မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးနှင့်
ထိုင်းလူမျိုးတို့၏ တရားအမေးအဖြေ
-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=
ကျေးဇူးရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး(ဝနဝါသီဉေယျ ဓမ္မသာမိထေရ်) သီတင်းသုံးရာ မဟာမြိုင်တောကြီးသို့ အနယ်နယ်အရပ်ရပ်မှ ဝေနေယျများ လာရောက်ဖူးမြော်ကြည်ညိုကြရာ ပြည်တွင်းသာမက ပြည်ပမှပါ လာရောက်ကြပါသည်။

စင်ကာပူ၊ ထိုင်း၊ သြစတြေးလျ၊ ဖိလစ်ပိုင် စသည်ဖြင့် ခက်ခဲစွာလာရောက်ကြရာ ၁၃၇၃ ခုနှစ်၊ တန်ခူးပြည့်ကျော် (၁၀) ရက်၊ ၂၄-၄-၂၀၁၁ တွင် ထိုင်းနိုင်ငံ၊ ဇင်းမယ်မြို့မှ ထိုင်းလူမျိုး (၂)ဦး ရောက်ရှိလာကြပြီး ၎င်းတို့ သိလိုသည်များကို မဟာဗောဓိမြိုင်ဆရာတော်ကြီးက ပြန်လည်ဖြေကြား ရှင်းလင်းခဲ့ရာ ဓမ္မမိတ်ဆွေများ ပြန်လည် နာယူနိုင်ရန် တင်ပြလိုက်ပါသည်။

(အထက်ပါ တရားခွေ ဗွီစီဒီကို ကျွန်တော့်အား ဓမ္မဒါနဖြန့်ဝေရန် လှူဒါန်းပေးခဲ့သည့် မဟာမြိုင်တော ခေါင်နန်းပလ္လင်စခန်းမှ ဆရာတော်ကြီး၏ကိပ္ပိယဖြစ်သူ ဒေါက်တာသန်းထွေးအောင်(ရွှေဘို)အား အထူး ကျေးဇူးတင်ရှိပါသည်။)

စကားပြန်မှတစ်ဆင့် မေးမြန်းဖြေကြားပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

[ဆရာတော်] - ဒကာတော်တို့ ဘယ်က လာခဲ့သလဲ။

[ထိုင်း] - “ဇင်မယ်”ကပါ ဘုရား၊ ဆရာတော့် သတင်းကြားလို့ ကြည်ညိုလို့ လာဖူးတာပါ ဘုရား။

[ဆရာတော်] - ဘုန်းကြီးတွေ အများကြီး “ထိုင်း”မှာလည်း ရှိတာပဲ မဟုတ်လား။

[ထိုင်း] - ဘုန်းကြီးချင်း မတူပါဘူးဘုရား၊ ထိုင်းမှာ တောရ ဆောက်တည်တဲ့ပုဂ္ဂိုလ် သိပ်မရှိတော့ပါဘူး။

[ဆရာတော်] - တို့က သတ္တိမရှိလို့ တောထဲနေတာပါဗျာ၊ မြို့ထဲနေတဲ့ဘုန်းကြီးတွေက တောထဲ နေတာထက် ပိုပြီး ထက်လို့ ပိုပြီး သတ္တိရှိနေတာဗျ။ တို့က သူတို့လောက် သတ္တိမရှိလို့ တောမှီနေတာဗျ၊ တောထဲ နေတာဗျ။ ဘုန်းကြီးအားလုံးအတူတူပါဗျာ။ သီရိလင်္ကာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာရယ်က ထေရဝါဒလို့ ခေါ်တယ်။ အရှင်မဟာကဿပ၊ အရှင်သာရိပုတ္တရာတို့ အဆက်ဆက်က တစ်ဆင့် သြဝါဒတွေကို လုံးဝမပြင်ဘဲ ကျင့်တာဗျာ၊ အကျင့်တူပါဗျာ။

[ထိုင်း] - မြန်မာနိုင်ငံက ဆရာတော်တွေက သာသနာတော်ကို ပိုပြီးတော့ ကြည်ညိုပြီး ၀ိနည်းတော်တွေကို ပိုပြီး လေးစားလိုက်နာကြပါတယ် ဘုရား။

