Young Buddhist Association's photo.

“သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့
အဘိဓမ္မာအကြောင်း သိကောင်းစရာများ”
••••••••••••••••••••••••••••••••••••••
(၁)။အဘိဓမ္မာတရားတော်ကို မြတ်စွာဘုရားသည်
၆ ဝါအလွန် ၇ ဝါ အရောက် သက်တော် ၄၂ နှစ်အရွယ်တွင်
တာဝတိံသာနတ်ပြည်၌ ဟောကြားခဲ့ပါသည်။

(၂)။မယ်တော်မိနတ်ကို ကျေးဇူးဆပ်လိုသော
ရည်ရွယ်ချက်ဖြင့် ဟောကြားတော်မူပါသည်။

(၃)။မယ်တော်မိနတ် အမှူးပြုသော
နတ်ဗြဟ္မာပရိသတ်တို့အား ဟောကြားခဲ့ပါသည်။

(၄)။ဝါတွင်းသုံးလ ရက်ပေါင်း ၉၀ ကြာမျှ
ဟောကြားတော်မူခဲ့ပါသည်။

(၅)။ မြတ်စွာဘုရားသည် နတ်ဗြဟ္မာပရိသတ်တို့အား
အကျယ်နည်းဖြင့် ဟောကြား၍ အရှင်သာရိပုတ္တရာအား
အကျဉ်းနည်းဖြင့် ဟောကြားတော်မူပါသည်။
အရှင်သာရိပုတ္တရာက လင်းနို့သားဖြစ်ခဲ့ဖူးသော
ရဟန်းငါးရာတို့အား မကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့်
ဟောကြားတော်မူပါသည်။

(၆)။ သုတ္တန်တရားတို့ထက် သာလွန်ထူးခြားသောတရား
ဖြစ်၍ “အဘိဓမ္မာ” ခေါ်ပါသည်။

(၇)။ အဘိဓမ္မာသည် “ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာ၊
ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်း” ဟူ၍
အရေအတွက် ၇ ကျမ်း ရှိပါသည်။

(၈)။ ကုသိုလ်၊အကုသိုလ် စသောတရားတို့ကို
အကျဉ်းချုပ်အားဖြင့် ဟောကြားတော်မူသောကျမ်းကို
“ဓမ္မသင်္ဂဏီ” ကျမ်းဟု ခေါ်ပါသည်။

(၉)။ ခန္ဓာ စသောတရားတို့ကို သုတ္တန်နည်း၊
အဘိဓမ္မာနည်းတို့ဖြင့် အမေးအဖြေပြု၍ အကျယ်ဝေဖန်
ဟောကြားသောကျမ်းကို “ဝိဘင်းကျမ်း”ဟု ခေါ်ပါသည်။

(၁၀)။ ဓာတ်အမျိုးမျိုး ဟောကြားသောကျမ်းကို
“ဓာတုကထာ” ကျမ်းဟု ခေါ်ပါသည်။

(၁၁)။ ပုဂ္ဂိုလ်အမျိုးတို့ကို ခွဲခြား သတ်မှတ်အမည်တပ်၍
ဟောကြားသောကျမ်းတို့ကို “ပုဂ္ဂလပညတ်ကျမ်း”
ဟုခေါ်သည်။

(၁၂)။ အယူဝါဒနှင့်ဆိုင်သော စကားတို့၏တည်ရာဖြစ်၍
အဘိဓမ္မာအနှစ်သာရတို့နှင့်ပြည့်စုံသောကျမ်းကို
“ကထာဝတ္တုကျမ်း” ဟု ခေါ်သည်။

(၁၃)။ အနုလုံ နှင့် ပဋိလုံ၊ ပုစ္ဆာ နှင့် ဝိသဇ္ဇနာ၊သန္နိဋ္ဌာန် နှင့်
သံသယ အစုံစုံပြု၍ ဟောကြားတော်မူသော
ကျမ်းကို “ယမိုက်ကျမ်း” ဟုခေါ်သည်။

(၁၄)။ အကြောင်းအမျိုးမျိုးကို ဟောတော်မူသောကျမ်း၊
ကုသိုလ်စသောတရားတို့ကို ၂၄ပစ္စည်းတို့ဖြင့်
ဝေဖန်အပ်သောကျမ်း၊သဗ္ဗညုတဉာဏ်တော်၏ ကျက်စားရာ
ဖြစ်သောကျမ်းကို “ပဋ္ဌာန်းကျမ်း”ဟုခေါ်ပါသည်။

