတ်ဝမ်းကွဲပြားရခြင်း၊
- သူတစ်ပါးလုံ့လကြောင့် သေကြေပျက်စီးရခြင်း၊
- သူတော်ကောင်းတရာ၌ သက်ဝင်ယုံကြည်မှု မရှိခြင်း၊
- မိတ်ဆွေအပေါင်းအသင်း မတည်မြဲခြင်း၊
- လူအများ အမုန်းခံရတတ်ခြင်း၊
-စိတ်ဓာတ်ညစ်ညမ်းခြင်း။

“ပိသုဏဝါစာ-ဖြစ်ရန်အင်္ဂါများ”
••••••••••••••••••••••••••••••••••
-ညီညွှတ်သူ နှစ်ဦးရှိခြင်း၊
-ကွဲပြားစေလိုသော စိတ်ရှိခြင်း၊
-မိမိကိုချစ်စေလိုသော စိတ်ရှိခြင်း၊
- ကွဲပြားအောင် လုံ့လပြုအားထုတ်ခြင်း၊
- ထိုသို့ပြောသည်ကို သူနှစ်ဦးတို့က နားလည်ခြင်း၊
- ကွဲပြားကြခြင်း။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
(၃)။ “ဖရုသဝါစာ-ဆဲရေးတိုင်းထွာခြင်း၊
ကြမ်းတမ်းသောစကားဖြင့် ပြောဆိုခြင်း။”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မကြားဝံ့ မနာသာ အယုတ်တမာဆဲရေးဆိုမှုစသော
ကျွဲခတ်ပါစေ၊ မြွေကိုက်သေပါစေ၊ မိုးကြိုးပစ်ပါစေ၊
လောင်မီးကျပါစေ၊ ယုတ်ညံ့သော အင်္ဂါတို့ဖြင့်တိုင်းပြီး
ပြောဆိုခြင်း၊ ကျိန်ဆဲခြင်း တို့သည် ဖရုသဝါစာ မည်ပါသည်။
-တရားကိုယ်အားဖြင့် ဆဲဆိုလိုသော စေတနာသည်
ဖရုသဝါစာမည်ပါသည်။
-ဖရုသဝါစာ၌ နှုတ်ထွက်ကြမ်းသည်ဖြစ်စေ၊
ချိုသာသည် ဖြစ်စေ စေတနာကြမ်းကိုသာ
ကြမ်းသည် ဟုဆိုလိုပါသည်။
-ထို့ကြောင့် မိဘတို့က ကျိန်ဆဲသည် ဆိုရာ၌ ဖရုသဝါစာ မဖြစ်ပါ။
-မင်းက လူတစ်ယောက်ကိုသတ်စေရာ၌
“ချမ်းသာစွာ အိပ်ပါစေတော့”ဟုဆိုလိုက်သည်။
စကားအရာ ချိုသာသော်လည်း သေစေလိုသော
ဒေါသစေတနာပါနေ၍ ဖရုသဝါစာထိုက်ပါသည်။
-ကြမ်းကြုတ်စကား ဆိုသောသူသည် သေသည်၏
အခြားမဲ့၌ အပါယ်လေးဘုံ၌ဆင်းရဲစွာခံစားရပါသည်။

အပါယ်လေးပါးမှလွတ်၍ လူဖြစ်သော်မှ
အောက်ပါ ဆိုးကျိုးများခံစားရတတ်ပါသည်။
- မနှစ်သက်သော အသံကိုကြားရခြင်း၊
-အများအမုန်းခံရခြင်း၊
- ကဲ့ရဲ့ ပြစ်တင်ခံရခြင်း၊
- ဆင်းဆင်းရဲရဲနေထိုင်ရခြင်း၊
- သာယာနာပျော်ဖွယ်အသံမရှိခြင်း၊
- အလုံးစုံအသံအင်္ဂါ ပျက်စီးတတ်ခြင်း(ဆွံ့အခြင်း)။