[ဆရာတော်] - တို့ဆီရောက်တုန်းမို့ ပြောတာလားဗျ။

[ထိုင်း] - တကယ် ပြောတာပါ ဘုရား၊ တပည့်တော်တို့ ၀ိပဿနာတရား အားထုတ်ချင်ပါတယ် ဘုရား၊ ‘နည်းလမ်း’ တော့ မသိပါ ဘုရား။

[ဆရာတော်] - ‘နည်းလမ်း’ တွေ ဘာလို့ မသိရမှာလဲ၊ ထိုင်းမှာလည်း ရှိတာပါပဲ။ ဒီက သွားတာတွေ ရှိတာပါပဲ။ နည်းလမ်းတွေ ဘယ်လောက်များများ တို့ဗုဒ္ဓက ‘သတိတစ်လုံး’ ပဲဗျ။ ဘာလုပ်လုပ် လုပ်တဲ့အလုပ်ကို ‘သတိ’ နဲ့ တွဲလုပ်။ အဲဒါ ၀ိပဿနာ ဖြစ်သွားတာပဲ၊ သတိနဲ့လုပ်တော့ ကိုယ့်စိတ် ကိုယ့်ဆီမှာရှိတယ်။ ရှိတော့ ကိုယ့်အကြောင်း ကိုယ်သိတာပဲ။ အဲဒါ ‘၀ိပဿနာ’ ဗျ။

[ထိုင်း] - တပည့်တော် တရားထိုင်တဲ့အခါ စိတ်က မငြိမ်ပါဘူး ဘုရား။ စိတ်ကလေးကို တစ်နေရာတည်းမှာ ငြိမ်ငြိမ်ကလေး နေဖို့အတွက် အကောင်းဆုံးနည်းလမ်းပေးပါ ဘုရား။

[ဆရာတော်] - ကိုယ်ထဲမှာ နှစ်သက်ရာကိုမှတ်။ တို့ ‘ဘုရားတိုင်း, ဘုရားတိုင်း’ မှတ်တာ ‘နှာခေါင်း’ ပဲ။ နှာခေါင်းမှာ ‘ဝင်လေ’ လေး ‘ဝင်တာထွက်တာ’ ကို စာလို ‘ဝင်သက် ထွက်သက်’ ခေါ်တယ်ဗျာ။ အဲဒါအသက်ပဲဗျာ့။ လူတစ်ယောက်လုံးရဲ့ အသက်ဟာ နှာခေါင်းမှာရှိတယ်။ ဝင်လေထွက်လေကို ပြောတာ။ ဒီနှာခေါင်းကနေ ထိုင်ပြီးမှတ်ရင် တစ်ကိုယ်လုံး အကုန် သိတယ်ဗျာ။ စာလို ‘ပင်တိုင်ကမ္မဋ္ဌာန်း’ လို့ ခေါ်တယ်။ ကျန်တဲ့အလုပ်တွေ လုပ်ရင်လည်း နှာခေါင်းဝကို မှတ်ဗျ။ ဝေဘူဆရာတော်ဘုရားကြီးက ဒီအတိုင်း လုပ်သွားတာဗျ။ မှတ်နိုင်ပါ့မလားဗျာ။

[ထိုင်း] - မလွယ်ပါ ဘုရား၊ သိပ်မရပါ ဘုရား။

[ဆရာတော်] - အဲဒါကျတော့ဗျာ ‘မျက်စိ’ က မြင်တဲ့အခါ ကြည့်စရာရှိရင် မျက်စိမှာ ‘သတိ’ ချထားဗျာ။ ‘နား’ က ကြားတဲ့အခါ နားထိပ်မှာ သတိချထားဗျာ။ ‘သတိ’ နဲ့ သွားဗျ။ တစ်သက်လုံး လုပ်သွားဗျ။ ဘယ်တော့မှ မလွှတ်နဲ့ဗျ၊ သိရုံသိသွားဗျာ။

[ထိုင်း] - မလွယ်ဘူးထင်ပါတယ် ဘုရား၊ တရားထိုင်ချိန်မှာ စိတ်ကိုထိန်းမရပါ ဘုရား။ စိတ်မငြိမ်ပါ ဘုရား။ သမာဓိ မရပါ ဘုရား။ အတွေးလည်း များမိပါတယ် ဘုရား။

