ကိုယ်သေရမယ့်အချိန်ကို ကြိုတင်ပြီး အတိအကျ သိရခြင်းဟာ ကိုယ့်အတွက် လောကီဘက်မှာရော၊ လောကုတ္တရာဘက်
မှာပါ တန်ဖိုးမဖြတ်နိုင်ပါဘူး။မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ရမယ့် အခက်အခဲတစ်ခုအတွက် ကြိုတင်ပြင်ဆင်ခွင့်ရမယ်၊ ကြိုတင်
ပြင်ဆင်ထားနိုင်မယ်ဆိုရင် အဲဒီအခက်အခဲကို အလွယ်တကူနဲ့ သက်သက်သာသာ ကျော်လွှားနိုင်မှာပါ။ သေမှာကို ကြိုသိရင်
သေဖို့အတွက် ကြိုတင်ပြင်ဆင်နိုင်တာပေါ့။

အကောင်းဆုံး သေခြင်းနဲ့ သေခွင့်ရအောင် လေ့ကျင့်ထားနိုင်တာပေါ့။
“သေခြင်းတရား ဘယ်အချိန်မှာ လာမလဲ၊ ကိုယ့်ဘက်ကတော့ သေဖို့ အဆင်သင့်ပဲ”လို့ ကြွေးကြော်နိုင်ဖို့အတွက် သေခြင်း
တရားကို ကြိုတင်လက်ခံထားဖို့ လိုအပ်ပါတယ်။ သေခြင်းတရားကို ကြိုတင်လက်ခံထားပြီးတာနဲ့ တစ်ပြိုင်နက် သေဖို့ အဆင်သင့်
ဖြစ်စေမယ့် အလုပ်တွေကို မမေ့မလျော့ ပြုလုပ်အားထုတ်ရပါမယ်။
သေခြင်းတရားက အပြီးတိုင် လွတ်မြောက်စေမယ့်အလုပ်၊ အသေ လွတ်ကြောင်း အလုပ်တွေကို လုပ်ထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။
အသေလွတ်ကြောင်းအလုပ်ကို ဆုံးခန်းတိုင်ရောက် ကိစ္စပြီးမြောက်အောင် လုပ်ထားနိုင်သူအတွက်တော့ သေခြင်းတရားဟာ ထိတ်လန့်တုန်လူပ် စရာ မဟုတ်ပါဘူး။ ပြုံးပျော်ကြည်နူးစရာပါ။

မသိခြင်းငါးပါးနဲ့ အသက်ရှင်နေရတဲ့ လူသားတွေအတွက် ကိုယ်သေရမယ့်အချိန်ကို ကြိုတင်ပြီး အတိအကျ သိဖို့ဆိုတာ အင်မတန်
ခက်ခဲတဲ့ ကိစ္စရပ်ကြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ အခက်ခဲဆုံးကိစ္စကို အလွယ်တကူသိနိုင်တဲ့ နည်းလမ်းရှိပါတယ်။ အဲဒါကတော့ အာနာပါန
ကမ္မဋ္ဌာန်း အားထုတ်ခြင်းပါပဲ။

အာနာပါနသတိပဋ္ဌာန်တရား ပွားများအားထုတ်လို့ ရဟန်းကိစ္စပြီး မြောက်သွားတဲ့ ရဟန္တာပုဂ္ဂိုလ်မြတ်များဟာ မိမိတို့ ပရိနိဗ္ဗာန်ပြုရမယ့်
အချိန်အခါကို မိနစ်၊ စက္ကန့်မလွဲ အတိအကျ ကြိုတင်သိမြင်နိုင်ကြပါတယ်။

အာနာပါနကမ္မဋ္ဌာန်းမှတစ်ပါးသော
တခြားကမ္မဋ္ဌာန်းတွေနဲ့ ပေါက် မြောက်သွားတဲ့ ရဟန္တာပုဂ္ဂိုလ်တွေကတော့ ပရိနိဗ္ဗာန်ပြုရမယ့်
အချိန်ကို ကြိုသိဖို့ မသေချာပါဘူး။ သိတဲ့ပုဂ္ဂိုလ်လည်း ရှိသလို မသိတဲ့ ပုဂ္ဂိုလ်လည်း ရှိပါတယ်။ မသိတဲ့ပုဂ္ဂိုလ်က ပိုများပါတယ်။ အာနာပါန
ကမ္မဋ္ဌာန်းပိုင်ရှင်ကတော့ အဲဒီလို မဟုတ်ပါဘူး။ သေချာပေါက် သိကို သိပါတယ်။