မကြားဝံ့မနာသာ ကြမ်းကြုတ်သောစကားကို
ပြောဆိုခြင်းမှ ရှောင်ကြဉ်သောပုဂ္ဂိုလ်သည် ဖြစ်လေရာ
ဘဝတိုင်းဝယ် အောက်ပါကောင်းကျိုးများ ခံစားရပါသည်။
- လူသတ္တဝါများ၏ ချစ်ခင်မှုကို ခံရခြင်း၊
- လူသတ္တဝါများ၏ စိတ်နှလုံးကို နှစ်သက်စေနိုင်ခြင်း၊
- ချမ်းသာစွာ နေရခြင်း၊
- သာယာနာပျော်ဖွယ် စကားရှိခြင်း၊
-လူအများ ချီးမွမ်းခံရခြင်း၊
-အင်္ဂါနှစ်ပါးရှိသော အသံနှင့်ပြည့်စုံခြင်း။

“ဖရုသဝါစာ-ဖြစ်ရန်အင်္ဂါများ”
••••••••••••••••••••••••••••••••
-အဆဲခံရသူရှိခြင်း၊
- အမျက်ထွက်စိတ်ဆိုးခြင်း၊
- ဆဲရေးခြင်း၊

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
(၄)။ “သမ္ဖပ္ပလာသ-
အကျိုးမရှိ၊အနှစ်မဲ့သောစကားပြောဆိုခြင်း”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
-စီးပွားချမ်းသာကို ဖျက်ဆီးတတ်သောစကား၊
အနက် အဓိပ္ပာယ်မရှိ၊ ပြိန်ဖျင်းသောစကားကို ပြောဆိုကြောင်း
ဖြစ်သော စေတနာသည် သမ္ဖပ္ပလာပ မည်ပါသည်။
-ပရမတ္တစက္ခကျမ်း၌ ဒီပဲယင်းဆရာတော်ဘုရားကြီးက-
“အနတ်ဆံကင်းဆိုသည်မှာ ရာမမင်း၏သီတာဒေဝီမိဖုရားကို
ခေါင်းဆယ်လုံးရှိ ဘီလူးမင်း ခိုးယူသည်။
ရွှေယုန်နှင့်ရွှေကျားသက်ကယ်ရိပ်သွားသည်။
ဤသို့ စသည့် ရှေးကမဖြစ်ဖူး၊ မရှိဖူးသည်ကို
ဖြစ်ဖူး၊ ရှိဖူး သကဲ့သို့ သူတစ်ပါးရာဂပွားရန်၊
ဒေါသပွားရန်၊ မောဟ ပွားရန်၊
ကြံဖန်ပြောဆိုသောစကားဟူသမျှ
စပါးဖျင်း - ကဲ့သို့အနက်ဆံမပါသည်ကို ဆိုသည်။
-သူ့ကိုဆုံးမရာ၊ တရားဟောရာ၊ ပြောရာ၌ထင်လွယ်အောင်
ဥပမာပုံပြထည့်သွင်းပြောဆိုရာတို့၌ သမ္မပ္ပလာပ မဖြစ်”
ဟု ဖွင့်ဆိုပြထားပါသည်။

-စီးပွားချမ်းသာကို ဖျက်ဆီးတတ်သောစကား
အနက် အဓိပ္ပာယ်မရှိ၊ ပြိန်းဖျင်းသောစကားကို
ပြောဆိုသူသည် ခန္ဓာပျက်သည်၏ အခြားမဲ့၌
အပါယ်လေးပါး၌ ဆင်းရဲကြီးစွာ ခံစားရတတ်သည်။
-အပါယ်လေးပါးလွတ်၍ လူ့ဘဝရောက်သော်မှ
အောက်ပါဆိုးကျိုးများခံစားရတတ်ပါသည်။

-မိမိပြောဆိုသောစကားကို သူတစ်ပါးတို့ မယုံကြည်ခြင်း၊
-မိမိကို လူအများမုန်းတီးခြင်း၊
-လူအများက မိမိကို အလေးမထားခြင်း၊
-အများယုံကြည်ဖွယ်ဖြစ်အောင် မပြောဆိုတတ်ခြင်း၊
-လာဘ်လာဘနည်းပါးခြင်း၊
-ဘုန်းတန်ခိုးအရှိန်အစော် အာနုဘော်နည်းခြင်း၊
-ပညာသေးသိမ် မှေးမှိန်ခြင်း။

