တစ်ခါကလည်း ရန်ုကုန်မြို. သရက်တောကျောင်းတိုက်ကြီးအတွင်း ကျောင်းတစ်ကောင်း၌ ယိုးဒယား ဘုန်းကြီးတစ်ပါးက သူ့အား ရန်ငြိှုးထားပြီး တုတ်ကြီးဖြင့် အားကုန်ရိုက်နှက်ဖူး၏။ ဦးလောကနာထ ကား အပြုံးမပျက် ၊ မျက်စိမှိတ်လျက် ထိုဘုန်းကြီးအပေါ် မေတ္တာပွား၍ နေလိုက်ရာ သေသေချာချာ ချိန်၍ ရိုက်သော်လည်း တုတ်မှာ လွဲချော်သွားသည်ဟု မျက်မြင်ကိုယ်တွေ့ ပုဂ္ဂိုလ်တစ်ဦးက ပြောပြဖူး၏။

ဦးလောကနာထသည် ကိုယ်တိုင်လည်း အသက်လွတ် ဘုဉ်းပေး၍ အသက်လွန်စားရန်လည်း အထူးဟောကြားလေ့ရှိသည်။ အသက်လွတ်စားခြင်း သည် မေတ္တာဘဝနာအတွက် အကျိုးပြုသည်ဟု ယုံကြည်သောကြောင့် ဖြစ်လေသည်။

(မှတ်ချက်။ အသက်လွတ်စားခြင်းသည် ဘုရားဟောကြေားသော ကျင့်စဉ်မဟုတ်ပါ။ ဤအကြောင်း ကို နောင်တွင်ကြုံသည့်အခါ ရေးသားပါဦးမည်။)

ကိုယ်တွေ့ ဦးလောကနာထ တရား--

စာရေးသူ ငယ်ရွယ်စဉ် အသက် ၁၀ နှစ် ခန့်လောက်ပဖြစ်သည်။ အဖွားနှင့်အတူ ဦးလောကနာထ တရားကို နာဖူးခဲ့သည်။ အင်းစိန်မြို.တွင်ဖြစ်သည်။

ထိုစဉ်က စာရေးသူမှာ အသက်ငယ်ရွယ်သေးသူဖြစ်ပြီး အဖွားခေါ်၍ လိုက်လာခဲ့ရသည်ဖြစ်ရာ တရားအလုံးအစုံကို မမှတ်မိတော့ပါ။

ဆရာတော်သည် ဘာသာပြန် ဘုန်းကြီးတစ်ပါး နှင့်အတူ မြန်မာပြည်အနှံ့ လှည့်လည် တရားဟောခြင်းဖြစ်ပါသည်
ဆရာတော်၏ တရားပွဲတိုင်းတွင် လူများ တစ်ခဲနက် ကျိတ်ကျိန်တိုးစည်းကားလှပါသည်။ မှတ်မိသည်မှာ ဆရာတော်သည် တရားဟောပြောပြီးပါက၊ အသက်သတ်လွတ်စားရန် ၊ အနည်းဆုံ ခြေလေးချောင်းသား ရှောင်ရန် အလှူခံပြီး၊ ဒကာတစ်ဦးက စာရင်းစာအုပ်နှင့် မှတ်သားထားပါသည်။ မိမိလည်း အသက်ငယ်ရွယ်သေးသူ ဖြစ်သဖြင့် ကောင်းစွာနားမလည်သော်လည်း သတ်သတ်လွတ် စားခြင်းသည် ကောင်းသောအလုပ်တစ်ခု ဖြစ်သည်ကို အဖွားဖြစ်သူ ၏ ဆုံးမသွန်သင်မှုအရ သတ်သတ်လွတ်လွတ် တော့ မစားနိုင်၊ ခြေလေးချောင်း ရှောင်ကျဉ်မည်ဖြစ်ကြောင်း သွားရောက် စာရင်းပေးခဲ့ပြီး၊ ယနေ့တိုင် ခြေလေးခြောင်းအသားကို ရှောင်ကျဉ်ခဲ့ပါသည်။

ထိုအချိန်က ဆရာတော်ထံ အလားတူ စာရင်းပေးလှူတန်းသူများ ကျိတ်ကျိတ်တိုးစည်ကား နေသည်ကို တွေ့ရှိခဲ့ပါသည်။

