-ဗြဟ္မစိုရ်တရားဆိုတာ မေတ္တာ ၊ ကရုဏာ ၊ မုဒိတာ ၊ ဥပေက္ခာ ဆိုတဲ့ ဒီတရားလေးပါး ပါပဲ၊

-ဒီတရားလေးပါးထဲက မေတ္တာ ဆိုတာ သူများတွေလဲ ကိုယ်လိုပဲ ချမ်းသာချင်ကြပေလိမ့်မယ်လို့ ကိုယ်ချင်းစာပြီးတော့ သူတပါးတွေကို ချမ်းသာစေလိုတဲ့ သဘောပါပဲ။

-ကရုဏာဆိုတာ ကိုယ့်အောက်ကလူတွေ ဒုက္ခရောက်နေရှာကြတဲ့ သူတွေကို ကိုယ်ချင်းစာတရားနဲ့ သနားကြင်နာတဲ့ သဘောပါပဲ၊

-မုဒိတာဆိုတာကိုယ့် အထက်ကဘူတွေ ကိုယ့်ထက် ပြည့်စုံချမ်းသာကြတဲ့သူတွေကို ချမ်းသာမြဲ ချမ်းသာကြပါစေလို့ ဝမ်းမြောက်ကြည်သာစွာ နှလုံးသွင်းနိုင်တဲ့ သဘောပါပဲ၊

-ဥပေက္ခာဆိုတာ သတ္တဝါတွေဟာ မိမိတို့ ကိုယ်တိုင် ပြုလုပ်ထားတဲ့အမှု ကံအားလျှော်စွာ ဖြစ်နေကြရတာပဲလို့ ဘက်မလိုက်ပဲ မျှမျှတတ နှလုံးသွင်းတဲ့ သဘောပါပဲ၊

အကန့်အသတ်မရှိတဲ့တရား

-ဒီတရား (၄) ပါးကို အဘိဓမ္မာ ဒေသနာမှာ အပ္ပမညာဆိုတဲ့ အမည်နဲ့ ဟောထားပါတယ်၊ အားလုံးသော သတ္တဝါတွေအပေါ်မှာ အကန့်အသတ်မရှိပဲ ပွားချင်သဘောက် ပွားများ ကောင်းတဲ့တရား၊ ပွားများဖို့ နယ်ပယ် အကန့်အသတ်မရှိတဲ့တရားလို့ ဆိုပါတယ်၊

မြတ်သောနေထိုင်ရေးတရား

သုတ္တန်ဒေသနာတွေမှာတော့ ဒီတရားတွေကို အများအားဖြင့် ဗြဟ္မဝိဟာရ လို့ အမည်ပေးထားပါတယ်၊ မြတ်သောနေထိုင်ရေးတရားလို့ ဆိုလိုပါတယ်၊

ဗြဟ္မာစိုရ်တရား

မဟာဂေါ၀ိန္ဒသုတ်မှာတော့ ဗြဟ္မစရိယ လို့ အမည်ပေးထားပါတယ်၊
ဒါကြောင့် ဗြဟ္မစိုရ်တရား လို့ ခေါ်ဝေါ်ပြောဆိုနေကြပါတယ်။

အဓိပ္ပါယ်အားဖြင့်တော့ မြတ်သောအကျင့် လို့ ဆိုလိုပါတယ်။

လက်တွေ့စမ်းကြည့်နိုင်ပါတယ်

ဒီ ဗြဟ္မာစိုရ်တရားဟာ လူမျိုးမရွေး ဘာသာမရွေး လူတိုင်း လူတိုင်း ကျင့်သုံးသင့်တဲ့ တရားဖြစ်ပါတယ်၊

စဉ်းစားကြည့်ကြပါ ၊ မိမိ၏ အကျိုးကိစ္စ ပြီးမြောက်အောင် စေတနာဝန်ထမ်း သဘောဖြင့် ကူညီဆောင်ရက်ပေးမည်ဆိုလျှင် ဘယ်သူကလက်မခံပဲ ငြင်းပယ်မှာလဲ၊ ဘယ်သူမှ ငြင်းပယ်မှာ မဟုတ်ပါဘူး၊ အားလုံး ဝမ်းမြောက်ဝမ်းသာနဲ့ လက်ခံကြမှာချည်းပါပဲ၊

အဲဒါဘာသဘောထင်သလဲ ချမ်းသာစေလိုတဲ့ မေတ္တာကို လူတိုင်းက လက်ခံနိုင်တဲ့အတွက် အဲဒီမေတ္တာကို လူတိုင်းလူတိုင်း ကျင့်သင့်တယ်ဆိုတာ ဖော်ပြနေတဲ့ သဘောပါပဲ၊ လက်တွေ့လဲ စမ်းကြည့်နိုင်ပါတယ်၊

လူ့ကျင့်ဝတ်

-လူတစ်ယောက်ကို ချိုချိုသာသာနဲ့ နှုတ်ဆက်လျှင် အဲဒီလူကလဲ ချိုချိုသာသာနဲ့ပဲ ပြန်ပြီး နှုတ်ဆက်ပါလိမ့်မယ်၊

-လမ်းမသိတဲ့သူကို လမ်းညွှန်ပြလျှင်ဖြစ်စေ ၊ မီးရထား၊ သင်္ဘော စသည်ဖြင့် ခရီးသွားတဲ့အခါ နေရာ မရတဲ့သူကို မိမိနေရာထဲက မျှပေးလျှင်ဖြစ်စေ၊ လေးလံတဲ့ ဝန်ထုပ်ဝန်ပိုး သယ်ဆောင်လာတဲ့လူကို ဖေးမ ကူညီပေးလျှင်ဖြစ်စေ
ဒီလိုစေတနာမေတ္တာဖြင့် ကူညီဆောင်ရွက်ပေးလျှင် တဘက်သား ပုဂ္ဂိုလ်က ကျေးဇူးတင်မည့်ပြင် မိမိကို်ယ်တိုင်လဲ လူ့ကျင့်ဝတ်တရား ကျေပွန်သည့် အတွက် ဝမ်းမြောက်ဝမ်းသာခြင်းအကျိုး ကို ချက်ချင်းပဲ ရပါလိမ့်မယ်၊

မိမိမှာ အခက်အခဲရှိတဲ့အခါဆို ကူညီမည့်သူများ ပေါ်လာတတ်ပါတယ်၊

ဒီနည်းဖြင့် လူတိုင်း လူတိုင်း က လူ့ကျင့်ဝတ်ကို သိပြီး မေတ္တာတရားနဲ့ အချင်းချင်း တတ်စွမ်းနိုင်သမျှ ကူညီဆောင်ရွက် သွားကြမယ်ဆိုလျှင် လူ့လောကကြီးအဟာ အစဉ်ထာဝရ သာသာယာယာနဲ့ ဖြစ်သွားဖို့ ရှိပါတယ်၊

ဒါကြောင့် မေတ္တရားကို လူတိုင်း လူတိုင်း ကျင့်သုံးသင့်ကြောင်း ထင်ရှားပါတယ်။

(မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော ဗြဟ္မစိုရ်
တရားတော်ကြီး မှ ကောက်နုတ်ချက်)