▬▬▬▬▬▬▬▬▬▬▬▬▬
✤“ဖရုသဝါစာ ဆိုသည်မှာ….”✤
▬▬▬▬▬▬▬▬▬▬▬▬▬
ဖရုသဝါစာသည် ကြမ်းတမ်းသောစကားပြောဆိုခြင်း
ဟုဆိုရာ ကြမ်းတမ်းသောစကားကိုပြောခြင်း
ဟူသည် ဆဲကြောင်း ဝတ္ထုဖြင့် ဆဲမှုပင်ဖြစ်ပါသည်။
ဆဲသည့်အခါ ဒေါသဖြင့်ဆဲသည့်အလျောက်
သဘာဝအားဖြင့်ပင် ဖရုသဝါစာကိုယ်တိုင်ကလည်း
ကြမ်းလျက်ရှိပါသည်။

ကြမ်းတမ်းသောစကားဖြစ်သောကြောင့်
ကြားရသူကိုလည်း နားမချမ်းသာ၊
အကျိုးမဲ့ဖြစ်စေတတ်သောစကားဖြစ်သောကြောင့်
စိတ်လည်းမချမ်းသာ။ နှစ်သက်မှုလည်းမရှိ။
ပြောသူရော ကြားရသူပါ နှစ်ဦးစလုံး လွှသွားကဲ့သို့၊
ကြမ်းတမ်းအောင်၊ ဆင်းရဲအောင်ပြုလုပ်လေသည်။

ဖရုသဝါစာ၏တရားကိုယ်မှာ ဇာတ်စသော ဆဲရေးကြောင်း
ဝတ္ထု(၁၀)ပါးကို ထိပါးပုတ်ခတ်ကြောင်းဖြစ်သော
လုပ်ကိုင်မှု၊ပြောဆိုမှုတို့ကို ဖြစ်စေသော
ကြမ်းတမ်းသော စေတနာပင် ဖြစ်ပါသည်။

ဇာတ်စသော ဆဲရေးကြောင်းဝတ္ထု(၁၀)ပါးဖြင့်
ဆဲရေးသောအခါ ဆဲရေးခံရသူသည် သေကြေလောက်အောင်
အလွန် နာကြည်းလေသည်။ ထို့ကြောင့် ဆဲရေးကြောင်း
(၁၀)ပါးသည် “သေလောက်သော အနာနှင့် တူသည်”
ဟုဆိုပါသည်။

ဆဲသည့်အခါ နားလည်းမခံသာ။စိတ်နှလုံးလည်း
မချမ်းသာအောင်ရှိရကား လှံဖြင့် ထိုးဆွသကဲ့သို့
ဖြစ်သောကြောင့် ဆဲခြင်းကို နှုတ်လှံထိုးခြင်း။
(နှုတ်တည်းဟူသောလှံဖြင့်ထိုးခြင်း) ဟု ခေါ်ဝေါ်ကြပါသည်။

