ဗုဒ္ဓဘာသာဝင်များ နှင့် အလှူဒါန

ဗုဒ္ဓဘာသာဝင်တွေဟာ အလှူ ဒါနပြုတယ်ဆိုတာ--သာမန်အားဖြင့် လူချမ်းသာ နတ်ချမ်းသာ စည်းစိမ်ချမ်းသာ လိုချင်လို့ လှူ တာ ဖြစ်ပါတယ်---

ခုရောက်ရှိနေတဲ့ ဆင်းရဲတဲ့သူကလည်း ဆင်းရဲတွင်းက လွတ်မြောက်အောင်--ခုဘဝ မလွတ်တောင်မှ နောင်ဘဝတွေမှာ ဒီလိုဆင်းရဲတဲ့ဘဝမရောက်အောင် ၊

ချမ်းသာတဲ့လူကလည်း ဒီထက်မက ပိုချမ်းသာအောင်၊ ဒီထက်မက ပိုမချမ်းသာတောင်မှ ဘဝအဆက်ဆက်မှာ ဒီလိုဘဝမျိုးတွေပဲ ရရှိအောင်၊ ကိုယ်ရရှိထားတဲ့ စည်းစိမ်ဥစ္စာတွေ လျော့ပါးမသွားအောင် ဆိုတဲ့ ရည်းမှန်းချက်နဲ့ လှူနေတာဖြစ်တယ်၊

နိဗ္ဗာန်ချမ်းသာကို လိုချင်လို့ လှူတာမဟုတ်ဘူးလားဆိုတော့--လိုချင်တာပေါ့--ဆင်းရဲခပ်သိမ်း အကုန်ငြိမ်းမယ် ၊ ဆင်းရဲဒုက္ခ ဘဝသံသရာ တဖန်တလဲလဲ ဘယ်တော့မှ ပြန်မဖြစ်ဘူးလို့ ယေဘုယျအားဖြင့် နားလည်ထားတဲ့ အတွက် နိဗ္ဗာန်ချမ်းသာကို လိုချင်တာပေါ့---

သို့သော်အမှန်အတိုင်း ပြောရမယ်ဆိုယင်--လူသားအများစုဟာ နိဗ္ဗာန်ချမ်းသာထက်--လောလောဆယ် ကိုယ်ကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခတွေ လွတ်မြောက်ဖို့၊ ချမ်းသာတဲ့လူတွေကလည်း ကိုယ့်ရဲ. စည်းစိမ်ဥစ္စာ တွေ ပျောက်ပျက် လျှော့ပါးမသွားဘဲ --တိုးသထက်တိုးဘို့ ရည်သန်ပြီး လှူနေကြတာဖြစ်တယ်--

ဗုဒ္ဓမြတ်စွာဘုရားက အလှူဒါန ပြုတာနဲ့ ပတ်သက်လို့ ဘယ်လိုစိတ်ထား ထားရမလဲ၊ ဘယ်လိုအလှူ ကို လှူရင် ကြီးမားတဲ့ အကျိုးကျေးဇူးကို ရမယ်၊ ကိုယ်မလှူနိုင်ပေမဲ့--လှူနိုင်တဲ့ လူတွေလှူနေတာကို ကိုယ်က ဘယ်လိုစိတ်ထားမျိုးနဲ့ ရူမြင်ရမယ် အစရှိတာတွေနဲ့ ပတ်သက်လို့ များစွာဟောကြားထားခဲ့ပါတယ်--

အလှူဝိ၀ါဒကွဲပြားမှုများ-

အလှူ ဒါနဲ့ပတ်သက်လို့ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားခဲ့တဲ့ တရားတွေကို အဓိပ္ပါယ်ဖွင့်ဆိုရာမှာ ၀ိ၀ါဒ ကွဲပြားတာတွေ --အများကြီးတော့ မဟုတ်ပါဘူး--အနည်းငယ်ပါ မကြာခဏ ပေါ်ပေါက်လာတာတွေကို တွေ့ရမှာ ဖြစ်ပါတယ်---

မများပေမဲ့လဲ အန္တရာယ်တော့ ကြီးတယ်ဗျ---သေးငယ်တဲ့မီးစကလေးတစ်စ က တစ်တောလုံးကို လောင်မြိုက်တတ်တယ်လေ အထူးဂရုပြုရမဲ့ ကိစ္စဖြစ်တယ်--
ဗုဒ္ဓဘာသာဝင်တွေမှာ အဓိက ပေါ်တတ်တဲ့ ပြဿ နာ က ဘာလဲဆိုတော့--

