သာသနာတော်၏ အံ့ဘွယ် (၈) ပါး (အပိုင်း-၂ )

(၅) ပြီးတော့ ဘုန်းကြီးတို့ မဟာသမုဒ္ဒရာမှာ ကောင်းကင်က ရတွေကျလာတယ်၊ ခုနပြေတဲ့ မြစ်ကြီး ငါးသွယ်က ရေတွေကလဲ စီးဝင်နေတယ်၊ ဘယ်လောက်ပဲဝင်ဝင် ၊ ဘယ်ရေတွေပဲလာလာ သမုဒ္ဒရာကြီးဟာ လျှော့တယ်လဲမရှိဘူး၊ လျှံသွားတယ်လဲမရှိဘူး။ ဒီအတိုင်း ဒီအတိုင်းပဲ၊

အဲ့ဒါလိုပဲ ဘုန်းကြီးတို့ သာသနာတော်မြတ်ကြီးမှာ နိဗ္ဗာန်ကို ဝန်စံကြတဲ့ ပုဂ္ဂိုလ်တွေ ဘယ်လောက် များများ နိဗ္ဗာန်ကြီးဟာ လျှော့သွားတယ်လဲ မရှိဘူး။ လျှံသွားတယ်လဲမရှိဘူး၊ ဒီအတိုင်း ဒီအတိုင်းပဲ၊ အားလုံး လက်ခံနိုင်တဲ့ သဘာဝ ရှိတယ်။

အဲဒါ ဘုန်းကြီးတို့ သာသနာတော်ရဲ. အံ့ဖွယ်တစ်ရပ် ထူးခြားချက်ပဲ။

(၆) ပြီးတော့ မဟာသမုဒ္ဒရာကြီးဟာ အရသာတစ်မျိုးတည်းရှိတယ်။

အဲဒီအရသာတစ်မျိုးရှိခြင်းဟာ ဆားငန်အရသာဆိုတဲ့ အရသာတစ်မျိုးတည်းရှိခြင်းဟာ မဟာသမုဒ္ဒရာရဲ. အံ့ဖွယ်တစ်ရပ်ပဲ။

အဲဒါလိုပဲ ဘုန်းကြီးတို့ သာသနာတော်မှာလဲ တကယ်အဆီစစ် ညှစ်ထုတ်လိုက်ရင် အရသာတစ်မျိုးပဲ ထွက်တယ်။

၀ိမုတ္တိရသတဲ့ ၊ ကိလေသာမှ လွတ်မြောက်မှုအရသာ၊ သာယာဖွယ်ကြီးတစ်ခုလဲရှိတယ်။

အဲဒါဟာ သာသနာတော်ကြီးရဲ. ထူးခြားတဲ့ အံ့ဖွယ်တစ်ရပ်။

(၇) ပြီးတော့ ဘုန်းကြီးတို့ သမုဒ္ဒရာကြီးဟာ ရတနာ အမျိုးမျိုး တို့ရဲ. တည်နေရာဖြစ်တ်။ ပါဠိလိုတော့ ရတနာကရတဲ့။ ရွှေ ငွေ စိတ် ကျောက်၊ သန္တာ ၊ နီလာ ဂေါ်မုတ် ဥဿဖရား ပတ္တမြား အစရှိသော ရတနာတွေများစွာ တည်ရှိတယ်။ ရတနာ အမျိုးမျိုးတို့ရဲ. တည်ရာဖြစ်တယ်။

အဲဒါလိုပဲ ဘုန်းကြီးတို့ ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီးဟာလဲ ဗဟုရတနများစွာသော ရတနာတွေ ရှိကြတယ်။ အနေက ရတန အလွန်များပြားတဲ့ ရတနာတွေ ရှိကြတယ်။

သာသနာတော်မှာ ရှိတယ်ဆိုတဲ့ ရတနာတွေဟာ ဘာတွေတုံး ၊ သတိပဋ္ဌာန် တည်းဟူသော ရတနာ၊ သမ္မပ္ပဓာန်တည်းဟူသော ရတနာ၊ ဣဒ္ဓိပါဒ်တည်းဟူသော ရတနာ၊ ဗိုလ်တည်းဟူသော ရတနာ၊ မဂ္ဂင်တည်းဟူသော ရတနာ၊ ရတနာတွေ ရတနာတွေ အမျိုးစုံရှိတယ်။

ဘုန်းကြီးတို့ ယူနိုင်ကြတယ် ၊ သုံးနိုင်ကြတယ်။ အများကြီးရှိတယ်။ ဒါဟာ ဘုန်းကြီးတို့ ဒကာဒကာမတွေလဲ တတ်နိုင်သမျှ ကိုယ်လက်လှမ်းမီသမျှ သုံးနေကြတာ၊ အဲဒီရတာ အမျိုးမျိုးရှိခြင်းဟာ ဘုန်းကြီးတို့ သာသနာတော်မြတ်ကြီးရဲ. အစ္ဆရိယ-အံ့ဖွယ်တစ်ရပ်။

