ဗုဒ္ဓဒေသနာတော် အားလုံး၏ အဆီအနှစ် (မဂ္ဂင်ရှစ်ပါး)

ဗုဒ္ဓဒေသနာတော်အားလုံသည် ဤမဂ္ဂင်ရှစ်ပါးတရားတွင် တနည်းနည်းဖြင့် အကျုံးဝင်လျက်ရှိပေ သည်။ ထို့ကြောင့် ဤမဂ္ဂင်ရှစ်ပါးတရားကို ဒေသနာတော်အားလုံး၏ အဆီအနှစ်ဟု ခေါ်ဆိုနိုင်ပေ သည်။

သီလမဂ္ဂင် (၃) ပါး

၁။ သမ္မာဝါစာ (မှန်သောစကားကို ပြောဆိုမှု) ဆိုသည်မှာ – မဟုတ်မမှန် လိမ်ညာပြောဆိုခြင်း၊ ကြမ်းတမ်းစွာပြောဆိုခြင်း၊ ကုန်းချောစကား၊ သွေးခွဲစကား၊ အနှစ်မဲ့စကား ပြောကြားခြင်း တို့မှ ရှောင်ကြဉ်ခြင်းဖြစ်သည်။

၂။ သမ္မာကမ္မန္တ (မှန်သောပြုလုပ်မှု) ဆိုသည်မှာ – သူ့အသက်ကို သတ်ဖြတ်ခြင်း၊ သူ့ဥစ္စာကို ခိုးယူလုယက်ခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ မတရားသော ကာမဂုဏ်ခံစားခြင်းတို့မှ ရှောင်ကြဉ်ခြင်းဖြစ် သည်။

၃။ သမ္မာအာဇီဝ (မှန်သောအသက်မွေးမှု) ဆိုသည်မှာ – လိမ်လည် ကောက်ကျစ်ခြင်း၊ သတ္တဝါများ ကို သတ်ဖြတ်ခြင်း၊ အဆိပ် သေရည်သေရက် လက်နက် ခဲယမ်းမီးကျောက် စသည် တို့ကို ရောင်း ဝယ် ဖေါက်ကားခြင်းစသော သူတပါးတို့အား ဘေးဖြစ်စေသည့် လုပ်ငန်းများဖြင့် အသက်မွေး ဝမ်းကြောင်း ပြု ခြင်းမှ ရှောင်ကြဉ်ခြင်းဖြစ်သည်။

သမာဓိမဂ္ဂင် (၃) ပါး
၄။ သမ္မာဝါယာမ (မှန်သော အားထုတ်မှု) ဆိုသည်မှာ – ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်နိုင်အောင် ကြိုးစားအားထုတ်ခြင်း၊ မဖြစ်သေးသော အကုသိုလ် တရားတို့ကို မဖြစ်အောင် ကြိုးစားအားထုတ်ခြင်း၊ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်အောင် ကြိုးစားအားထုတ်ြ ခင်း၊ ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို တိုးတက်များပြားလာအောင်ကြိုးစား အားထုတ်ခြင်း ဟူသော သမ္မပ္ပဓာန်လေးပါးနှင့်အညီ ကြိုးစားအားထုတ်ခြင်းများဖြစ်သည်။

၅။ သမ္မာသတိ(မှန်သောအောက်မေ့မှတ်သားမှု) ဆိုသည်မှာ – မှန်ကန်သော အောက်မေ့အမှတ် ရခြင်း၊ ကောင်းစွာ အောက်မေ့ခြင်း။ ကုသိုလ်တရားတို့၌ ကောင်းစွာ အောက်မေ့သတိရ ခြင်းဖြစ်သည်။

(က) ကိုယ်တွင်း၌ ဖြစ်ပျက်လှုပ်ရှားနေခြင်းများ (ကာယ)၊
(ခ) တွေ့ထိခံစားရမှုများ (ဝေဒနာ)၊
(ဂ) စိတ်တွင် ဖြစ်ပျက်လှုပ်ရှားနေခြင်းများ (စိတ္တ) နှင့်
(ဃ) စိတ်ကူးကြံစည်မှု၊တွေးတေားယူဆမှုများနှင့်အကြောင်းခြင်းရာများ(ဓမ္မ)

တို့ကို အပတ်တကုတ် လုံးလပြု၍ စေ့ငှစွာမလွတ်စေဘဲ စောင့်ကြပ်ကြည့်ရှု သတိပြုနေခြင်းကို မှန်သော အောက်မေ့မှတ်သားမှုဟု ခေါ်သည်။

၆။ သမ္မာသမာဓိ (မှန်သောတည်ငြိမ်မှု) ဆိုသည်မှာ – မှန်ကန်သော တည်ကြည်ခြင်း၊ ကောင်းစွာ တည်ကြည်ခြင်းပင်ဖြစ်သည်။

ပညာမဂ္ဂင် (၂) ပါး
၇။ သမ္မာသင်္ကပ္ပ (မှန်သောကြံစည်မှု) ဆိုသည်မှာ – ကိုယ်ကျိုးကို စွန့်လွှတ်လိုခြင်း၊ သတ္တဝါအားလုံး အပေါ်တွင် မေတ္တာစိတ်ထားခြင်း စသည်တို့ဖြစ်သည်။

၈။ သမ္မာဒိဋ္ဌိ (မှန်သောအမြင်) ဆိုသည်မှာ – အကြောင်းအရာများကို မဖေါက်မပြန် မှန်ကန်စွာ သိမြင် နားလည်ခြင်းဖြစ်သည်။ အရိယ သစ္စာလေးပါးကို မဖေါက်မပြန် မှန်ကန်စွာ သိမြင်ခြင်း ပင်ဖြစ်သည်။ ဤသို့ ပရမတ္ထ တရားကို ထိုးထွင်းသိမြင်ခြင်းသည် ဉာဏ်ပညာအရာတွင် အထွတ် အထိပ်သို့ ရောက်ခြင်းဖြစ်သည်။

အထက်ဖေါ်ပြပါ မဂ္ဂင်လမ်းသည် လူပုဂ္ဂိလ်တစ်ဦးစီ အသီးသီး ကိုယ်တိုင်ကိုယ်ကျ လေ့လာလိုက် နာ ထူထောင် ကျင့်သုံးရမည့် နေထိုင်မှု လမ်းစဉ်ပင်ဖြစ်ပေသည်။ သီလ၊ သမာဓိ၊ ပညာ အင်္ဂါသုံး ရပ် ကို ပြည့်စုံအောင်ထူထောင်ခြင်းဖြင့် အဆုံးစွန် အေးငြိမ်းခြင်း၊ ချမ်းသာခြင်း၊ လွတ်မြောက်ခြင်း ဖြစ်သော နိဗ္ဗာန်သို့ ရောက်စေနိုင်သည့် လမ်းသာ ဖြစ်ပေသည်။

source: http://religion.ohnphwa.com/…/%E1%80%99%E1%80%82%E1%81%A2%…/ မှ ကူးယူ တည်းဖြတ် ဖော်ပြပါသည်။