အလှူဆိုတာ နိဗ္ဗာန်ချမ်းသာကိုသာ အဓိကထားလှူရမယ်--

အခြားချမ်းသာတာတွေကို မျှော်ကိုးပြီး လှူနေတွေဟာ အလကား အကျိုးမရှိဆိုပြီး ယူဆတဲ့သူတွေ ဟောပြောတဲ့သူတွေ ပေါ်လာပြန်တယ်----

သေဝိတဗ္ဗတရား

ကုသိုလ်ဆိုတာ ပယ်ရမည့် ပဟာတဗ္ဗတရားမဟုတ်ဘူး ၊ မှီဝဲရမည့် ၊ ဖြစ်ပွားစေရမည့် သေဝိတဗ္ဗတရားသာ ဖြစ်တယ်။

ကုသိုလ်ကောင်းမှုဆိုတာ ပြုသင့်တာချည်းပဲ၊ မပြုသင့်တာရယ်လို့ မရှိဘူး ၊ တတ်နိုင်ရင်တော့ တစ်ဆင့် တိုးတက်ပြီး ပြုသင့်တဲ့ ကုသိုလ်တွေချည်းပါပဲ၊

ဒါနကုသိုလ်ဆိုရင် အသေးအမွှား အနည်းငယ်မျှ ပေးလှူတာထက် များများစားစား ပေးလှူတဲ့ ဒါနကုသိုလ်က ပိုပြီးကောင်းတယ် မဟုတ်လား၊

၀ိစေယျ ဒါနံ ဒါတဗ္ဗံ ယတ္ထ ဒိန္နံ မဟပ္ဖလံ ၊
၀ိစေယျ ဒါနံ ဒတွာန သဂ္ဂံ ဂစ္ဆန္တိ ဒါယကာ ။

သီလစသည်နှင့် ပြည့်စုံ၍ အကျိုးကြီးမားစေနိုင်သည့် အလှူခံပုဂ္ဂိုလ်မြတ်ကို စိစစ်ရွေးချယ်ပြီးတော့ အဲဒီအလှူခံပုဂ္ဂိုလ်မြတ်အား လှူရင် ဒါနကုသိုလ်ဟာ အကျိုးကြီးတယ် ၊ အဲဒီလို ပုဂ္ဂိုလ်ကို ရွေးချယ်ပြီး လှူသင့်တယ်၊ လှူရမယ်လို့ မြတ်စွာဘုရား ညွှန်ကြားတော်မူတာပါပဲ၊

ပေးလှူရန် မသင့်တဲ့ မိန်းမအလှူ ၊ နွားအလှူ ၊ သေရည်သေရက် အလှူ၊ လက်နက်အလှူ၊ ပွဲသဘင်အလှူ ဆိုတဲ့ ဒီအလှူမျိုးကိုတော့ ဘုရားအလိုတော်အရ မှူသင့်ဘူးလို့ ဆိုပါတယ်၊ ဒီမှတစ်ပါး အပြစ်မရှိတဲ့ ပစ္စည်းအလှူ ဟူသမျှကိုတော့ လှူသင့်တာချည်းပါပဲ။

မဂ်ဖိုနိဗ္ဗာန်အမွေခံ

လောကီချမ်းသားအတွက်ဖြစ်စေ ၊ လောကုတ္တရာချမ်းသာအတွက်ဖြစ်စေ ရည်ပြီး လှူသင့်တာချည်းပါပဲ၊ မြတ်စွာဘုရားက ဒါနအကျိုး ကြီးပုံတွေကို ချီးကျူးဖော်ပြထားတာဟာ လူ့ချမ်းသာ၊ နတ်ချမ်းသာ ၊ လောကီ ချမ်းသာ အကျိုးတွေကို ရည်ပြီး ဖော်ပြဟောကြားထားတာပဲ၊

ဒါ့ကြောင့် ဘုရားအလိုတော်အရဆိုရင် ဘယ်ဒါနကိုမျှ မပယ်သင့်ပါဘူး၊ ဓမ္မဒါယာဒ သုတ်မှာတော့ ဒါန၊ သီလ စသော ကုသိုလ်ဖြစ့် မဂ် ၊ ဖိုလ် ၊ နိဗ္ဗာန်တရား အမွေခံယူဖို့ ဟောထားတာရှိပါတယ်။