(၁၅)။“အဘိဓမ္မာတရားတော်၏ ထူးခြားချက်”
အဘိဓမ္မာတရားသည်…
-အမိကျေးဇူးဆပ်တရားဖြစ်ခြင်း၊
-နတ်ပြည်၌ ဟောကြားခြင်း၊
-သုံးလကြာမျှဟောရခြင်း၊
-ပတိဘုရားနှင့် နိမ္မိတဘုရားတို့ တလှည့်စီဟောကြားခြင်း
ဟု “ထူးခြားချက်လေးမျိုး”နှင့် ပြည့်စုံသောတရားဖြစ်သည်။

(၁၆)။ အဘိဓမ္မာတရားသည်
ပါဠိ၏ နက်နဲခြင်း၊
သဘောအဓိပ္ပါယ်၏ နက်နဲခြင်း၊
ဟောကြားပုံအစီအစဉ်၏ နက်နဲခြင်း၊
ဉာဏ်တော်၏ နက်နဲခြင်း ဟူသော
“ဂမ္ဘီရလေးမျိုး” နှင့် ပြည့်စုံသော တရားဖြစ်သည်။

(၁၇)။ အဘိဓမ္မာတရားတော်ကို ရွတ်ဖတ်ပူဇော်ခြင်း
သင်ယူကြားနာခြင်း ကြောင့် လင်းနို့သားရဟန်းငါးရာကဲ့သို့
နာမရူပပရိစ္ဆေဒဉာဏ်ရင့်သန်ခြင်း၊
မဂ်ဖိုလ်နိဗ္ဗာန်ရရန်အကြောင်းအထောက်အပံ့ကောင်းဖြစ်ခြင်း၊
ဘေးဥပါဒ် အန္တရာယ်ကင်းဝေးခြင်း၊
ကျက်သရေမင်္ဂလာ အဖြာဖြာနှင့်ပြည့်စုံခြင်း
ဟူသော အကျိုးထူးတရားများ ရရှိနိုင်သည်။ ။

“အဘိဓမ္မာအမေးအဖြေ”
•••••••••••••••••••••
(မေး)။ ။ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားသည်
အဘိဓမ္မာတရားကို ဘယ်အချိန် ဘယ်ကာလ ဘယ်နေရာ
ဘယ်ဌာန၌ ဘယ်ရည်ရွယ်ချက်ချက်ဖြင့် ဘယ်သူတို့အား
ဟောကြားတော်မူခဲ့ပါသနည်း။

(ဖြေ)။ ။ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားသည်
အဘိဓမ္မာတော်ကို ၆ ဝါအလွန်၊၇ ဝါအရောက် မဟာသက္ကရာဇ်
၁၀၉ ခုနှစ် တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်း
ပဏ္ဍုကမ္ဗလာမြကျောက်နေရာထက်၌ မယ်တော်မိနတ်ကို
ကျေးဇူးဆပ်လိုသောရည်ရွယ်ဖြင့် နတ်ဗြဟ္မာအပေါင်းတို့အား
ဟောကြားတော်မူခဲ့ပါသည်။

(မေး)။ ။ သဗ္ဗညုတမြတ်စွာဘုရားသည်
အဘိဓမ္မာတရားတော်ကို
အချိန် မည်မျှကြာအောင် ဟောတော်မူပါသနည်း။

(ဖြေ)။ ။ သဗ္ဗညုတမြတ်စွာဘုရားသည် အဘိဓမ္မာ
တရားတော်ကို ဝါတွင်းသုံးလ ရက်ပေါင်း ၉၀
ကြာအောင် ဟောတော်မူပါသည်။

(မေး)။ ။ ဘုရားရှင်တိုင်း အဘိဓ္မာတရားတော်ကို
လူ့ပြည်၌ မဟောကြားဘဲ၊အဘယ်ကြောင့်
နတ်ပြည်မှာသာ ဟောကြားပါသနည်း။

(ဖြေ)။ ။ အဘိဓမ္မာတရားတော်သည်
သုတ္တန်ဒေသနာ၊ ဝိနည်းဒေသတော်များကဲ့သို့ လူတို့၏
အချိန်ကာလတစ်ရက်အတွင်း၌ အပြည့်အစုံပြီးဆုံးအောင်
ဟောကြား၍မဖြစ်ပါ။
အဘိဓမ္မာတရား၏ ရှည်လျားသော ဒေသနာအစဉ်ကို
လူသားများ ဣရိယာပုတ်တည်းဖြင့် ပြီးဆုံးအောင်
နားယူနိုင်သောစွမ်းရည်လည်း မရှိပါ။လူတို့၏
အချိန်ကာလ ဝါတွင်းသုံးလသည် တာဝတိံသာနတ်တို့၏
အချိန်ကာလ တစ်ခဏမျှသာဖြစ်ပါသည်။
ဤအကြောင်းများကြောင့် ဘုရားရှင်တိုင်း အဘိဓမ္မာ
တရားတော်ကို လူ့ပြည်၌မဟောကြားဘဲ၊
နတ်ပြည်မှာသာ ဟောကြားရခြင်း ဖြစ်ပါသည်။