“ဆဲမျိုး(၁၀)ပါး”
•••••••••••••••••••••••••
လှံကိုင်၍ထိုးရာ၌ လှံသည်ကိုင်ရာဝတ္ထု ဖြစ်သဖြင့်
ဆဲရာ၌အမျိုးကိုင်၍ အမျိုးကို ထိပါးပုတ်ခတ်၍ဆဲခြင်း၊
အမည်ကိုင်၍ အမည်ထိပါးပုတ်ခတ်၍ ဆဲခြင်း စသည်ဖြင့်
ကိုင်တွယ်ရာ၊ ထိပါးပုတ်ခတ်ရာ ဝတ္ထုများ ရှိပါသည်။
- ထိုဝတ္ထုများကို ဆဲကြောင်းဝတ္ထုများ ဟုခေါ်ပါသည်။
ထိုဆဲကြောင်းဝတ္ထုများမှာ-
✤(၁)။အမျိုး ထိပါးဆဲခြင်း၊
✤(၂)။အမည် ထိပါးဆဲခြင်း၊
✤(၃)။အနွယ် ထိပါးဆဲခြင်း၊
✤(၄)။အလုပ်အကိုင် ထိပါးဆဲခြင်း၊
✤(၅)။အတတ်ပညာ ထိပါးဆဲခြင်း၊
✤(၆)။ရှိသောအနာရောဂါ ထိပါးဆဲခြင်း၊
✤(၇)။အချိုးကျ-မကျ ပုံသဏ္ဌာန်ထိပါးဆဲခြင်း၊
✤(၈)။ဖြစ်တတ်သော လောဘ၊ဒေါသ၊မောဟ၊မာန၊
ဣဿာ မစ္ဆရိယ စသောကိလေသာများဖြင့် ထိပါးဆဲခြင်း၊
✤(၉)။လွန်ကျူးဖူးသည့်အပြစ်ကို ထိပါးဆဲခြင်း၊
✤(၁၀)။နွား၊ခွေးစသော တိရစ္ဆာန်နှင့်စပ်သော အရာဝတ္ထု၊
မေထုန်နှင့်စပ်သောအရာဝတ္ထု၊
ယောကျာ်းအင်္ဂါဇာတ်၊မိန်းမအင်္ဂါဇာတ်နှင့်စပ်သော
အရာဝတ္ထု ရှေး(၉)မျိုးမှ တစ်ပါး ရုန့်ရင်းကြမ်းတမ်းသော
စကားများ စသည်ဖြင့် ဆဲခြင်း။

“ဆဲနည်း (၁၀)မျိုးဥပမာများမှာ-”
•••••••••••••••••••••••••••••••••••
✤(၁)။အမျိုး ထိပါးဆဲပါက-သူတောင်းစားမျိုး၊
တံငါသည်မျိုး စသည်၊
✤(၂)။အမည် ထိပါးဆဲပါက-အမျိုးယုတ်၊အဖသတ်ကောင်၊
စဏ္ဍာလကောင် စသည်၊
✤(၃)။ အနွယ်ထိပါးဆဲပါက-စဏ္ဍလနွယ်၊ သူတောင်းစားနွယ်၊
အောက်တန်းစားနွယ် စသည်၊
✤(၄)။ အလုပ်အကိုင် ထိပါးပါက-ချေးကျုံးသမား၊
ဆိုက်ကားသမား စသည်၊
✤(၅)။ အတတ်ပညာ ထိပါးဆဲပါက-သူခိုးဝိဇ္ဇာ၊
လူလိမ် စသည်၊
✤(၆)။ အနာရောဂါ ထိပါးဆဲပါက-မီးယပ်ပိန်၊ ဖာကျိုး၊
အနူ စသည်၊
✤(၇)။ပုံသဏ္ဌာန် ထိပါးဆဲပါဏ-လံဘားကြီး၊ငပု၊ ညှပ်စိ စသည်၊
✤(၈)။ကိလေသာ ထိပါးဆဲပါက -ဏှာဘူး၊ မာနခဲ စသည်၊
✤(၉)။အပြစ် ထိပါးဆဲပါက-ရာဂကြူး၊ကလိမ်ကကျစ် စသည်၊
✤(၁၀)။ယုတ်မာသော ဆဲရေးမှု-တိုင်းတာဆဲခြင်း၊
ခွေး၊ ခွေးသား စသည့် ဆဲခြင်းတို့ ဖြစ်သည်။

“ဆဲပုံ ၊ ဆဲနည်း(၄)မျိုး”
••••••••••••••••••••••••••••••
(၁)။ ယုတ်နိမ့်သောပုဂ္ဂိုလ်ကို ယုတ်နိမ့်သောအမျိုးဖြင့်ဆဲခြင်း။
(ဥပမာ-စဏ္ဍာလကို စဏ္ဍာလမျိုး ဟုပြောဆိုဆဲရေးခြင်း)
(၂)။ မြင့်မြတ်သောပုဂ္ဂိုလ်ကို ယုတ်နိမ့်သောအမျိုးဖြင့်ဆဲခြင်း။
(ဥပမာ-မင်းမျိုးကို စဏ္ဍာလမျိုး ဟုပြောဆိုဆဲရေးခြင်း)
(၃)။ ယုတ်နိမ့်သောပုဂ္ဂိုလ်ကို မြင့်မြတ်သောအမျိုးဖြင့်ဆဲခြင်း။
(ဥပမာ-စဏ္ဍာလကို မင်းမျိုး ဟုပြောဆိုဆဲရေးခြင်း)
(၄)။ မြင့်မြတ်သောပုဂ္ဂိုလ်ကို မြင့်မြတ်သောအမျိုးဖြင့်ဆဲခြင်း။
(ဥပမာ-မင်းမျိုးကို မင်းတို့မင်းမျိုးတွေကဟုပြောဆိုဆဲရေးခြင်း)

