မိမိတို့ဟာ ရှေးဘဝက ဆည်းပူးခဲ့တဲ့ ကောင်းမှု အထူးရှိခဲ့ဖူးလို့ ယခုလို လူ့ဘဝမှာ လူလာဖြစ်ကြ ၊ ထူးခြားတဲ့ လူ့ဘဝရောက်ကြရ ၊ လူ့ဘဝရောက်ပြန်တော့လည်း သာသနာမထွန်းကားရာ ရတနာသုံးပါး မရှိရာ အရပ်ဒေသမှာ မဖြစ်ကြရဘဲနဲ့ သာသနာတော်ထွန်းကားရာ ရတနာသုံးပါး ထွန်းကားရာအရပ်မှာ မိမိတို့ ဖြစ်လာကြရတယ်။ ကံကောင်းကြတယ်၊

အဲဒီလို ကံကောင်းကြလို့ လူလည်းဖြစ်လာ ၊ ဘုရားရှင် သာသနာတော်ကြီးနဲ့ ကြုံကြိုက်လာကြတဲ့အခါမျိုးမှာ မမေ့ကြနဲ့လို့ ဘုရားရှင်ကို်ယ်တော်မြတ်ရဲ. အလိုတော်အတိုင်းပေါ့ ။ ဘုန်းကြီးတို့ သြဝါဒပေးရတယ်။

မမေ့ကြနဲ့ ။ လူလည်းဖြစ်လာ ဘုရားပွင့်ရာ အခွင့်အခါ ကောင်းကြီးနဲ့ ကြုံကြိုက်လာကြတဲ့အခါမျိုးမှာ မမေ့ကြနဲ့ လို့ သတိပေးရတယ်။ ဒါဟာ ဘုရားရှင်ကိုယ်တော်မြတ်ရဲ. နည်းလမ်းအတိုင်းပဲ။

ဘုရားရှင်ကိုယ်တော်မြတ်ဟာ နေ့တိုင်း နေ့တိုင်း “အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ” မမေ့ကြနဲ့လို့ မကြာမကြာ သတိပေးတော်မူတယ်။

ချစ်သားတို့ ၊ အပ္ပမာဒ ဆိုတဲ့ မမေ့လျော့တဲ့ သတိရားနဲ့ အမြဲတမ်းပြည့်စုံအောင် ကြိုးစားကြလို့ နေ့တိုင်းနေ့တိုင်း တပည့်သားတွေကို သြဝါဒပေးတော်မူတယ်။

ရှင်တော်ဘုရားဟာ သက်တော်ထင်ရှားရှိတုန်းမှာလည်း အမြဲတမ်း သတိပေးရုံမက နောက်ဆုံး ပရိနိဗ္ဗာန် စံတော်မူခါနီးမှာလည်း နောက်ဆုံးစကား အဖြစ်ဖြင့် -

ဟန္ဒ ဒါနိ ဘိက္ခဝေ အာမန္တယာမိ ဝေါ ၊
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ ။

ဘိက္ခဝေ = ချစ်သားတို့ ။

ဟန္ဒ = ငါဘုရား တိုက်တွန်းတော်မူခဲ့အံ့။

ဝေါ = သင်ချစ်သားတို့ကို ။

အာမန္တယာမိ = နောက်ဆုံးစကား မှာကြားတော်မူခဲ့အံ့။

ယသ္မာ = အကြင့်ကြောင့် ။

သင်္ခါရာ = ရုပ်နာမ်နှစ်ဖြာ ခန္ဓာငါးဝ သင်္ခါရတရားတို့သည်။

ဝယဓမ္မာ = ပျက်စီးတတ်သော သဘောရှိပါပေကုန်၏။

တသ္မာ = ထို့ကြောင့် ။

၀ါ ၊ တသ္မာ = ထိုသို့ သင်္ခါရမှန်က ပျက်စီးတတ်သော သဘောရှိကြ လေသောကြောင့် ။

တုမှေ = သင်ချစ်သားတို့သည် ။

အပ္ပမာဒေန = မမေ့မလျော့ မပေါ့မဆ အပ္ပမာဒတိုသေ သတိရားဖြင့် ။

သမ္ပာဒေထ = ချမ်းသာဖို့အကြောင်း ကောင်းမြတ်သော သီလသမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို ကိုယ်စီကိုယ်င ပြည့်စုံအောင် ကြိုးပမ်းကြပါကုန်လော့။

အရေးကြီးလို့ အပ္ပမာဒ တရားကို ဘုရားရှင် ကိုယ်တော်မြတ်ဟာ နေ့တိုင်းပဲ ဟောတော်မူခဲ့တယ်။

နောက်ပိတ်ဆုံး ပရိနိဗ္ဗာန်စံတော်မူခါနီးမှာလည်း အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ = မမေ့ကြနဲ့ဆိုတဲ့ နောက်ဆုံးစကားဖြင့် နိဂုံးချုပ်ပြီးတော့ မိန့်ကြားတော်မူခဲ့တယ်။

ပိဋကတ်သုံးပုံကို အကုန်ချုပ်ပြီးတော့ နိဂုံးအုပ်သလို အပ္ပမာဒတရားဖြင့် နိဂုံးချုပ်တော်မူတယ်။

အပ္ပမာဒတရားဆိုတကာက ပိဋကတ်သုံးပုံကို အကုန်ခြုံမိတယ်၊ ငုံမိတယ်။

ပိဋကတ်သုံးပုံမှာ ဘုရှားရှင်ကိုယ်တော်မြတ် ဟောတော်မူခဲ့တဲ့ သုတ္တန်တရားတွေရှိကြ ၊ ၀ိနည်းတရားတွေရှိကြ၊ အဘိဓမ္မာတရားတွေရှိကြတယ်။

အားလုံးဒီတရားတွေဟာ အပ္ပမာဒထဲ ဝင်တာချည်းပဲ။

အားလုံးတရားတွေဟာ အပ္ပမာဒရှိမှ ကျင့်နိုင်ကြတယ်။ အပ္ပမာဒ နဲ့ပဲ ကျင့်ကြံနိုင်ကြတဲ့ တရားတွေ အားထုတ်နိုင်ကြတဲ့ တရားတွေ ။

ဒါကြောင့်မို မမေ့ကြနဲ့ဆိုတဲ့ အပ္ပမာဒတရားကို ဘုရားရှင်ကိုယ်တော်မြတ်က မိန့်တော်မူခဲ့တာ။

( အဘိဓဇမဟာရဋ္ဌဂုရု ရွှေကျင် ဥပဥက္ကဋ္ဌ ကျေးဇူးတော်ရှင် သပြေကန်ဆရာတော်ဘုရားကြီး အရှင်ဝါသေဋ္ဌာဘိဝံသ ရေးသားတော်မူသော တရားပေါင်းချုပ် အမှတ် -၂ ၊ စာ ၊ ၃၇-၃၈)