¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
ဆွမ်းတော်တင် လှူဒါန်းပြီးမှ စားသောက်သုံးဆောင် ခြင်းသည် မည်ကဲ့သို့ အကျိုးရရှိပါသလဲ
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤

(မေး)

အရှင်ဘုရား၊ တပည့်တော်တို့ မိသားစုသည် နေ့စဉ် ထမင်းဟင်းနှင့် ရလာသမျှသော ခဲဘွယ်ဘောဇဉ်တို့ကို ဦးဦးဖျားဖျား ဆွမ်းတော်တင်ပြီးမှ စွန့်သည့်အခါ စားသောက်ခဲ့ကြသည်မှာ နှစ်များစွာပင်ရှိပါပြီ။
ဗုဒ္ဓဝေယျာဝစ္စ ပြုကြသူများမှာ ဇနီးနှင့်သမီးများသာ ဖြစ်ကြ၍ ကျန်လူများ အပြစ်ဖြစ်နေကြောင်း သိရှိရသဖြင့် များစွာတုန်လှုပ်မိပါသည်။
မည်သည့်အကြောင်းကြောင့် အပြစ်ဖြစ်ရသည်ကို၄င်း၊ ထိုအပြစ်များ ပပျောက်အောင် မည်သို့ဆောင်ရွက်ရမည်ကို၄င်း၊ ရှင်းလင်းညွှန်ကြားပေးပါဘုရား။

( ဖြေ )

ရာဇဝင်တွင် ပုဂံပြည် အနော်ရထာမင်းက မနူဟာမင်းအား ဘုန်းကံနိမ့်စေရန် သင်ပုတ်ပလ္လင်တွင် စွန့်ပြီးသော ဆွမ်းတော်တင်ကို မနောလင်ပန်း၌ထည့်၍ ကျွေးသည်ဟူသော စကားမှစ၍ ဆွမ်းတော်တင် စားလျှင် ဘုန်းကံနိမ့်သည်ဟု ပြောစဉ် ဖြစ်နေရပါသည်။
ဝေယျာဝစ္စလုပ်သူ ဆွမ်းတော်တင် စားကောင်းသည် ဟူသော စကားမှာလည်း ဘုရားစေတီတို့တွင် တင်လှူထားသော ဆွမ်းတော်တင်ကို ခရီးသွား၊ စားရမဲ့ သောက်ရမဲ့ ပုဂ္ဂိုလ်များ စားသောက်လိုလျှင် ဤအတိုင်းစားသည်ထက် ဝေယျာဝစ္စလုပ်ကိုင်ပြီးမှ စားသင့်ကြောင်း ပြောဆိုခြင်း ဖြစ်ပါသည်။
မိမိတို့တစ်အိမ်လုံး စားသောက်မည့် ထမင်းဟင်းအားလုံးကို ဘုရားကိုလှူပြီးမှ စားသောက်ခြင်းမျိုးကား ရှာမှရှားသောစေတနာသဒ္ဓါမျိုး ဖြစ်ပါသည်။
မည်သို့မျှ အပြစ်မရှိပါ။
အများအားဖြင့် စတိသဘောမျိုးသာ ပန်းကန်ငယ်၊ ခွက်ငယ်တို့ဖြင့် ဆွမ်းတော်တင်လေ့ရှိကြသည်။
ဒီမိသားစုကျတော့ ရှိသမျှ ထမင်းအားလုံးကို လှူဒါန်းပြီးမှ စားသောက်ကြသည်ဟု သိရသဖြင့် သာဓုခေါ်မိပါသည်။
ဘုရားလက်ထက်က ပဏ္ဍိတသာမဏေအလောင်း ပဋိသန္ဓေယူသောအခါ မိခင်က ဘုရား ရဟန္တာတို့အား လှူဒါန်းပြီးမှ ဆွမ်းကြွင်း ဆွမ်းကျန်ကို စားလိုသော ချင်ခြင်းဖြစ်ကြောင်း၊ တန်ခိုးကြီးသော ရဟန္တာ ဖွားမြင်မည့် အတိတ်ဖြစ်၍ အလွန်ကောင်းမွန်ကြောင်း ဓမ္မပဒ အဋ္ဌကထာတွင် ပါပါသည်။
ရှေးဆရာတော်ကြီးများသည် ရသမျှ ဆွမ်းတော်တင် ဘုရားလှူပြီးမှ စားသောက်သောအလေ့အထရှိပါသည်။ မန္တလေးတွင် စာသင်သားဘဝ စာသင်စဉ်က ဆွမ်းခံအပြန် သပိတ်ရော ဆွမ်းဟင်းအားလုံး မဟာမြတ်မုနိဘုရားတွင် တင်လှူပြီး အချိန်ရသမျှ တရားထိုင်ခဲ့၍ နောက်မှ သပိတ်ကို ပြန်စွန့်ယူပြီးစားသုံးခဲ့သော ဆရာတော်ကြီးများ ယခုအခါ သာသနာတော်တွင် ရှေ့တန်းရောက် ပုဂ္ဂိုလ်ကြီးများ ဖြစ်၍နေကြပေပြီ။
ထို့ကြောင့် စားသောက်ဖွယ်အားလုံး လှူဒါန်းပြီးမှ စားခြင်း၊ မွှေးကြိုင်လှပသော ပန်းများကို ဘုရားလှူပြီးမှ ပန်ဆင်ခြင်းတို့မှာ ကဲ့ရဲ့ဖွယ်မဟုတ်၊ ချီးမွမ်းဖွယ်၊ အတုယူဖွယ်သာဖြစ်ကြောင်း ဖြေကြားလိုက်ပါသည်။
ဆရာတော် အရှင်တိလောကသာရ

Special Thanks to ☆ ရဝေထွန်း ☆