[ဆရာတော်] - တွေးတဲ့ စိတ်ကတော့ တွေးမှာပဲ၊ ၀ိပဿနာဉာဏ်တွေ ဘယ်လောက်တက်တက် တွေးမှာပဲ။ “စိတ်ကို မနိုင်ရကောင်းလား” ဆိုပြီး ရန် မလုပ်ရဘူး။ လျှော့လည်း မလျှော့ရဘူး။ မှတ်စရာ ရှိတာသာမှတ်။ အမှတ်များရင် အတွေးက သူ့ဟာသူ လျော့သွားလိမ့်မယ်။

[ထိုင်း] - ဆရာတော်ကြီးပြောတာ နားလည်ပါပြီ ဘုရား။

[ဆရာတော်] - လူတိုင်း လူတိုင်းဟာ မွေးကတည်းက အတွေးနဲ့ မွေးလာတာ။ တစ်သက်လုံးလည်း အတွေးနဲ့ နေတာ၊ လုပ်စရာရှိလည်း အတွေးနဲ့ လုပ်နေတာ။ အဲဒါ ထိုင်မှတ်တာ ခဏလေးရှိသေး။ ချက်ချင်းတော့မရနိုင်ဘူး။ မှတ်အားကောင်းရင် သူ့ဟာသူတက်သွားတာပဲ။ ဘုရားဟောထားတဲ့အထဲမှာ ‘သတိပဋ္ဌာန်’ ဆိုတာရှိတယ်။ အဲဒါ ‘သတိပဋ္ဌာန်’ ခေါ်တယ်။ နှာခေါင်းမှတ်မှု ပင်တိုင်ထားပြီး တွေးတာနဲ့ နှာခေါင်းနဲ့ ဘယ်ကို စိတ်ရောက်များလဲ၊ တွေးတဲ့ဘက်အရောက်များရင် နှာခေါင်းမှတ်တာ ခဏလွှတ်လိုက်၊ တွေးပြီးတာနဲ့ နှာခေါင်းပြန်မှတ်။ တစ်ခါ နှာခေါင်း မှတ်ရင်း ခန္ဓာကိုယ်က နာလာမယ်ဆိုရင် နာတဲ့ဘက် စိတ်အရောက်များရင် နှာခေါင်းမှတ်တာကို လွှတ်ပစ်ပြီး နာတာကို မှတ်။ ပြီးမှ နှာခေါင်းကို ပြန်မှတ်။ အသံ ကြားလို့ ကြားတာဘက် စိတ်အရောက်များသွားရင် နှာခေါင်းအမှတ်ကိုလွှတ်ပြီး ကြားတဲ့ဘက်ကိုမှတ်၊ ပြီးမှ နှာခေါင်းကို ပြန်မှတ်၊ နားလည်ရဲ့လား။ ရှင်းရဲ့လား။

[ထိုင်း] - နားလည်ပါတယ် ဘုရား၊ တပည့်တော် မိသားစုထဲက တစ်ယောက်အကြောင်း လျှောက်ချင်ပါတယ် ဘုရား။

[ဆရာတော်] - အဲဒါကျ တို့ မလုပ်ဘူး။ အဲဒါ လောကီ ကိစ္စတွေ၊ တစ်ဦးလုပ်ပေးလိုက်ရင် တစ်ဦး ပြောလိုက်ရင် တစ်ပြည်လုံးလာမှာ၊ တို့ နားရတော့မှာမဟုတ်ဘူး။ တို့တရားအလုပ် တို့လုပ်ရမှာ မဟုတ်ဘူး။

[ထိုင်း] - ဆရာတော်ကြီးကို အနှောင့်အယှက် ပေးသလိုဖြစ်သွားပါတယ် ဘုရား။ ခွင့်လွှတ်တော်မူပါ။