(မေး)။ ။အဘိဓမ္မာတရားကို ဝါတွင်းသုံးလ ဟောကြားရာ၌
လူသားဘုရားအနေဖြင့် နတ်အာဟာရကို မှီဝဲပါသလော။
အာဟာရကိစ္စ မည်ကဲ့သို့ ဖြေရှင်းပါသနည်း။

ဖြေ။ ။ အဘိဓမ္မာတရားကို ဝါတွင်းသုံးလ ဟောကြားရာ၌
လူသားဘုရားအနေဖြင့် နတ်အာဟာရကို မမှီဝဲပါ။
လူ့ပြည်လူ့ရွာ မြောက်ကျွန်းသို့ ဆွမ်းခံကြွပြီး၊
လူ့အာဟာရကိုပင် မှီဝဲသုံးဆောင်ပါသည်။

(မေး)။ ။ပကတိမြတ်စွာဘုရား ဆွမ်းခံကြွသောအခါ
အဘိဓမ္မာတရားကို ဟောကြားခြင်းမှ ရပ်ဆိုင်းထားပါသလော။
တရားဟောစဉ် အဆက်မပြတ်အောင် မည်သို့မည်ပုံ
ဆောင်ရွက်တော်မူပါသနည်း။

(ဖြေ)။ ။ပကတိမြတ်စွာဘုရား ဆွမ်းခံကြွသောအခါ
အဘိဓမ္မာတရားကို ဟောကြားခြင်းမှ ရပ်ဆိုင်း၍မထားပါ။
ပကတိမြတ်စွာဘုရားကိုယ်စား တန်ခိုးတော်ဖြင့်
ဖန်ဆင်းထားသော “နိမ္မိတာဘုရားရှင်”က ဆက်၍
ဟောကြားတော်မူပါသည်။

(မေး)။ ။ အဘိဓမ္မာတရား ဟောကြားပုံ ၊ ဟောကြား
နည်းများကို ဗဟုသုတအဖြစ် မှတ်သားလို၍ ရှင်းပြပေးပါ။

(ဖြေ)။ ။ အဘိဓမ္မာတရား ဟောကြားပုံ၊ဟောကြား
နည်းမှာ သုံးမျိုး ရှိပါသည်။
(က)။ သဗ္ဗညုတမြတ်စွာဘုရားက တာဝတိံသာနတ်ပြည်၌
နတ်ဗြဟ္မာ ပရိသတ်တို့အား အကျယ်နည်းဖြင့်
ဟောကြားတော်မူပါသည်။
(ခ)။စန္ဒကူးတော၌ အရှင်သာရိပုတ္တရာအား အကျဉ်းနည်းဖြင့်
ဟောကြားတော်မူပါသည်။
(ဂ)။ ဘုရားဟောကြားသော အဘိဓမ္မာတရားကို
အရှင်သာရိပုတ္တရာ မထေရ်က မဇ္ဈိမဒေသကို ယူဆောင်ပြီး၊
လင်းနို့သားဖြစ်ခဲ့ဖူးသော တပည့်ရဟန်း ၅ဝဝ တို့အား
မကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့်
ဟောကြားတော်မူပါသည်။

(မေး)။ ။ယနေ့မျက်မှောက်ခေတ်အထိ ရဟန်းရှင်လူတို့
အဘိဓမ္မာတရားကို သင်ကြားခွင့်ရရှိနေသည်မှာ
မည်သူ၏ကျေးဇူးကြောင့် ဖြစ်ပါသနည်း။

(ဖြေ)။ ။ယနေ့မျက်မှောက်ခေတ်အထိ ရဟန်းရှင်လူတို့
အဘိဓမ္မာတရားကို သင်ကြားခွင့်ရရှိနေသည်မှာ
“အရှင်သာရိပုတ္တရာ”၏ကျေးဇူးကြောင့် ဖြစ်ပါသည်။