ကမ္ဘာ့ခေါင်းဆောင်များအား စစ်မတိုက်ကြရန် မေတ္တာရပ်ခံခြင်း

ဦးလောကနာထကား မေတ္တာဝါဒကို လက်ကိုင်ထားသူ ပီပီ ၁၉၃၉ ခုနှစ်၊ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာသောအခါ ထိုအချိန်က ကမ္ဘာ့စစ်ဘုရင်များ ဖြစ်ကြသော ဟစ်တလာ၊ မူဆိုလိုနီ၊ စတာလင်၊ ချိန်လာလိန်၊ ချာချီ ၊ ရုစဘဲ၊ အင်္ဂလိပ်ဂျော့ဘုရင်၊ ဂျပန်ဘုရင်၊ ပြင်သစ်သမ္မတ နှင့် ချန်ကေရှိတ်တို့ထံ စစ်မတိုက်ကြရန် မေတ္တာရပ်ခံခဲ့၏။

သို့ရာတွင် ကန္တာရထဲမှ တစ်ယောက်တည်း ဟစ်အော်နေသူပမာ အချည်းနှီးဖြစ်ခဲ့ရုံသာမက အီတာလျံ လူမျိုးဖြစ်၍ အိန္ဒိယရှိ ဗြိတိသျှစစ်သုံ့ပန်းစခန်း၌ပင် ကြွရောက်နေထိုင်ခဲ့ရလေ၏။

၁၉၄၈ ခုနှစ်တွင် မန္တလေးမြို.၌ နိုင်ငံခြားဗုဒ္ဓသာသနာပြု အဖွဲ့ကြီး၏ စေလွှတ်ချက်အရ အမေရိကန် လော့အိန်ဂျယ်မြို.၌ သာသနာပြုစခန်းဖွင့်ကာ တတိယကမ္ဘာစစ် မဖြစ်ပွားရေး မေတ္တာရပ်ခံချက် ထုတ်ပြန်ခဲ့၏။

“ နိုင်ငံအားလုံးသည် ငြိမ်းချမ်းခြင်းကို လိုလားတောင့်တကြ၏။ ထိုသို့ ငြိမ်းချမ်းရေးကို တောင့်တနေစဉ် မှာပင် ကြောက်မက်ဖွယ် စစ်ဒဏ်ခံနေကြရရှာသည်။ လူတို့သည် လောဘကြောင့် တိုက်ခိုက်နေ ကြခြင်းဖြစ်သည်။ လူသားတို့၏ ဒေါသအာဇာတစိတ်လည်း အဆုံးအဆမရှိ။ လူသားတို့၏ ဖျက်ဆီးမှုကြောင့်ပင် လူသားမျိုးနွယ်များ ဆုံးရူံးပျက်စီးလှလေပြီ” ဟု ၎င်း၊

“ကမ္ဘာသူ ကမ္ဘာသားအပေါင်းတို့ ….ဘာသာတရားကို အလေးထားကြကုန်လော့။ စစ်ကို ဘာသာရေးကသာ တားဆီးနိုင်သည်။ ဘာသာရေးမှတပါး စစ်မီးငြိမ်းရန် မျှော်လင့်ချက် မရှိ။ ကမ္ဘာပေါ်တွင် အအောင်နိုင်ဆုံး ပုဂ္ဂိုလ်မှာ ဗုဒ္ဓဘာလျှင်ဖြစ်သည်။

တုဖက်ကင်းသော အောင်နိုင်သူကြီး ဖြစ်၏။ အယ်လက်ဇန္ဒြား၊ ဆီဇာ၊ နပိုလီယန် စသော စစ်ဘုရင်တို့ကား ကမ္ဘာကို ဒေါသဖြင့် အနိုင်ကျင့် အုပ်စိုးသူများသာ ဖြစ်သည်။ ဗုဒ္ဓကား ကမ္ဘာကို မေတ္တာဖြင့်သ အုပ်စိုးသူဖြစ်သည်။ ကျွနု်ပ်တို့ ဗုဒ္ဓလမ်းစဉ်ကို လိုက်ကြပါစို့” ဟု ၎င်း၊
“ကျွနု်ပ်တို့ကိုယ် ကျွနု်ပ်တို့အားလုံး မေတ္တာ ဒိုင်နမို၊ မေတ္တာဘက်ထရီ ၊ မေတ္တာအသံလွှင့်ရုံကြီးများ အဖြစ်ပြောင်းလဲကာ စကြာဝဠာတစ်ခုလုံး မေတ္တာဖြင့် လွှမ်းဖုံးကြပါစို့”—

ဟုလည်းကောင်း ဖော်ပြထားပေသည်။

အဏုမြူလက်နက်များ တားဆီးရေးနှင့်
ပတ်သက်သော မေတ္တာရပ်ခံချက်ကိုလည်း ဖြန့်ဝေပြန်ရာ သိပ္ပံပညာက ကမ္ဘာနှင့် လူသားမျိုးနွယ် ပြုတ်ပြုတ်ပြုန်းပြုန်းအောင် ဖျက်ဆီးတော့မည် ဖြစ်၍ အချိန်မနှောင်းမီ ဗုဒ္ဓလမ်းစဉ်အရ ငါးပါးသီလကို စောင့်ထိန်းခြင်းအားဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို တည်ဆောက်ကြရန် နှိုးဆော်ခဲ့လေသည်။