[ဆရာတော်] - တို့ ရန်ကုန်ကတည်းက ဒီမေးတာတွေ အိမ်တွင်းရေးတွေကအစ မေးလျှောက်တာတွေ၊ အဲဒါတွေ ဒိုင်ခံ ပြောလာတာ တစ်ယောက်ကစ တစ်ရာဆိုသလို ဖြစ်လာတယ်။ အဲဒီကတည်းက ကြောက်လာတာ။ တစ်ဦး ပြောလိုက်ရင် တစ်တိုင်းပြည်လုံးက လာမှာ။ ဒီ လောကီကိစ္စတွေက လျှောက်ရမှာမဟုတ်ဘူး။ တို့ ဒီတောထဲကနေ အာရုံပြုပေးနေတာပဲ။ တို့ရှုမှတ်နေတာဟာ ဒေါသကင်းနေတဲ့အတွက် အဲဒါ မေတ္တာပဲ။ ဘုရားတို့၊ ရဟန္တာတို့က ဘယ်သူဘယ်ဝါ ကျန်းမာပါစေလို့ တိုက်ရိုက်ပေးတာ မဟုတ်ဘူး။ ရှုမှတ်နေတာဟာ ‘ဓမ္မဓာတ်လှိုင်း’ ပေးနေတာပဲ။ ‘လ’ ဟာ တစ်ကမ္ဘာလုံး သာနေတာပဲ။ မော့ကြည့်သူ ထွက်ကြည့်သူ အေးတာပေါ့။ ကိုယ့်ဘက်က ယုံယုံကြည်ကြည်နဲ့ ‘လ’ ထွက်ကြည့်သလို ထွက်ကြည့်နေရင် အကုန်ပြီးတယ်။ ထပ်ပြီး အဆစ်ပေးလိုက်ဦးမယ်။ သမာဓိ (၃) မျိုးရှိတယ်။ တစ်ခါမှတ် တစ်ခါတည်ရင် ပထမ-သမာဓိပဲ။ (၅)မိနစ် (၁၀)မိနစ် စိတ်ကလေး တည်နေရင် အဲဒါ ဒုတိယသမာဓိပဲ။ ၀ိပဿနာဉာဏ် အထက်ပိုင်းရောက်ရင် စိတ် ဘယ်မှ မထွက်တော့ဘူး။ အဲဒါ တတိယသမာဓိပဲ။

[ထိုင်း] - မှတ်မိပါတယ် ဘုရား။

[ဆရာတော်] - လုပ်နိုင်ပါ့မလား။

[ထိုင်း] - ရအောင် ကြိုးစားပါ့မယ်ဘုရား။

[ဆရာတော်] - ဟိုမှာ ဘယ်လိုအားထုတ်သလဲ၊ အဓိဋ္ဌာန်နဲ့လား။

[ထိုင်း] - ရိပ်သာလည်း သွားပါတယ်၊ အိမ်မှာလည်း လုပ်ပါတယ် ဘုရား၊ တစ်ရက်လည်း သွားဖူးတယ်၊ သုံးရက်လည်း သွားဖူးတယ်၊ (၁၀) ရက်လည်း သွားဖူးတယ် ဘုရား။

[ဆရာတော်] - မရဘူး။ အနည်းဆုံး နှစ်လ ဆက်တိုက် အားထုတ်ရမယ်။ အင်္ဂုလိမာလ လက်ညှိုးဖြတ်သလို ဖြစ်နေမယ်၊ တစ်ချောင်း ဖြတ်လိုက် ဟိုနား ထားလိုက်၊ တစ်ချောင်းဖြတ်လိုက် ဒီနား ထားလိုက်နဲ့ဆိုတော့ တစ်ထောင်ရသလား။

