သင်္ကန်းစွန်းကိုကိုင်ကာ ငါဘုရားခြေရာနင်းလျက် ငါဘုရားနောက်မှ ထပ်ကြပ်မကွာလိုက်နေသော်လည်း ရာဂ၊ ဒေါသမကင်း ၊ သတိ ၊ ပညာသာမာဓိမရှိသူ ဖြစ်လျှင် ထိုရဟန်းကား ငါဘုရားမှ ဝေးကွာသူဖြစ်၍ ငါဘုရားလည်း ထိုရဟန်းမှ ဝေးကွာလျက်ရှိသည်။

အကြောင်းမှာ တရားကို ထိုရဟန်းမမြင် ၊ တရားမမြင်သူမှာ ငါဘုရားကို မြင်ရသူမဟုတ်။

ယူဇနာ တစ်ရာ ဝေးကွာသောအရပ်မှာ နေသူဖြစ်စေ ရာဂ ၊ ဒေါသကင်း၍ သတိ ပညာ၊ သာမာဓိ ရှိသူဖြစ်လျှင် ထိုရဟန်းကား ငါဘုရားနှင့် နီးသူဖြစ်၏။
ငါဘုရားလည်း ထိုရဟန်းနှင့်နီးလျင်ပင်ဖြစ်၏။

အကြောင်းမှာ တရားမြင်သောရဟန်းဖြစ်၍ပင်ဖြစ်၏။
တရားမြင်သူမှ ငါဘုရားကို မြင်သူဖြစ်သည်။

(ဣတိဝုတ် ၊ သံဃာဋိကဏ္ဏသုတ်-၂၅၆)
---------------------------
ဘုရားကိုမြင်သော အာဇာနည် အမျိုးသမီး

ဘာရဒွါဇအနွယ် ပုဏ္ဏားတစ်ဦး၌ ဓနဥ္ဖာနီ မည်သော ဇနီးပုဏ္ဏေးမရှိ၏။
ပုဏ္ဏားကြီးကား ဗြဟ္မဏတို့ကို ကြည်ညို၍ ပုဏ္ဏေးမကား ဘုရားတပည့်မ သောတာပန်တည်း။

ပုဏ္ဏားကြီးက ဗြဟ္မဏ တို့ကို် ထမင်းကျွေးသောအခါ ပုဏ္ဏေးမက ပြုစုတတ်သော်လည်း ၊ ပုဏ္ဏေးမက ဘုရားအမှူးရှိသော သံဃာများအား ဆွမ်းကပ်သောအခါမူ ပုဏ္ဏားကြီးသည် အိမ်မှ ရှောင်ပြေးတတ်၏။

တစ်နေ့ ပုဏ္ဏာကြီးသည် ဗြဟ္မဏငါးရာ ထမင်းစားဖိတ်လာပြီးနောက် ပုဏ္ဏေးမကို
“အို--အိုရှင်မ မနက်ဖြန် ဗြဟ္မာ ငါးရာ ထမင်းသုံးဆောင်ရန်ကြွလာလိမ့်မည်၊ ရှင်မကား ထိုင်ရင်း ၊ ရပ်ရင်းဖြစ်စေ၊ ချောင်းဆိုးချေဆတ်သောအခါဖြစ်စေ ”နမောဗုဒ္ဓဿ” ဟု ရဟုန်းဂေါတမအား ရှိခိုးလေ့ရှိသည်။ မနက်ဖြန် တစ်နေ့တော့ ဤရှိခိုးမှု မပြုပါနှင့် ၊ ဤအသံကို ကြားလျှင် ဗြာဟ္မဏတွေ စိတ်မချမ်းသာကြ ၊ ငါနှင့် ဗြာဟ္မဏတွေ ကွဲအောင်မလုပ်ပါနှင့်” ဟုဆို၏။

“အိုရှင်--ဗြာဟ္မဏတွေနဲ့ပဲ ကွဲကွဲ နတ်ဗြဟ္မာတွေနဲ့ပဲ ကွဲကွဲ ကျွန်မတော့ ဘုရားကို သတိရလျှင် ရှိမခိုးပဲ မနေနိုင်” စု ငြင်းဆန်၏။

“အိုရှင်မ ---အိမ်ခြေ တစ်ရာရှိသောရွာမှာ ရွာတံခါးကိုပင် ပိတ်နိုင်သေးလျက် လက်နှစ်ချောင်းမှနှင့် ပိတ်ရသော ပါးစပ်ကလေးကို ထင်းစားချိန်အတွင်းမျှ မပိတ်နိုင်ဘူးလား” စသည်ဖြင့် အမျိုးမျိုးပြောသော်လည်း ပုဏ္ဏေးမကြီးက ငြင်းဆန်မြဲငြ်းဆန်နေသဖြင့် ခေါင်းရင်းမှ သန်လျက်ကိုယူပြီး -

“ဟေ့ရှင်မ---မနက်ဖြန် ရဟန်းဦးပြည်းကို ရှိခိုးလျင် ဤသန်လျက်ဖြင့် ခြေဖျားမှ ခေါင်းအထိ နုပ်နုပ်ပါအောင် စဉ်းပစ်မည်” ဟု ခြိမ်းချောက်၏။

ဘုရားတပည့်မ အရိယာမည်သည်မှာ ဘုရားနှင့်စပ်လာလျှင် တုန်လှုပ်မြဲမဟုတ်သည့် တိုင်း---

“ကျွန်မ၏ အင်္ဂါကြီးငယ်ကို ဖြတ်လိုဖြတ် ၊ သတ်လိုပင်သတ်တော့ ဘုရားအဆုံးအမကို မပယ်နိုင်၊ ဘုရားနှင့် ကင်း၍ မနေနိုင်” ဟုဆိုသော် ပုဏ္ဏားလည်း ဘာမျှမတတ်နိုင်တော့ပဲ “မင်းထင်ရာလုပ်တော့” ဟု လက်လျှော့ရလေသည်။

နောက်တစ်နေ့ ပုဏ္ဏားများ ထမင်းစားနေချိန်ပြုစုနေရင်း ပုဏ္ဏေားမ ချော်လဲသွားရာ ဘုရားကိုသတိရ၍ ”နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ဟု သုံးကြိမ်တိုင် ဥဒါန်းကျူးလေ၏။

ဗြာဟ္မဏတွေလည်း စိတ်ဆိုးကာ ပုဏ္ဏားကြီးကို ဆဲရေးပြီး ထမင်းစားမပြီးမီ ထပြန်ကြ၏။

ပုဏ္ဏားကြီးလည်း ပုဏ္ဏေားမကို အမျိုးမျိုးဆဲရေးကာ ဘုရားကို ပြဿနာနှင့် အဖြေခက်အောင်ပြု၍ ညှဉ်းဆဲရန် ဘုရားထံသွားကာ ပြဿနာမေးသော် ဘုရားရှင်၏ အဖြေကိုကြားရ၍ နှစ်သက်အားရကာ ရဟန်းပြုခြင်းဖြင့် မကြာမီ ရဟန္တာအဖြစ် ရောက်ရသည်။
(သံ၊ဋ္ဌ၊၁၊ သဂါထာဝဂ္ဂ၊ ၂၀၇)

(ကျေးဇူးရှင် သပြေကန် ဆရာတော်ဘုရားကြီးရေးသားသည့် ပရိတ်ကြီးနိဿယသစ်၊ စာ-၂၈၅-၂၈၆၊ ၃၀၃၊ ၃၀၄)