စွန်းလွန်းဆရာတော်၊ ဝေဘူဆရာတော် အစရှိသော ဆရာတော်ကြီးများကို ပူဇော်ခြင်း

ဦးလောကနာထ သည် မြန်မာနိုင်ငံ၌ အချိန်ကြာမြင့်စွာ နေ၍ မြန်မာပြည်တွင် ရဟန္တာအရှင်မြတ် ငါးဆယ်ခန့်ရှိသည် ဟု ကြားသိထားသည်ဆိုကာ စွန်းလွန်းဆရတော်၊ ဝေဘူဆရာတော် စသော ပဋိပတ်အကျော် ဆရာတော်ကြီး ခြေတော်ရင်းသို့လည်း မပြတ်သွားရောက် ပူဇော် ဖူးမြော် နည်းခံလေ့ရှိ၏။

ကွယ်လွန်သူ မိဘများကို ရည်စူး၍လည်း အလှူဒါန ပြုကာ အမျှအတန်းပေးဝေလေ့ရှိသည်။

“မြန်မာပြည်တွင် ရဟန္တာပေါ်ထွန်းသည့်အတွက် ကမ္ဘာပေါ်တွင် မြန်မာက ဂုဏ်ယူဖွယ်ဖြစ်ပါသည်။” စသည်ဖြင့်လည်း ဟောပြောရေးသားကာ ဗုဒ္ဓသာသနာတော်အား အင်အားပါ၀ါကြီး နှိုးဆော်လေ့ရှိ ပေသည်။

ဝေဘူဆရာတော်ဘုရား သီဟိုဠ်ကြွခြင်း

၁၃၁၉ ခုနှစ်က ဝေဘူဆရာတော်ဘုရားကြီးအား သီဟိုဠ်ဝန်ကြီးချုပ်၏ အစ်ကိုဖြစ်သူ ဂျက်ဆင်ဂွတ္တလားဝါလား နှင့် သမီးဖြစ်သူ အာရေမ တို့က သီဟိုဠ်သို့ ပင့်ဖိတ်ခြင်းကိစ္စတွင်လည်း ဦးလောကနာထ၏ သတင်းပေးရေးသား လမ်းညွှန်မှုသည် အဓိက အကြောင်းဖြစ်၏။

ဦးလောကနာထ ကိုယ်တိုင်ပင် ဆရာတော်အား လာရောက်လျှောက်ထား ပင့်ဆောင်ပေးခဲ့ရ လေသည်။

သာသနာပြု ရဲဘက်တော်ကြီးဒေါက်တာဆိုနီ
ဦးလောကနာထကို အကြောင်းပြု၍ ကုသိုလ်ကံထူးသူ၊ ဗုဒ္ဓဘာသာဖြစ်လာသူများကား များလှပေသည်။

မန္တလေးမြို.၌ ကိုယ်တိုင်ဗုဒ္ဓကျမ်းစာများကို အင်္ဂလိပ်လို ရေးသား၍ ပစ္စည်းလေးပါးဖြင့်လည်း ကမ္ဘာအထိ သာသနာပြုနေသူ နာမည်ကျော် ဒေါက်တာဆိုနီ (Dr. R. L. Soni, MBBS, FRHS, FZS, FMSB.,etc., President, Burma-India Cultural Society’ and Founder-Director-in-Chief, Inistitute of Buddhist Culture, Mandaly, 1953--မိမိတွင်ရှိသည့် စာအုပ်ငယ်လေးမှ ဖြည့်စွက် ထည့်ပေးခြင်းဖြစ်ပါသည်။) သည် ဦးလောကနာထ ကြောင့်ပင် ဗုဒ္ဓဘာသာဖြစ်၍ ဦးလောကနာထ ၏ သာသနာပြု ရဲဘက်တော်ကြီးလည်း ဖြစ်ပေသည်။

“ ဗုဒ္ဓဘာသာသည် သိပ္ပံနည်းကျ ဘာသာဖြစ်၍ ယခုရောနောင်ပါ ဗုဒ္ဓတရားတော်သာလျှင် တစ်ခုတည်းသော ါအမှန်တရားဖြစ်သည်” ဟု အစဉ်တစိုက် လှည့်လည်ကြွေးကြော်ယင်း --

“ ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာသူများသည် ယုံကြည်မှု၊ စိတ်အားထက်သန်မှု ပြင်းထန်သူများ ဖြစ်ကြပါသည်။ ဆင်းရဲသားသည် ငွေတန်ဖိုးကို ကောင်းစွာ သိသကဲ့သို့ ဗုဒ္ဓဘာသာဝင်အဖြစ် ကူးပြောင်းလာသူများသည်လည်း ဗုဒ္ဓတရားတော်၏ တန်ဖိုးကို ကောင်းစွာသိကြပါသည်။ ဗုဒ္ဓ၏ ပထမဆုံးသော တပည့်ရဟန်း သံဃာများသည်လည် မူလက အခြားဘာသာဝင်များ ဖြစ်ကြပါသည်။

ဗုဒ္ဓနှင့်တွေ့သောအခါ တွင်မှ ဗုဒ္ဓဘာသာသို့ ကူးပြော်ငးလာကြသူများ ဖြစ်ကြပါသည်။ ဗုဒ္ဓသည်ပင်လျှင် မူလက ဟိန္ဒူဘာသာဝင် ဖြစ်ပါသည်။ ထို့နောက်မှ မိမိအလိုလိုကိုယ်တော်တိုင် ဗုဒ္ဓဝါဒကို ပြောင်းလဲ တည်ထောင်သူ ဖြစ်ပါသည်--

ပျံလွန်တော်မူခြင်း---

စသည်ဖြင့်လည်း ဘာသာအယူဝါဒ အပြောင်းအလဲနှင့် စပ်၍ မရွံ.မရဲ မရှိသင့်ကြောင်း၊ ဗုဒ္ဓဘာသာဝင် ဖြစ်ရသည်မှာ တသံသရလုံးအတွက် ဂုဏ်ယူဖွယ်ဖြစ်ကြောင်း ပြတ်သား ရဲရင့်စွာ အကြောင်းယုတ္တိ ခိုင်ခိုင်မာမာဖြင့် တစ်ဘဝတာလုံး လှည့်လည်အားပေး ကြွေးကြော်ခဲ့သော ပုဂ္ဂိုလ်ထူးကြီးကား ၁၉၆၆ ခုနှစ်၊ မေလ ၂၅ ရက်နေ့၊ သက်တော် (၆၈) နှစ်အရ မေမြို.၌ ပျံလွန်တော်မူခဲ့လေပြီ။

ကမ္ဘာတစ်ရိုး ဒိုးယိုပေါက်မျှ ခြေထောက်အားကိုး နှိုးဆော်အားပေး ကြွေးကြော်သံတို့ကား ဆရာတော်၏ မေတ္တာဝါဒ နှင့်အတူ ဆက်လက်ကြေငြာ၍ သာသနာပြုနေကြပေဦးမည်သာတကား။

(၁၉၈၀ ခု၊ ဒီဇင်ဘာလထုတ် ရတနာမွန်မဂ္ဂဇင်း၊ ပါရဂူရေး “သာသနာ့ခရီးသည် ဦးလောကနာထ ဆောင်းပါး နှင့် ၁၉၈၀ ၊ ဇွန်လ နှလုံးလှ တိုက်ထွက်၊ မင်းယုဝေ ရေး အထ္ထုပ္ပတ္တိထူး (နိုင်ငံခြားသား ဗုဒ္ဓသာသနာပြုများ အထ္ထုပ္ပတ္တိ စာအုပ်တို့တွင် အပြည့်အစုံပါရှိပါသည်။)

စွန်းလွန်းဆရာတော် နှင့် ဦးလောကနာထ

၁၃၁၃ ခုနှစ်၊ ရှင်သာရိပုတ္တရာ နှင့် ရှင်မဟာမောဂ္ဂလာန် အဂရှင်မြတ်တို့၏ ဓာတ်တော်များ ပင့်ဆောင်သည့် အဖွဲ့နှင့်အတူ မြင်းခြံမြို.သို့ အီလာလျှံ ဘုန်းတော်ကြီး ဦးလောကနာထ ကြွရောက်လာ၍ ကျေးဇူးရှင် စွန်းလွန်းဂူကျောင်းဆရာတော်ဘုရားကြီးထံ စုံစမ်းသည့် အနေဖြင့် ဝင်ရောက်ဖူးမျှော်လေသည်။

ဆရာတော်ဘုရားကြီးအား ဖူးမျှော်ရသည့် ခဏ ဦးလောကနာထ တွင် အလွန်ကြည်ညိုစိတ်ဖြစ်ပေါ်လာ သည်နှင့် ထိခြင်း ငါးပါးတို့ဖြင် ရှိခိုး ကန်တော့လေသည်။

ထိုနောက် ဆရာတော်ဘုရားကြီးအား ဘုရားအစစ်-တရားအစစ်-သံဃာအစစ် ကို သိလိုကြောင်း လျှောက်ထားသည်နှင့် ဟောကြားတော်မူသည်မှာ---

(သီးခြားခေါင်းစဉ်ဖြင့်ဖော်ပြပေးပါမည်။)
---------------------------------------------------------------------------------