[ထိုင်း] - မရပါဘုရား။

[ဆရာတော်] - တစ်ထောင်ပြည့်ချင်ရင် ကြိုးနဲ့သီမှ ရမယ် မဟုတ်လား။

[ထိုင်း] - ဥပမာ တအားကောင်းပါတယ် ဘုရား။

[ဆရာတော်] - တို့တုန်းက မဟာစည်မှာ အားထုတ်ခဲ့တော့ နှစ်လလောက် အပင်ပန်းခံပြီး အားထုတ်ခဲ့ရတယ်။ တစ်ရက်လောက်ကတော့ အသေအလဲအားထုတ်ခဲ့ရတာ။ တစ်သက်လုံးက အတွေးနဲ့ အမှတ်နဲ့က အားပြိုင်တာပဲ။ သည်းခံမှ စိတ်ရှည်မှ ရတယ်။ ဇွဲ ရှိမှ ရတယ်။ စိတ်ရှည်ပါ များလာရင် ဒီဘက်က အမှတ်များသလောက် ဟိုဘက်က အတွေးနည်းသွားတယ်။ အတွေးနည်းသွားရင် ကိုယ်မှတ်တဲ့နေရာ စိတ် ဒက်ခနဲ တစ်ချက်လောက်ကျသွားတာနဲ့ ဖြစ်လိုက်တာနဲ့ သူ့ဟာသူ သဘောပေါက်သွားတယ်။ လမ်းဆုံးအောင် နှစ်လလောက်လုပ်မှဗျ။ လမ်းဆုံးအောင်။ တစ်သက်လုံး သားတွေ မယားတွေအတွက် ‘သထာ’ ပြီး၊ ကိုယ့်အတွက် နှစ်လလောက်မှ မသထာဘူးလား။ ထိုင်းမှာ ဘာလုပ်သလဲ။

[ထိုင်း] - အင်ဂျင်နီယာပါ ဘုရား။

[ဆရာတော်] - အင်ဂျင်နီယာ နှစ်လလုပ်ရင် ဘယ်လောက် စားရသလဲ။

[ထိုင်း] - ဘယ်လောက်မှ မများပါဘူး ဘုရား။

[ဆရာတော်] - ဒါက နှစ်လ လုပ်လိုက်ရင် ဒီတစ်သက် မကဘူး၊ ဟိုက တစ်သက်ပါ တာဝန်ယူတယ်။

[ထိုင်း] - ဒီလပိုင်းတော့ မအားပါ ဘုရား၊ နောက်တော့မှ လုပ်ပါ့မယ် ဘုရား။

[ဆရာတော်] - သေမင်းက ဘယ်တော့ ခေါ်မယ်မှန်းမှ မသိတာ၊ ဒီတော့ ဒီလိုလုပ်၊ အိမ်မှာ ‘အဓိဋ္ဌာန်’ နဲ့ ဘယ်နှစ်ရက်၊ ဘယ်အချိန်၊ ဘယ်နှစ်နာရီ ဆိုပြီး အားထုတ်ပါ။

[ထိုင်း] - အဲဒီလိုတော့ လုပ်လို့ရပါတယ် ဘုရား။

[ဆရာတော်] - တို့တုန်းကတော့ မဟာစည်မှာ ညယောဂီရှိတယ်။ ညနေ (၆) နာရီက မနက် (၆) နာရီအတွင်း ည (၂) ကြိမ်၊ မနက် (၂) ကြိမ် ရတယ်။ အဲဒါ မဟာစည်မှာ ည ယောဂီပဲ။

[ထိုင်း] - နည်းနည်းတော့ ခက်မယ်ထင်ပါတယ် ဘုရား၊ စင်္ကြ ံနဲ့ ထိုင်တာ တွဲမှတ်ရင် ရပါသလား။

[ဆရာတော်] - မဟာစည်မှာ ထိုင် တစ်နာရီ၊ စင်္ကြ ံ တစ်နာရီ ရှုမှတ်ရတာပဲ၊ ရတယ်။

[ထိုင်း] - ဘုန်းကြီး ဝတ်ပြီးမှ ရိပ်သာဝင်ရင် ကောင်းပါသလား ဘုရား။

[ဆရာတော်] - သင်္ကန်းဝတ်ကြီးထမ်းရတာ လေးတယ်၊ ရိပ်သာဝင်ရင် ‘ငါ သေလည်း ဒါတွေ ထားခဲ့ရမှာ’ ဆိုတဲ့စိတ် မွေးနိုင်မှရတယ်။