(မေး)။ ။အဘိဓမ္မာတရားကို အကြောင်းပြု၍
ဗုဒ္ဓဘာသာဝင်များ အနေဖြင့် သီတင်းကျွတ်အခါ၌
မြင်းမိုရ်မီးပွဲ ဆင်နွှဲကြပုံ ယဉ်ကျေးမှုအစဉ်အလာကိုသိပါရစေ။

(ဖြေ)။ ။သဗ္ဗညုတမြတ်စွာဘုရားသည် အဘိဓမ္မာတရားကို
ဝါတွင်းသုံးလ ဟောကြားတော်မူရာ သီတင်းကျွတ်
လပြည့်နေ့တွင် ပြီးဆုံးသောကြောင့် လူတို့နေရာ
သင်္ကဿနဂိုရ်ပြည်သို့ ပြန်လည်သက်ဆင်းတော်မူပါသည်။
နတ်ပြည်မှ လူ့ပြည်သို့ သက်ဆင်းရာ၌
✤နတ်ပရိသတ်တွေက လက်ယာဘက် ရွှေစောင်းတန်း၊
✤ဗြဟ္မာပရိသတ်တွေက လက်ဝဲဘက် ငွေစောင်းတန်း၊
✤မြတ်စွာဘုရားသခင်က အလယ် ပတ္တမြားစောင်းတန်းမှ
သက်ဆင်းတော်မူပါသည်။
✤မာတလိနတ်သားက မြတ်စွာဘုရားအနီး
ဝဲဘက်တော်မှ ခစားလိုက်ပါပြီး၊
✤ပ ဉ္စသီခ နတ်သားက စောင်းတီးပူဇော်ရင်း
လိုက်ပါပို့ဆောင်ပါသည်။
✤သိကြားမင်းက ဘုရားနောက်တော်မှထီးမိုးလိုက်ပါပြီး၊
✤သုယာမနတ်သားက ယပ်ခတ်လို့ လိုက်ပါလာပါသည်။
အဲဒီအချိန်က ဗုဒ္ဓအသရေတော်ကို ဖူးတွေ့လိုက်ရတဲ့
လူတွေဟာ ဗောဓိဆုကို ရလိုကြောင်း ဆုတောင်းသူက
များပါသတဲ့။ကုဋေပေါင်းများစွာ ကျွတ်တမ်းဝင်လိုကြတယ်လို့
ပိဋကတ်ကျမ်းဂန်တွေမှာ ဖော်ပြထားပါတယ်။
မြတ်စွာဘုရားသခင် တာဝတိံသာနတ်ပြည်မှ
သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်ရာ၌ မီးရှူးတန်ဆောင်
အလင်းရောင်တို့ဖြင့် ထွန်းညှိပူဇော်ကြသည့်ထုံးကို နှလုံးမူ၍
နှောင်းခေတ် ဗုဒ္ဓဘာသာဝင်တို့က သီတင်းကျွတ်ချိန်တွင်
မြင်းမိုရ်မီးပွဲ ထွန်းညှိပူဇော်ကြခြင်းဖြစ်ပါသည်။

(မေး)။ ။သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာ
အခါတော်နေ့အဖြစ် ကျင်းပရပုံကို ရှင်းပြပါ။

(ဖြေ)။ ။(က)။နတ်ပြည်မှာ နတ်ပရိသတ်တွေကို
အကျယ်ဟောကြားပြီးဆုံးခြင်းသည်လည်း
သီတင်းကျွတ်လပြည့်နေ့။
(ခ)။စန္ဒကူးတော၌ အရှင်သာရိပုတ္တရာအား အကျဉ်း
ဟောကြားပြီးဆုံးခြင်းသည်လည်း သီတင်းကျွတ်လပြည့်နေ့။
(ဂ)။အရှင်သာရိပုတ္တရာ မထေရ်ကတပည့်ရဟန်း
၅ဝဝ တို့အား မကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့်
သင်ကြားပို့ချပြီးဆုံးခြင်းသည်လည်း သီတင်းကျွတ်
လပြည့်နေ့ ဖြစ်ပါသည်။

ဤအချက်ကို ရည်ညွှန်းပြီး သီတင်းကျွတ်လပြည့်နေ့ကို
အဘိဓမ္မာအခါတော်နေ့ ကျင်းပခြင်းဖြစ်ပါသည်။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊
မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ(မာဂဓီ-သာစည်)
ဆရာတော်ဘုရားကြီး၏ “အခါတော်နေ့များမှ”-】
Posted by►
www.facebook.com/youngbuddhistassociation.mm