“နတ်ပြည်မှာ မြန်မာပြည်ကနတ်သားတွေမနည်းတော့ဘူး”

တရားအားမထုတ်သူ လူဖြစ်ရကျိုးမနပ်

ဤခေတ် ဤမြန်မာနိုင်ငံ၌ ကမ္မဋ္ဌာန်း နည်းပြနိုင်သော ပုဂ္ဂိုလ်တွေများသလောက် တစ်နည်းမဟုတ်တစ်နည်း အားထုတ်ဖူးသူတွေများနေပြီး အားရစရာပဲ။

ဒါမြန်မာ့သာသနာ တိုးတက်မှုကြီးမဲ။ ဒီလိုကမ္မဋ္ဌာန်းတရားတွေ ရှိနေလို့ နေလိုA လလို ထွန်းကားနေတဲ့အချိန်မှာ အားမထုတ်ရသေးတဲ့သူများ အားထုတ်ကြပါလို့ ဘုန်းကြီးတိုက်တွန်းလိုက်ပါတယ်။

တရားအားမထုတ်ရသေးဘူးဆိုရင် ဒီသာသနာနှင့် ကြုံရကျိုး မနပ်သေးဘူးလို့ ဒီလိုပဲပြောဖို့ရှိတော့တယ်။ လူဖြစ်ကျိုးရူံးနေတယ်။

အမှန်အတိုင်းပြောရရင် သေမင်းနှင့် ရင်ဆိုင်ကြရသောအခါ မိမိတို့အားသန်ရာ “ဒါနကို ဆင်ခြင်ပါ ၊ သီလကို ဆင်ခြင်ပါ ၊ သရဏဂုံ ရွတ်ဆိုပါ” လို့ ပြောရတာဟာ တိတိကျကျ ကမ္မဋ္ဌာန်း အလုပ် မလုပ်ကြဖူးသေးတဲ့ လူအများစုအတွက် ပြောဆိုနည်းပေး ရခြင်းဖြစ်တယ်။

တကယ်တော့ ဒါန စသည်ဆင်ခြင်တာလဲ ဘာဝနာပဲ၊ သို့သော်လဲ ဘာဝနာဆိုက်အောင် မဆင်ခြင်နိုင်ရင် တိတိကျကျ ပိုင်ပိုင်နိုင်နိုင် ကမ္မဋ္ဌာန်း တစ်ခုခု လုပ်ထားဖူးသူ လောက်ခိုက်မာဖို့မလွယ်လှဘူး။

ခိုင်မာစူးစိုက်မှု နည်းနေရင် အင်အားသတ္တိ တန်ခိုးရှိန်စော်လဲ နည်းသွားမှာပဲ။
မြန်မာပြည်ကနတ်သားများ
ဒီခေတ် မြန်မာပြည်မှာ ဟိုနယ်သည်နယ်မှာ မြို.ရောတောပါမကျန် ကမ္မဋ္ဌာန်းဘာဝနာ လက်ကိုင်ထားသူတွေ များလာတဲ့အတွက် ဘယ်သူဟာဖြင့် မသေခင်ကတည်းက သေမယ့်ရက်သိနေတယ်။

နတ်ရထားတွေကို တောင်မြင်ရသတဲ့ စသည်ဖြင့် နတ်ပြည်နတ်ရွာကို ဥဒဟို သွားလာနေကြတဲ့ သဘောလက္ခဏာတွေ၊ ပြောဆိုနေကြတာတွေအခိုင်အမာ မကြာခဏ ကြားသိနေရတယ်။

နတ်ပြည်မှာ မြန်မာပြည်ကနတ်သားတွေမနည်းတော့ဘူး။

သာမဓိ ၂ မျိုးရှိလျှင် မလိုချင်ပေမယ့်ရ။

မြန်မာပြည်မှာ ကမ္မဋ္ဌာန်းတွေ ထွန်းကားနေတာ အလွတ်ဝမ်းမြောက်စရာကောင်းတယ်။ ကမ္မဋ္ဌာန်းလက်ကိုင် ရှိနေတဲ့ သူဟာ နတ်ရွာသုဂတိ “တန်း” နေတာပဲ။