ဒါနမပြုရဟု မြတ်စွာဘုရားမဟော
ဒါပေမယ့် လောကီချမ်းသာကို တောင့်တပြီး မပြုရဘူးလို့တော့ မပယ်မြစ်ပါဘူး၊ မြတ်စွာဘုရားက ကုသိုလ်ဟူသမျှကို ပြည့်စုံစေရမယ်၊ ပြုရမယ်လို့သာ ဟောတော်မူပါတယ်၊ ဘယ်လိုကုသိုလ်မပြုရဘူးလို့တော့ ပယ်မြစ်တာမရှိပါဘူး၊

ဒါပေမယ့် ဒါနကုသိုလ်မပြုရဘူး၊ သီလလဲ စောင့်ဖို့မလိုဘူး၊ ကုသိုလ်ပြုရင် ပင်ပန်းရုံမျှပဲလို့ ဒီလိုဟောပြော နေတာလဲ ရှိတယ်၊

ဘာ့ကြောင့်လဲဆိုတော့ ဒါနကုသိုလ်ပြုရင် လူဖြစ်မယ်၊ နတ်ဖြစ်မယ် ၊ ဖြစ်ရာဘဝမှာ အိုရမယ်၊ နာရမယ်၊ သေရမယ်၊ သံသရာရှည်လျားပြီးတော့လဲ ဒုက္ခရောက်ရမယ်၊ ဒါ့ကြောင့် လူ့ချမ်းသာ နတ်ချမ်းသာကို တောင့်တပြီး ဒါန ၊ သီလ ကုသိုလ် မပြုကောင်းဘူးလို့ ဟောနေကြတာရှိတယ်၊

ဘုန်းကြီး အသက် ၁၂ နှစ်လောက် ငယ်စဉ်ကျောင်းသားဘဝတုန်းက လူကြီးတွေ ဟောပြောနေကြတာကို ကြားရဖူးတယ်၊ အဲဒီတုန်းကတော့ စာပေဗဟုသုတ မရှိသေးတဲ့အတွက် သူတို့ ပြောတာကို မှားမှန်းမသိခဲ့ပါဘူး၊ စာပေဗဟုသုတ ရှိလာတဲ့အခါကျမှ သူတို့ပြောနေကြတာတွေဟာ ဘုရားအလိုတော်ကျ မဟုတ်ကြောင်း သိရတယ်၊

ဒါနမရှိရင် ဘာဖြစ်မလဲ

လူ့ဘဝ နတ်ဘဝ ဖြစ်ပြီး အိုရ နာရ သေရတာက ကုသိုလ်သက်သက်ကြောင့် မဟုတ်ပါဘူး၊ အရိယမဂ် မရသေးလို့ ကိလေသာမကင်းသေးလို့ ဘဝသစ်ဖြစ်ရတာက အရင်းခံပဲ၊

-ကိလေသာ မကင်းသေးတဲ့သူဟာ ဒါန ၊ သီလ စသော ကုသိုလ်မရှိရင် ငရဲ တိရစ္ဆာန် ၊ ပြိတ္တာ၊ အသုရကာယ်ဆိုတဲ့ အပါယ်လေးဘုံမှာချည်း ဖြစ်ပြီး အကြီးအကျယ်ဆင်းရဲသွားဖို့ သာရှိတာပဲ၊

အဲဒီတော့ ဘူ့ဘဝ နတ်ဘဝ၌ ဖြစ်ကြောင်း ကုသိုလ်မပြုကောင်းဘူးဆိုတာ ယုံကြည်ပြီး ဒါန စသော ကုသိုလ်ကို မပြုဘဲနေရင် အပါယ်လေးပါး၌သာ ဖြစ်ပြီး အကြီးအကျယ်ဆင်းရဲဖို့သာရှိတာပဲ၊

ဒါန သီလ စသောကုသိုလ်ကို မပြုဘဲနေရုံမျှဖြင့် ဘဝအသစ်မဖြစ်ဘဲ ဆင်းရဲငြိမ်းပါ့မလား၊

ဆင်းရဲငြိမ်းတယ်ဆိုတာ--

ဘယ်လိုမှ ငြိမ်းတုန်းဆိုတော့ သမထ ၀ိပဿနာတရားကို နည်းမှန်လမ်းမှန် အတိုင်းအားထုတ်ပြီး အရိယမဂ်ရောက်မှ ကိလေသာက ကင်းငြိမ်းတာ မဟုတ်လား၊