ဤသို့လျှင် အယုတ်အမြတ်အားဖြင့် ဆဲရေးခြင်း(၄)မျိုးဖြင့်
ဆဲရေးခြင်းဝတ္ထု(၁၀)ပါးကို မြှောက်ပါက
ဆဲခြင်းအမျိုး(၄၀) ဖြစ်ရပါသည်။

“စောင်းချိတ်ပြောဆိုမှု”
••••••••••••••••••••••••••••
ဆဲဆိုရာဝယ်-
(၁)။ တိုက်ရိုက်ဆဲဆိုမှု၊
(၂)။ စောင်းချိတ်ဆဲဆိုမှု ဟူ၍ (၂)မျိုးရှိသည်။
စဏ္ဍာလကို မင်းက သူတောင်းစားပဲ ဟုပြောဆိုခြင်းသည်
တိုက်ရိုက်ဆဲခြင်းမျိုးဖြစ်သည်။
စောင်းချိတ်ဆဲရာတွင်-
(၁)။ ဒီနေရာမှာ စဏ္ဍာလအမျိုး ရှိနေတယ်ဟေ့
(၂)။ ဒီနေရာမှာရှိနေသူတွေဟာ စဏ္ဍာလတွေပဲကွ
(၃)။ ငါတို့ကတော့ စဏ္ဍာလမျိုး မဟုတ်ဘူးကွ
ဤသို့စသည့်စောင်းချိတ်ပြောလျှင်လည်း
ဖရုသဝါစာ မြောက်ပါသည်။

“မျက်ကွယ်ဆဲသော်/ကိုယ်အမူအရာပြသော်”
•••••••••••••••••••••••••••••••••••••••••••••••
ဒီဃနိကာယ် မဇ္ဈိမနိကာယ် ဋီကာဆရာတို့အလိုအရ
ဤဖရုသဝါစာသည် ဆဲအပ်သူ၏မျက်မှောက်ဖြစ်ပါမှ
ကံမြောက်သည် မဟုတ်။ သူတစ်ပါးကို ဆဲရေးပြီးမှ
မှားမှန်းသိသဖြင့် ကန်တော့သောပုဂ္ဂိုလ်သည်
ကန်တော့ခံရသူ အဝေး၌တည်နေ၍ မျက်ကွယ်ဖြင့်
သော်လည်းကောင်း၊ သေပြီးသော်လည်းကောင်း၊
ကန်တော့စေကာမူ ကန်တော့ခြင်းကိစ္စ
ထမြောက် အောင်မြင်သကဲ့သို့၊
မျက်ကွယ်၌ တည်သောသူကို ဆဲသော်လည်းကောင်း၊
သေပြီးသူကို ဆဲသော်လည်းကောင်း ဖရုသဝါစာထိုက်၏။

ဆဲရာ၌ ပါးစပ်ဖြင့်ပြောမှ မဟုတ်ပေ။
ဆဲသည့်အဓိပ္ပာယ် သိအောင် လက်ဖြင့်ကြမ်းကြမ်း
တမ်းတမ်းလုပ်ပြမှု၊ အမူအရာ လုပ်ပြမှု၊ စာရေးပြမှု
စသည်များသည်လည်း တစ်ဖက်သူကသိပါက
ဖရုသဝါစာ ဖြစ်ပါသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“ဖရုသဝါစာ ကံမြောက်မှု နှင့် အကျိုးပေးမှု”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
(၁)။ အဆဲခံရသူရှိခြင်း၊
(၂)။ အမျက်ထွက်ခြင်း၊
(၃)။ ဆဲခြင်း၊
ဟူသော ဖရုသဝါစာအင်္ဂါ(၃)ပါးကို ဆဲကြောင်းဖြစ်သော
စေတနာသည် အင်္ဂါညီညွှတ်မှသာ ကမ္မပထမြောက်ပါသည်။