[ထိုင်း] - ဆရာသမား လိုတာပေါ့နော်။

[ဆရာတော်] – ‘သတိ’ ရှိရင် ဆရာ မလို။ သတိဟာ ဆရာပဲ။ ထိုင်လို့ သတိမြဲနေပြီဆိုပါစို့၊ သတိမြဲကြောင်းကို နှာခေါင်း ရှုရင် နှာခေါင်းမှာ လေနိမိတ် ပေါ်ရတယ်။ တို့တုန်းက ဖောင်းပိန်မှတ်တော့ ဖောင်းနိမိတ်၊ ပိန်နိမိတ် ပေါ်တာပေါ့။ စိတ်တည်ကြောင်းပြတဲ့ နိမိတ်လို့ခေါ်တယ်။ စက်များဆိုရင် ဘယ်နှစ်မိုင်ရောက်ရင် ဘယ်နှစ်မိုင်ရောက်ကြောင်း အချက်ပြ ရှိသလို တို့ ဒီမှာလည်း နှာခေါင်းမှတ်ရင် နှာခေါင်းအချက်ပြရှိတယ်။ ဖောင်းပိန်ရှုရင် ဖောင်းပိန်အချက်ပြ ရှိတယ်။ အဲဒီလိုဖြစ်နေတဲ့အချိန်မှာ တို့သံသရာ အဆက်ဆက်က ပါလာတဲ့ ဉာဏ်နဲ့ ဒီက သတိနဲ့သွားတဲ့ ဉာဏ်နဲ့ အဲဒီနေရာမှာ အတိုက်အခံသွားလုပ်တော့ ဉာဉ်ဘက်က အာရုံဆန်းတွေ ပေါ်တတ်တယ်။ တခြားက လာပြတာ မဟုတ်ဘူး။ စရိုက်လိုက်ပြီး ပေါ်တတ်တယ်။ ဒေါသကြီးသူ ဒေါသကြီးတဲ့အလျောက် ပြမှာ။ ရာဂကြီးတဲ့သူ ရာဂအလိုက်ပြမှာ။ အဲဒါကို သတိနဲ့ မကြောက်မရွံ့သွားနိုင်ရင် ဆရာ မလိုဘူး၊ လာချင်တာ လာ မှတ်မှာပဲ။ အဲဒါကြောင့် ဆရာ မလိုဘူးပြောတာ။

[ထိုင်း] - အဲဒီလို တစ်ယောက်တည်း သွားလုပ်လို့ သိပ်အဆင်မပြေဘူး ထင်ပါတယ် ဘုရား။

[ဆရာတော်] - အများဆုံးတွေ့ရတာက သမာဓိတည်ကြည်ခါစ ၀ိပဿနာဉာဏ်တက်တော့ စာလိုတော့ ‘အနိစ္စ၊ ဒုက္ခ၊ အနတ္တ’ လက္ခဏာမြင်ရတာကို တို့က အတ္တ စွဲတာကိုး။ ဟိုက အနတ္တ ပြမှာ တို့က နိစ္စ စွဲဲတာ။ ဟိုက အနိစ္စပြမှာ တို့က သုခလို့ထင်နေတာ။ ဟိုက ဒုက္ခပြမှာကိုး။ အဲဒီအချိန်မှာပဲ ပေါ်တာပဲ။ သဒ္ဓါထက် သူကျတော့ ‘ဘုရား၊ ရဟန္တာ’ တို့ ပေါ်တယ်။ ‘နတ်’ တို့ပေါ်တယ်။ ပေါ်ရုံတင်မက လာကို ပြောတာ ရှိတယ်။ မြင်ရုံမြင်တာပဲ ရှိတယ်။ အဲဒါကို ဘယ်ကိုမှ မလိုက်ဘဲ ကိုယ့်ရှုကွက်ကို လက်မလွှတ်နဲ့။ အဲဒါဆိုရင် မှားစရာ မရှိဘူး။ ကိုယ့်ရှုကွက်ကို လက်လွှတ်ပြီး အဲဒီနောက် သွားရင် လမ်းမှားပြီ။