ရဟန္တာပုဂ္ဂိုလ်ဆိုတာ အသာထားလိုက်ပါဦး။
အာနာပါနသတိပဋ္ဌာန်ကို အထိုက်အလျောက် ပေါက်မြောက်အောင် ပိုင်ပိုင်နိုင်နိုင် အားထုတ်ထားတဲ့ ပုထုဇဉ်ယောဂီပုဂ္ဂိုလ်တွေတောင်မှ
ကိုယ်သေရမယ့်အချိန်ကို ကြိုတင်ပြီး အတိအကျ သိနိုင်ကြပါတယ်။ တချို့လည်း အနီးစပ်ဆုံး သိနိုင်ကြပါတယ်။
ကြိုတင်သိကြတဲ့အတွက် ကိုယ့်အလောင်းကိုယ် ကြိုတင်ပြင်ဆင်သွား သူတွေ၊ ကြိုတင်စီမံပြောကြားသွားသူတွေ မရေမတွက်နိုင်အောင်
ရှိပါတယ်။
သေခါနီးမှာ ကိုယ့်ဘာသာကိုယ် ရေမိုးချိုး၊ အဝတ်အစားအသစ်လဲ၊ အသုဘမှာ လှူဖို့မှာကြားပြီး ပြုံးပြုံးလေး သေသွားသူတွေ အများကြီးပါပဲ။

---------------------

တစ်ခါတုန်းက သီဟိုဠ်ကျွန်း၊ စိတ္တလတောင်မှာ သီတင်းသုံးတဲ့ မထေရ်ကြီး တစ်ပါး
လပြည့်ဥပုသ်နေ့တစ်ခုမှာ သံဃဥပုသ်ပြုအပြီး ကိုယ့်ကျောင်းမှာ ကိုယ် သံဃာအများနဲ့ ခြံရံသီတင်းသုံးနေပါတယ်။
ကောင်းကင်ထက်က လရောင်ကို မော်ကြည့်ရင်း မိမိရဲ့ သက်တမ်းအကြွင်း အပိုင်းအခြားကို ဆင်ခြင်နှလုံးသွင်းနေရာက တပည့်သံဃာများဘက် ပြန်လှည့်ပြီးတော့ ခုလို မိန့်ကြားတော်မူလိုက်ပါတယ်။
“ငါ့ရှင်တို့… သင်တို့ ဘယ်လိုပုံစံမျိုးနဲ့ ပရိနိဗ္ဗာန်ပြုတာကို မြင်ဖူးကြသလဲ”
ဒီလိုမေးလိုက်တော့ တချို့တပည့်တွေက “နေရာမှာထိုင်လျက် ပရိနိဗ္ဗာန် ပြုတာကို မြင်ဖူးပါတယ်ဘုရား”၊ တချို့တပည့်တွေက…
“ကောင်းကင်မှာ တင်ပျဉ်ခွေလျက် ပရိနိဗ္ဗာန်ပြုတာကို မြင်ဖူးပါတယ် ဘုရား” စသည်အားဖြင့် ကိုယ်မြင်တွေ့ဖူးတဲ့ ပရိနိဗ္ဗာန်ပြုပုံတွေကို
အသီးသီး လျှောက်ထားကြပါတယ်။
---------------------------

“စင်္ကြံလျှောက်လျက်နဲ့ ပရိနိဗ္ဗာန်ပြုတာကိုရော မြင်ဖူးကြသလား”လို့ မေးတော့… လုံးဝမမြင်ဖူးသေးကြောင်း တပည့်သံဃာအားလုံးက လျှောက်ထားကြပါတယ်။
“ကောင်းပြီ ငါ့ရှင်တို့… ဒါဖြင့် သင်တို့ကို စင်္ကြံလျှောက်ရင်း ပရိနိဗ္ဗာန် ပြုတာကို ငါအခုပြမယ်”…လို့ မိန့်ကြားတော်မူပြီး စင်္ကြံလျှောက်တဲ့လမ်း (စင်္ကြံလမ်း)ရဲ့ တစ်နေရာမှာ မျဉ်းကြောင်းတစ်ခု သားလိုက်ပါတယ်။
“ငါ့ရှင်တို့၊ ကြည့်ကြနော်၊ ငါ စင်္ကြံလမ်းရဲ့ ဒီဘက်ထိပ်ကနေ ဟိုဘက် ထိပ်အရောက် ကြွပြီး ပြန်လှည့်လာမယ်၊ ဟောဒီ မျဉ်းသားထားတဲ့နေရာ
ရောက်ရင် ရောက်ရောက်ချင်း ပရိနိဗ္ဗာန်ပြုမယ်”