ကိလေသာတွေ လုံးဝ ကင်းငြိမ်းသွားမှ ဘဝအသစ် မဖြစ်ဘဲ ဆင်းရဲငြိမ်းတာဟုတ်လား၊

အဲဒီတော့ ဘဝအသစ်သစ်ဖြစ်ပြီး သံသရာရှည်တာဟာ ဒါန သီလ စသော ကုသိုလ်ကြောင့် ဟုတ်ပါ့မလား၊

လောဘ ဒေါသ စသော ကိလေသာတွေကြောင့် ဘဝအသစ်အသစ်ဖြစ်ပြီး သံသရာရှည်တာမဟုတ်ဘား၊

ဘုရားအလောင်း ရဟန္တာအလောင်းတွေမှာ ဒါန သီလ စသော ကုသိုလ်တွေအများကြီးရှိတယ် မဟုတ်လား၊

ဒါပေမယ့် နောက်ဆုံးဘဝမှာ အရဟတ္တမဂ်ရောက်တော့ ကိလေသာတွေဟူသမျှ အကုန်လုံး ကင်းငြိမ်း သွားတယ်၊

အဲဒီလို ကိလေသာတွေ အကုန်လုံး ကင်းငြိမ်းသွားအောင် အကျိုးမပေးရသေးတဲ့ ဒါနစသော ကုသိုလ်တွေများစွာကလဲ ဘဝသစ်အကျိုးကို မပေးဆပ်နိုင်တော့ဘူး၊

ဒါကြောင့် ပရိနိဗ္ဗာန်စုတိမှ နောက်ကာလ၌ ဘယ်လိုဘဝအသစ်မှ မဖြစ်ရတော့ဘူး ၊ ဆင်းရဲ ခပ်သိမ်း အကုန်ငြိမ်းသွားတယ်၊

“ဒါနကြောင့် သံသရာရှည်တယ်ဆိုတာ မှန်ပါ့မလား”

အဲဒါဟာ ဒါန သီလ စသော ကုသိုလ်တွေ မပြုခဲ့လို့ ဟုတ်ပါ့မလား၊

အရဟတ္တမဂ်ရောက်ပြီး ကိလေသာ ကင်းငြိမ်းလို့ ဘဝအသစ်ဖြစ်ခြင်း၊ အိုခြင်း ၊ နာခြင်း၊ သေခြင်း စသော ဆင်းရဲတွေ လုံးဝကင်းငြိမ်းသွားတာမဟုတ်ပါလား၊

အဲဒီတော့ သံသရာဝဋ်ဆင်းရဲ ကင်းငြိမ်းစေချင်ရင် ကိလေသာကို ငြိမ်းစေနိုင်တဲ့ ၀ိပဿနာ ကုသိုလ် ၊ အရိယာမဂ်ကုသိုလ်ဖြစ်ပွားစေဖို့က လိုရင်းမဟုတ်ပါလား၊

ဒါန ၊ သီလ စသော ကုသိုလ်ကို မပြုဘဲ နေရုံမျှဖြင့် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ပါ့မလား၊

ဒါကြောင့် ဒါနစသော ကုသိုလ်တွေကို ပြုနေရင် သံသရာရှည်တယ်ဆိုတာ မှန်ပါ့မလား၊

မြတ်စွာဘုရားအလိုတော်နှင့် ညီညွတ်ပါ့မလား၊

ကုသိုလ်ပြုနေရင် ဆင်းရဲ ရုံပဲဆိုတာကတော့ ဘုရားအလိုတော်နှင့် ညီညွတ်ပါ့မလား၊

ဘာ့ကြောင့် မညီသလဲဆိုတော့ မြတ်စွာဘုရားက “ကုသလဿ-ကုသိုလ်ဟူသမျှကို ၊ ဥပသမ္ပဒါ - ပြည့်စုံစေရမယ်” လို့ ဟောထားတယ် မဟုတ်လား၊

အဲဒီဘုရားစကားတော်ကို တိုတိုနဲ့ အမြဲမှတ်ထားကြရအောင်-”ကုသိုလ်တရားဖြစ်ပွားစုံစေ” ။

(မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော ဗုဒ္ဓသာသနအန္တရာယ် ကာကွယ်ရေး တရားတော်)