ကမ္မပထမြောက်မှသာ ဖရုသဝါစာကံ အထမြောက်ပါသည်။
ကမ္မပထမမြောက်က ဖရုသဝါစာကံ ဟုမဆိုရပါ။
ဝစီကံမျှသာ ဆိုရပါသည်။

ကမ္မပထမြောက်သောကံသည် အပါယ်ပဋိသန္ဓေကျိုးကို
ပေးနိုင်သည်။ ကမ္မပထမမြောက်သောကံမှာ
အပါယ်ပဋိသန္ဓေအကျိုးပေးနိုင်-မပေးနိုင် ကိန်းသေ
တွက်၍ မရပါ။အချို့ပေးနိုင်သည်။
အချို့မပေးနိုင်ပါ။ ပဋိသန္ဓေအကျိုးကို မပေးနိုင်သော်လည်း
မိမိမှာ ပြန်ဖြစ်ခြင်း စသောဝဋ်လိုက်သောအားဖြင့်ဖြစ်သော
ပဝတ္တိအကျိုးကား သေချာလှပါသည်။

“အပြစ်ကြီးမှု-ငယ်မှု”
•••••••••••••••••••••••••••••••••
အဆဲဆိုခံရသောပုဂ္ဂိုလ်၏ သီလ၊ သမာဓိ ပညာဂုဏ်
အကြီးအငယ်လိုက်၍ အပြစ်အကြီးအငယ် ကွာခြားပါသည်။
အဆဲခံရသူ သီလ၊ သမာဓိ၊ပညာဂုဏ်ကြီးလျှင် ဆဲသူမှာ
အပြစ်ကြီးပါသည်။ အဆဲခံရသူ သီလ၊ သမာဓိ၊ပညာဂုဏ်ငယ်က
ဆဲသူမှာ အပြစ်ငယ်ရပါသည်။ တစ်ဖန် ဆဲသူ၏
ဒေါသ အကြီး-အငယ် လိုက်၍လည်းကောင်း၊
ဆဲသည့်ခဏ အများ၊အနည်းကို လိုက်၍လည်းကောင်း
အပြစ်အကြီး၊အငယ် ကွာခြားပါသည်။
ကမ္မပထမြောက်-မမြောက်ပေါ်လိုက်၍လည်း
အပြစ်ကြီး-အပြစ်ငယ် ကွာခြားပါသည်။

ဆဲရေးမှုပြုရာတွင်-
••••••••••••••••••••••••
(၁)။ရိုးရိုးဆဲခြင်း
(၂)။ကျိန်ဆဲခြင်း ဟူ၍ (၂)မျိုးရှိပါသည်။
ရိုးရိုးဆဲခြင်းကား အထက်ကဆိုခဲ့သော ဆဲရေးခြင်း
(၁၀)မျိုး တစ်မျိုးမျိုးဖြင့် ဆဲရေးခြင်းကို ဆိုလိုပါသည်။

ကျိန်ဆဲခြင်းကား သင့်လိုကောင် ကားတိုက်သေပါစေ၊
မြွေကိုက်သေပါစေ ဟု ဒေါသစေတနာဖြင့် ကျိန်ခြင်းကို
ကျိန်ဆဲခြင်း ဟု သတ်မှတ်ပါသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
✤“ကျိန်ဆဲခြင်း၊ ကျိန်စာဆိုခြင်း”✤
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“ကျိန်ဆဲခြင်း၊ ကျိန်စာဆိုခြင်း(၂)မျိုး” တို့တွင်
ကျိန်ဆဲခြင်းကား သူတစ်ပါးကို ဆင်းရဲ
ဒုက္ခရောက်စေလို၍ ဒေါသစေတနာဖြင့်
ကျိန်ဆဲ၍ ဖရုသဝါစာထိုက်ပါသည်။