(၈) ထို့အတူပဲ မဟာသမုဒ္ဒရာကြီးဟာ ကြီးကျယ်သော ၊ သတ္တဝါတို့ရဲ. တည်နေရာဖြစ်တယ်။ တိမိ-တိမိရ၊ တိမိပိင်္ဂလ၊ အသူရာ ဒေဝါ နာဂါ အသူရာတွေ နတ်တွေ နဂါးတွေ ၊ ပုဂ္ဂိုလ်ကြီးတွေ၊ သတ္တဝါကြီးတွေ၊ တည်ရာဖြစ်တယ်၊

အဲ့ဒါလိုပဲ ဘုန်းကြီးတို့ သာသနာတော်မြတ်ကြီးဟာလဲပဲ ကြီးကျယ်မြင့်မြတ်သော ပုဂ္ဂိုလ်တို့၏ တည်နေရာ ဖြစ်တယ်၊ မဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်လေးယောက်၊ ဖလဋ္ဌာန် ပုဂ္ဂိုလ်လေးယောက် တို့၏ တည်နေရာဖြစ်တယ်။

တကယ့် အရိယာမွန် ပုဂ္ဂိုလ်မွန် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် ပုဂ္ဂိုလ်ကြီးတွေရဲ. တည်နေရာဖြစ်တယ်။

ဒါ့ကြောင့် မဟာသမုဒ္ဒရာကြီးဟာ သတ္တဝါကြီးတွေရဲ. တည်နေရာဖြစ်သလို၊ ဘုန်းကြီးတို့ သာသနာတော်မြတ်ကြီး ဟာလဲ ထူးခြားသော မွန်မြတ်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီးတွေရဲ. တည်နေရာ ဖြစ်သောကြောင့် တကယ့်အစ္ဆရိယသာသနာ၊ အံ့ဖွယ်ရာ သာသနာတော်ကြီး လို့ဆိုရတယ်။

အဲဒီတော့ အခုပြောခဲ့သလို သာသနာတော်ကြီးဟာ အံ့ဖွယ် (၈) ပါး နဲ့ ပြည့်စုံတော်မူတဲ့ သာသနာတော်မြတ်ကြီး။ အဲဒီသာသနာတော်မြတ်ကြီးကို မိမိတို့ ယနေ့ ပူဇော်ကြရတယ်။ ချီးမြှောက် ကြရတယ်၊ ထောက်ပင့်ကြရတယ်။

အဲသလို တကယ်ထူးခြားတဲ့ သာသနာတော်ကြီးကို ချီးမြှောက်ရတယ်၊ ထောက်ပင့်ရတယ်ဆိုရင် ချီးမြှောက်ထောက်ပင့်ရတဲ့ ပုဂ္ဂိုလ်မှာ ဘယ်လောက် ဂုဏ်တက်တယ်၊ ဘယ်လောက် ထူးခြားတယ်၊ ဘယ်လောက် အရှိန်အဝါရှိလှတယ် ဆိုတာ ပြောစရာမရှိဘူး။

ဒါကြောင့်မို့လို့ တူနိုင်မယ်မထင်ကြနဲ့ လို့ဆိုတဲ့ သာသနာတော်ကြီး။

ဆက်ရန်-

(အဘိဓဇ မဟာရဋ္ဌဂုရု ရွှေကျင်နိကာယ ဥပ ဥက္ကဋ္ဌ ကျမ်းပြုအကျော် သပြေကန်ဆရာတော် အရှင်ဝါသေဌာဘိဝံသ ၊ သပြေကန်တရားပေါင်းချုပ်-အမှတ် (၁) ၊ မှ ကောက်နုတ် ပူဇော်ပါသည်။)

ပုံ ၁ ၊ ပါကစ္စတန်နိုင်ငံ၊ လဟော(Lahore) မြို. ပြတိုက်ရှိ ဂန္ဓာရ လက်ရာ ဗုဒ္ဓမြတ်စွာဘုရား ဒုက္ကစရိယာကျင့်တော်မူပုံ ဗုဒ္ဓရုပ်ပွားတော် နှင့် ရောမမြို. ပြတိုက်ရှိ ကျောက်ဆစ်လက်ရာ ပုံတော်၊

ပုံ ၃။ ရှေးမင်းညီးမင်းသားများ ပညာသင်ကြားရာ ပါကစ္စတန်နိုင်ငံ၊ တက္ကသီလာ (Taxila) ရှိ ဓမ္မရာဇိက ကျောင်းနေရာ