အဲဒီလို မိန့်ကြားတော်မူပြီး တပည့်သံဃာများရဲ့ ရှေ့မှောက်မှာ စင်္ကြံကြွပြတော်မူပါတယ်။ တပည့်သံဃာများက စင်္ကြံအစအဆုံး တည်တည ်ငြိမ်ငြိမ် ကြွလှမ်းနေတဲ့ မထေရ်ကြီးကို မျက်တောင်မခတ် ကြည့်ရူ ကြည်ညိုနေကြပါတယ်။

မထေရ်ကြီး မိန့်တော်မူတဲ့အတိုင်းပဲ
စင်္ကြံတစ်ဖက်စွန်းကနေ ပြန်လှည့် အလာ၊ မျဉ်းသားထားတဲ့နေရာမှာ ခြေတော်တစ်ဖက်ပဲ နင်းချရရုံရှိသေး၊ မတ်တပ်ရပ်ရက်နဲ့ အဲဒီစင်္ကြံမျဉ်းနေရာမှာပဲ ပရိနိဗ္ဗာန် ပြုတော်မူခဲ့ပါတယ်။

အဲဒီမထေရ်ကြီးနည်းတူ ပရိနိဗ္ဗာန်ပြုမယ့်အချိန် (သေမယ့်အချိန်)ကို ကြိုသိပြီး စနစ်တကျ ကြိုတင်ပြင်ဆင် ပရိနိဗ္ဗာန်ပြုသွားခဲ့တဲ့ အရှင်မြတ်တွေ မရေမတွက်နိုင်အောင် များပြားလှပါတယ်။

သေမယ့်အချိန်ကို ကြိုသိပြီး စနစ်တကျ ပြင်ဆင်သေသွားနိုင်တာဟာ အာနာပါနကမ္မဋ္ဌာန်း၊ အာနာပါနသတိပဋ္ဌာန်းရဲ့ အကျိုးကျေးဇူးပါပဲ။

သေရမယ့်အချိန်ကို ကြိုသိခြင်းဟာ မင်္ဂလာတစ်ပါးပါ။ ကျန်းမာစွာ အသက်ရှင်ရခြင်းဟာ လာဘ်ကြီးတစ်ပါးဖြစ်သလို ချမ်းသာစွာ
သေဆုံးရခြင်းဟာလည်း လာဘ်ကြီးတစ်ပါးဖြစ်ပါတယ်။
ဘဝပြတ်အောင် အားမထုတ်နိုင်သေးသူအတွက် သေခါနီးမှာ တမလွန်ဘဝကူးကောင်းဖို့ အလွန်အရေးကြီးပါတယ်။ သေရမယ့်
အချိန်ကိုကြိုသိရင် ဘဝကူးကောင်းဖို့အတွက် စိတ်တိုင်းကျ ကြိုတင် ပြင်ဆင်နိုင်ပါတယ်။

သေရမယ့်အချိန်ကို ကြိုသိချင်တယ်ဆိုရင်တော့ အာနာပါန သတိပဋ္ဌာန် တရားကို လေးလေးစားစား ပွားများအားထုတ်ကြရုံပါပဲ။ သေချိန်ကို
ကြိုသိခြင်းရဲ့ အသေချာဆုံးအကြောင်းဖြစ်တဲ့ အာနာပါနကမ္မဋ္ဌာန်းကို ဝမ်းမြောက်ဝမ်းသာ အားထုတ်ကြဖို့ တိုက်တွန်းပါတယ်။

--------------------------
အရှင်ဆန္ဒာဓိက( ရွှေပါရမီတောရ)