[ထိုင်း] - တပည့်တော် အားထုတ်လာတာ တစ်ခါမှ နိမိတ်မပေါ်သေးပါဘူးဘုရား။

[ဆရာတော်] - တစ်ရက် နှစ်ရက်လောက်နဲ့တော့ မတွေ့နိုင်ဘူး။ သတိအား ကောင်းမှ၊ အတွေးမဝင်မှ ပေါ်တာ၊ တို့ကိုယ်ခန္ဓာမှာ သွေးက လည်ပတ်နေတာ။ အတွေးနဲ့ လည်တယ်၊ သောကနဲ့ လည်တယ်၊ မာနနဲ့လည်တယ်။ အဲဒီအချိန် တို့သွေးက မည်းနေတာ၊ သွေးက မကြည်ဘူး။ နောက်နေတာ။ အဲဒီတော့ မှတ်ဟဲ့။ မှတ်ပါများတော့ အဲဒီစိတ်တွေ မပါဘူး။ အတွေးမပါတော့ သွေးကြည်တာပေ့ါလေ။ သွေးကြည်ပါများတော့ မှန်ကြည့်တော့ အရိပ်ပေါ်သလိုပေါ့။ အဲဒီတော့မှ နိမိတ်ပေါ်တာ။

[ထိုင်း] - တရားထိုင်တဲ့အခါ အရှင်ဘုရားကို စိတ်နဲ့ အဓိဋ္ဌာန်ပြီး တပည့်တော်ရဲ့ ဆရာသမား ဖြစ်တော်မူပါလို့ တောင်းလို့ ရသလား ဘုရား။

[ဆရာတော်] - စိတ်က အဓိဋ္ဌာန်တာတော့ ရတယ်။ လာ မလာတော့ မသိဘူး။ တို့က အိပ်ပျော်နေတဲ့အခါရှိတယ်။ အဲဒီအခါတော့ မလာဘူးပေါ့ဗျာ။ တို့က နိမတ် ပြောတော့ ဒီနိမိတ်ပေါ်အောင် အမျှော်နဲ့လုပ်ရင် ဘယ်တော့မှ မပေါ်ဘူး။ မှန်နဲ့ မျက်ခွက် တည့်မှ အရိပ် ပေါ်သလို ရှုကွက်နဲ့မှတ်စိတ်တည့်လို့ စိတ်အကြည်ဓာတ်ပေါ်လာရင် ဒီနိမိတ် ပေါ်တာပဲ။ တရားက အဲဒီလိုပဲ။ တရား ရအောင် လုပ်မယ်လို့ စိတ် ဘယ်တော့မှ မထားနဲ့၊ ကြိုးစားချင်တဲ့စိတ်သာ ရှိရမယ်၊ ရချင်တဲ့စိတ် မရှိရဘူး။ သူပြတဲ့နေရာကို ကြည့်နေရင် တရားက သူ့ဟာသူ ဇာတ်ကောင်တွေက ပြလာမှာ။

[ထိုင်း] - စောစောက ဒေါက်တာကြီး (ကပ္ပိယ ဒေါက်တာသန်းထွေးအောင်ကို ဆိုလိုပါသည်။) နဲ့ တရားစကား နည်းနည်း ဆွေးနွေးတော့ ဒေါက်တာကြီးက ပွဲကြည့်သလို ကြည့်ရတာလို့ ဆရာတော်ကြီး ဆုံးမဖူးတယ် လို့ ပြောပါတယ်။ ကလေးလို မကြည့်နဲ့ လူကြီးလိုကြည့်လို့ ပြောပါတယ် ဘုရား။

[ဆရာတော်] - လိုချင်စိတ်နဲ့ကြည့်ရင် တွေ့ခဲတယ်။ စိတ်မပါလက်မပါ ကြည့်ရင် သွေးက မွဲနေတဲ့အတွက် မမြင်ရဘူး။ မရရအောင် မခံချင်စိတ်နဲ့လုပ်တော့ သွေးက မည်းတယ်။ အဲဒီတော့ မမြင်ရဘူးပေါ့။ အဲဒီတော့ တရားရှာတဲ့အခါ အဲဒီ စိတ် (၃) စိတ် မပါရဘူး။ သတိနဲ့မှတ်တော့ ကိုယ် မမြင်ဖူးတဲ့ ရှုကွက်ထဲက အရာတွေ မြင်လိမ့်မယ်။ နှာသီးဝဆို နှာသီးဝပေါ့။ လေရဲ့ နိမိတ်တွေ လေတန်းတွေ မြင်ချင် မြင်မှာပေါ့။ မြင်လာတော့ ယုံလာတယ်။ ယုံသလောက် သွေးက ကြည်လာတယ်။ ခန္ဓာဖြစ်ပျက် မြင်လေလေ ယုံလေလေ၊ ဆရာသမားအပေါ် ယုံတာလည်း ဖြစ်နိုင်တယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံတာလည်း ဖြစ်နိုင်တယ်။ ဘုရားအပေါ် ယုံတာလည်း ဖြစ်နိုင်တယ်။ ဒီလို ယုံလာရင် ဒီသွေးက ကြည်လာတာ၊ ကြည်လာမှ ဒီဖြစ်ပျက် မြင်လာတာ။