ကျိန်စာဆိုခြင်းကား -
မိမိကိုယ်ကို မှန်ကန်သောသဘော၊
သူတစ်ပါးယုံကြည်စေလို၍ သက်သေ
ပြသောအားဖြင့် ဆိုသောကြောင့်
ဖရုသဝါစာ မထိုတ်။

သို့သော်。。。 ကျိန်စာဆိုမှုသည်
ဖရုသဝါစာ မဖြစ်သော်လည်း ၊ကျိန်သည့်အတိုင်း
ဖြစ်ရတတ်၊ခံစားရတတ်သောကြောင့်
ကျိန်စာဆိုမှုသည် သတိပြုစရာ အချက်ပင်ဖြစ်သည်။

မုသားဆို၍ ကျိန်စာဆိုခဲ့သောကြောင့်
ကျိန်စာအတိုင်း ခံစားရသောသာဓကများစွာ
ဘုရားလက်ထက်ကပင် အတော်
ထင်ရှားပေါ်ပေါက်ခဲ့ပါသည်။

❖ဘုသပေတဝတ္ထုတွင်
အမဲသားကိုခိုးစားလျက် မစားဟု
လိမ်ညာပြီး၊ခိုးစားပါလျှင် ဖြစ်လေရာဘဝတိုင်း
ကိုယ့်ကျောသားကို ကိုယ်ကိုယ်တိုင်ခြစ်ယူ၍စားရပါစေ
ဟု ကျိန်စာဆိုခဲ့သည်။ ထို ကျိန်စာအတိုင်း သေသောအခါ
ပြိတ္တာဖြစ်ပြီး ကိုယ့်ကျောကိုယ် ခွာစားရသည်။

❖ပဉ္စပုတ္တခါဒပေတဝတ္ထုတွင်
မိန်းမတစ်ယောက်သည် မိန်းမငယ်ကို
ကိုယ်ဝန်ကျဆေးတိုက်ပြီး သားမဖွားအောင်
ပြုလုပ်ခဲ့သည်။ ထိုကိစ္စကို စစ်ဆေးသောအခါ-
“မကျွေးရပါ၊ကျွေးမိပါက ကိုယ်ဖွားသောသားကို
ပြန်စားရသည့်ကိုယ် ဖြစ်ပါစေ” ဟု ကျိန်စာ ဆိုခဲ့သည်။
သေသည့်နောက်တွင် ပြိတ္တာမဖြစ်ပြီး ကိုယ့်သားကိုယ်
ပြန်စားရသောဘဝ ရောက်ရသည်။

❖ကဏ္ဍမုဏ္ဍသောဘိဝတ္ထုတွင်
ဥပုသ်သည်ခေါင်းဆောင် အမျိုးသမီးသည်
သေသောက်ကြူးနှင့်ဖောက်ပြားသည်။
လင် ယောက်ျားက စစ်ဆေးသောအခါ
မဟုတ်ကြောင်း ကျိန်စာ ဆိုလေသည်။
အဖော်များကို မေးကြည့်သောအခါ ...
အဖော်များကလည်း ဝိုင်းညာပြီး ကျိန်စာဆိုသည်။
ထိုအမျိုးသမီးများအားလုံး ကွယ်လွန်သောအခါ
နေ့တွင် ဥပုသ်စောင့်သောအကျိုးကြောင့်
နတ်စည်းစိမ်ခံစားရပြီး၊
ညပိုင်းတွင် မုသားကျိန်စာကြောင့် ခွေးစားခံရသည်။

ထို့ကြောင့် ကျိန်စာဆိုမှုသည် ဖရုသဝါစာ
မဖြစ်သော်လည်း မုသာဝါဒ အဖော်သဟဲဖြစ်၍
ကျိန်စာ ဆိုသည့်အတိုင်းဖြစ်ရသည်။ ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【မဟာသဒ္ဓမ္မဇောတိကဓဇ တက္ကသိုလ် သျှင်သီရိ