ဘုန်းကြီးတို့ အဘိဓမ္မာသဘောအရလဲ ရှင်းရှင်းကြီး သိထားတယ်။
ဥပစာသမာဓိလောက် ရထားရင် တန်ပြည်မလွဲဘူး။ သည့်ထက် သမာဓိအားကောင်းလို့ “အပ္ပနာစျာန် သမာဓိ” ဆိုက်သွားရင် အဲဒီလူ သေတဲ့အခါ ဗြဟ္မာ့ပြည်ကို သွားမှာ သေချာတယ်။ မလွဲဘူး။

“အပ္ပနာစျာန် သမာဓိ” ဆိုတာ
လူပြိန်းနားလည်အောင်ပြောရရင် ကျောက်တိုင်ကျောက်တုံးလို ဖြစ်သွားတဲ့ သမာဓိပဲ။

ဥပစာရသမာဓိ ဆိုတာကတော့ ကမ္မဋ္ဌာန်း လုပ်ဖူးသူ မှန်သမျှ မရဘူးဆိုတာ မရှိသလောက်ရှားပါလိမ့်မယ်။

ဒါကြောင့် ကမ္မဋ္ဌာန်း သမားတွေ ကမ္မဋ္ဌာန်းအာရုံ လက်ရှိနှင့် သေရင် အထူး စိတ်ညွတ် ဆုတောင်းဖို့မလိုဘူး။ နတ်ပြည်ဟာမလွဲတော့ဘူး။

အဲ--ဒီမှာ “ကမ္မဋ္ဌာန်းလက်ရှိနှင့် သေရင်” ဆိုတာကိုတော့ မမေ့ကြနှင့်။
ဒီခေတ်မှာ ကမ္မဋ္ဌာန်းဆရာတွေ အထူးထွန်းကားသလို နတ်ပြည်ရောက်သွားကြတဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေ ပြောမကုန်အောင်များတယ်။ ပြောလို့မကုန်ဘူး။

အေး--တကယ်တော့ ကမ္မဋ္ဌာန်းတရားကို ထိထိခိုက်ခိုက်ပိုင်ပိုင်နိုင်နိုင် လုပ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ သူတို့မှာ ဘဝအမြင်ရှင်းနေကြတယ်။

နတ်ပြည်ကိုမလိုချင်ဘူး ။ နတ်ပြည်သလား၊ ဗြဟ္မာ့ပြည်လဲ မရောင်ချင်ကြဘူး၊
တကယ့်ကမ္မဋ္ဌာန်း ဘာဝနာရှိသူရဲ. ပန်းတိုင်ဟာ နတ်ပြည် ပြဟ္မာ့ပြည်မှ မဟုတ်ဘဲ။

အရိယာဖြစ်ပြီး ၃၁-ဘုံက အလွတ် နိဗ္ဗာန်ကိုပဲ လိုချင်ကြတယ်။
ဒါပေမယ့် ကာမရာဂ သံယောဇဉ် ၊ ဘဝရာဂသံယောဇဉ် ၊ ဒီနှောင်ကြိုးတွေကို ဖြတ်ပြီး ကျော်ပြီး မတက်နိုင်သေးရင်တော့ မလိုချင်လဲ ရနေကြရဦးမှာပဲ။

တကယ် မရူမှတ်နိုင်ရင် အပါယ်ကိုလဲ အလည်သွားကြရဦးမှာပဲ။

(နယ်ခြားတောင်တန်းသာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရ ၊ “ချမ်းမြေ့စွာ ဘဝနေနည်း” ၊ ဓမ္မာစရိယ ဦးဌေးလှိုင် စုစည်းစီစဉ်သည်။)