[ထိုင်း] - လောကထဲ ကျင်လည်နေတဲ့အတွက် ငါးပါးသီလ မလုံတဲ့အခါတွေလည်း ရှိတော့ သီလမစင်ကြယ်ရင် တရား အားထုတ်တဲ့အခါ အနှောက်အယှက်များ ဖြစ်နေမလား ဘုရား။

[ဆရာတော်] - ထိုင်မယ့်အချိန်မှာ ‘သီလ’ ယူပါ။ သီလ ယူတယ်ဆိုတာ အရင်တုန်းကဟာတွေကို အဖြတ်ခိုင်းတာပဲ။ ဘာစည်းမှ ချဖို့ မလိုဘူး။ ဘေးက အနှောင့်အယှက် မလုပ်နိုင်အောင် သာသနာတော်စောင့်နတ်တွေက စောင့်ရှောက်ပေးရတယ်။ ဆိုင်ရာနတ်တွေက စောင့်ရှောက်ပေးရတယ်။ သာသနာတော်စောင့်နတ်က တာဝန်ယူရတာ၊ ဒါကြောင့် သီလ ယူရတာ။

[ထိုင်း] - ဆရာတော်ဘုရားကြီးက မေတ္တာထားပြီး အချိန်တွေ အများကြီးပေးတာ ဝမ်းသာပါတယ်ဘုရား၊ အားလည်း နာပါတယ် ဘုရား။

[ဆရာတော်] - ကိုယ်လုပ်ချင်တာ လုပ်။ သတိလေးနဲ့လုပ်၊ သတိမပါရင် တို့ဉာဉ်က ခိုင်းတာ လုပ်ရလိမ့်မယ်၊ သတိပါတော့ တို့ခိုင်းတာကို ဉာဉ်က လုပ်ပေးရမှာ။ ဘုရား တရား အပေါ်မှာ ဖြည်/ချုပ်ပြီး ဝယ်ရတာ မရှိဘူး။ အောင့်ပြီးဖယ်ရတာ မရှိဘူး။ အမှတ် မှတ်ရင်းနဲ့ နောက်တော့ သူ့ဟာသူ သိသွားပြီး ‘သတိ’ က ဝယ်သွားတာ။ တို့ဝယ်တာ မဟုတ်ဘူး။

[ထိုင်း] - တရားအားထုတ်ဖို့ စဉ်းစားနေပါတယ် ဘုရား၊ အာမခံပြီးတော့ မလုပ်ဖြစ်မှာ စိုးပါတယ် ဘုရား။

[ဆရာတော်] - ဘုရားသား ဖြစ်ချင်သလား မဖြစ်ချင်ဘူးလား။

[ထိုင်း] - ဖြစ်ချင်ပါတယ် ဘုရား။

[ဆရာတော်] – ‘သတိ’ ရှိရင် ‘ဘုရားသား’ ပဲ။ သတိမရှိရင် အလကားပဲ။ ဘုရားသား ဖြစ်ချင်ရင် သတိရှိမှ ဖြစ်မှာ။ တို့ဒကာဒကာမတွေ ကျန်းမာချမ်းသာကြပါစေ။

(ဤတွင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးနှင့် ထိုင်းလူမျိုးတို့၏ တရားအမေးအဖြေ တရားတော် ပြီးစီးပါပြီ။)

သံသာဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ကြပါစေ။
ညီညီတင်

{{{ ၂၀၁၅ ခုနှစ် ဧပြီလထုတ် အပ္ပမာဒ ဓမ္မရသ မဂ္ဂဇင်း အတွဲ (၁၆)၊ အမှတ် (၄) }}}