မေး ။ ။ အရှင်ဘုရား၊ ငရဲပြည်ကိုအုပ်စိုးသော ယမမင်း
နှင့် ငရဲသားတို့ကို ညှင်းဆဲသော ငရဲထိန်းတို့သည် ဘာသာရေးဖက်မှ ကြည့်လျှင် အပြစ်ရှိ မရှိနှင့် ထိုငရဲပြည်ကို အုပ်စိုးသောသူတို့သည်
အဘယ်အကျိုးပေးကံကြောင့် ငရဲပြည်တွင် အုပ်စိုးသူများ ဖြစ်နေရပါသနည်း။ ထို့ပြင်ငရဲပြည်ကို အုပ်စိုးသူတို့၏ သက်တမ်းနှင့် သက်တမ်းကုန်ပြီးနောက် မည်သို့သော ဘဝမျိုးကို ကျရောက်နိုင်ပါသနည်း။ ဖြေကြားပေးတော်မူပါဘုရား။

ဖြေ ။ ။ မေးခွန်းသည် အလွန်လေးနက်ပါသည်။ မေးခွန်းအားဖြင့် ၃မျိုးတွေ့ရ၏။
အားလုံးကိုခြုံငုံ၍ ဖြေလိုက်ပါမည်။
ငရဲမင်းခေါ် ယမမင်းကြီးသည် စတုမဟာရာဇ် နတ်မျိုးဝင် တန်ခိုးကြီးသော နတ်ပြိတ္တာကြီးဖြစ်ပါသည်။
သူတော်ကောင်းနတ်ကြီးဖြစ်ပါ၏။
အပါယ်ပြိတ္တာမျိုးမဟုတ်ပါ။ ငရဲသားတို့ကို အမျိုးမျိုး နှိပ်စက်ညှင်းပန်းကြကုန်သော ငရဲထိန်းတို့သည်လည်း စတုမဟာရာဇ်နတ်မျိုးတွင် အကျုံးဝင်သော အလွန်ကြမ်းတမ်း ယုတ်မာလှကုန်သော ဘီလူးမျိုး၊ ရက္ခိုသ်မျိုးများဖြစ်ပါသည်။
ထို့ကြောင့်၄င်းတို့၏ သက်တမ်းသည် စတုမဟာရာဇ် နတ်သက်အနေဖြင့် အနှစ်ငါးရာ၊ လူတို့၏ အသက်တမ်းအားဖြင့် အနှစ်ကိုးသန်း ရှည်ပါမည်။ ဘုံအနေဖြင့်သာပြောရသော်လည်း အချို့သော စတုမဟာရာဇ်နတ်မျိုးဝင်များသည် ကံရှိသလောက်သာ အသက်ရှည်ကြကုန်၏။

ငရဲဘုံသို့ရောက်ကြကုန်သော သူတို့တွင် အချို့အကုသိုလ်ကံ ကြီးမားသောသူတို့မှာ ငရဲခံမည့်နေရာသို့ တောက်လျှောက် ကျသွားကြ၏။ ထိုသူများအဖို့ ကုသိုလ်ကံ အကုသိုလ်ကံ ရောလျက် ငရဲသို့ ကျရောက်လာသော သူတို့သည်ငရဲခံရမည့် နေရာသို့တိုက်ရိုက်ကျရောက်သွားသည် မဟုတ်ဘဲ ငရဲပြည်၏ ပတ်ဝန်းကျင် တောတောင်မြေပြင် အရပ်ရပ်တို့သို့ ရောက်သွားကြသည်။
ထိုသူတို့ကို ငရဲထိန်းတို့က ဖမ်းဆီး၍ချက်ချင်းငရဲခံရ မည့်နေရာသို့ မချသေးဘဲ ယမမင်းကြီး၏ ရုံးတော်ရှိရာ သို့ ခေါ်ဆောင်လာခဲ့ကြကုန်၏။

ငရဲကြီး ၈ ထပ်တွင် အထပ်တိုင်း၏ အလယ်ကောင်၌ ငရဲခံရမည့်နေရာ ရှိ၏။ ပတ်ဝန်းကျင်တွင် သစ်ပင်တောတောင် မြေကွက်လပ်များရှိ၏။ ငရဲခံရမည့်နေရာ၏ လေးဖက်လေးတန်တွင် ငရဲမင်းယမမင်းကြီး၏ ရုံးတော်တစ်ခုစီရှိကြ၏။ ထိုရုံးတော်တို့တွင် ငရဲသားတို့အား ကုသိုလ်ကောင်းမှုတို့ကိုအမှတ်ရ အောက်မေ့မိအောင် စစ်မေးကြကုန်၏။ ကုသိုလ်ကောင်းမှုတို့ကို သတိရအောင် အစဖော်ပေးကြကုန်၏။ ကုသိုလ်ကောင်းမှုတို့ကို သတိရ၍အချို့
ငရဲသားများ လူ့ပြည် နတ်ပြည်သို့ပြန်ရောက်ကြကုန်၏။ ကုသိုလ်ကောင်းမှုကို မပြုခဲ့ သတိလည်းမရ၊ အကုသိုလ်ကံသာများသော ငရဲသားတို့ကို ငရဲထိန်းများဖြစ်ကြသော ရက္ခိုက်ဘီလူးတို့က ငရဲခံရာဌာနသို့ ခေါ်ဆောင်၍ နှိပ်စက်ညှင်းပန်းကြကုန်၏။

ထို့ကြောင့် မိမိပြုသောကုသိုလ်ကို သတိရပေးနိုင်စေရန် ကုသိုလ်ပြုတိုင်းယမမင်းကြီးထံ အမျှပေးစေနေကြခြင်းဖြစ်၏။ ယမမင်းကြီးသည် နှိပ်စက်ညှင်းပန်းသူမဟုတ်။ ကယ်တင်သူသာဖြစ်၏။
နှိပ်စက်ညှင်းပန်းလိုသော စေတနာမပါလျှင်အပြစ်မရှိပေ။ ငရဲထိန်း၊ ရက္ခိုသ်ဘီလူး တို့သည်ကားနဂိုကပင် ကြမ်းတမ်းခက်ထန်ကြကုန်၏။ နှိပ်စက်ညှင်းပန်းလိုသော စေတနာကြောင့် အကုသိုလ်ကံအပြစ်
ရောက်မည်သာဖြစ်၏။ ထိုက်သင့်သော ကုသိုလ်ကံအစွမ်းကြောင့် ရက္ခိုသ်ဘီလူးစသော ငရဲထိန်းများဖြစ်ကြ၏။ ညှင်းပန်းနှိပ်စက်လိုသော အကုသိုလ်ကံကြောင့်ကား တစ်လှည့်တစ်ပြန်ခံရဦးမည်သာ ဖြစ်၏။

ဤမျှလောက်ဆိုလျှင် မေးခွန်းသုံးခုစလုံးအတွက်
ပြည့်စုံသွားပါလိမ့်မည်။

မှတ်ချက် ။ ။ လယ်တီဆရာတော်ဘုရားကြီး၏ သီလဝိသောဓနီကို မှီးပါသည်။
" ဘဒ္ဒန္တဝါယာမသာရ "(မြတ်မင်္ဂလာ အမေးအဖြေများ)