¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
မေတ္တသုတ် ရွတ်ဖတ်ရခြင်း အကျိုး/မြန်မာပြန်
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤

မေတ္တသုတ်ကို အမြဲမပြတ် ရွတ်ဖတ်လေ့ရှိသူတို့မှာ အခြောက်အလှန့်မခံရခြင်း၊ အနာရောဂါကင်းခြင်း၊ အိပ်မက်ဆိုး နိမိတ်ဆိုး အတိတ်ဆိုးများ မတွေ့ကြုံရခြင်း၊ လူနတ်အများချစ်ခင်ခြင်း၊ အဆိပ် လက်နက် မစူးရှခြင်း၊ ရူးသွပ်သော ဝေဒနာ ကင်းခြင်းမှစ၍ ဗြဟ္မာ့ဘုံရောက်သည်အထိ အကျိုးပေးနိုင်စွမ်း ရှိလေသည်။

၁။ ယဿာနုဘာဝတော ယက္ခာ၊ နေဝ ဒေဿန္တိ ဘီသနံ။
ယဥိှ စေဝါနုယုဥ္ဇန္တော၊ ရတ္တိ္တန္ဒိဝ' မတန္ဒိတော။

မေတ္တသုတ်တော် မြန်မာပြန်

၁။ မေတ္တာသုတ်ပရိတ်တော်၏ တန်ခိုးရှိန်စော်အာနုဘော်ကြောင့် ဘီလူးကြမ်းတို့ သည် ကြောက်မက်ဖွယ်သော အဆင်း အသံ အစရှိသော အာရုံတို့ကို မပြဝံ့ မခြောက်ဝံ့ကြလေကုန်၊ မေတ္တာသုတ်ပရိတ်တော်ကို ညဉ့်အခါ၌ လည်းကောင်း၊ နေ့အခါ၌ လည်းကောင်း၊ မပျင်းမရိ လုံ့လပြု၍ ရွတ်ဖတ်သောသူသည်။

၂။ သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဥ္စိ န ပဿတိ။
ဧဝမာဒိ ဂုဏူပေတံ၊ ပရိတ္တံ တံ ဘဏာမဟေ။

၂။ ချမ်းသာစွာအိပ်ရ၏၊ အိပ်သော်လည်း မကောင်းသော အိပ်မက်ကို တစိုးတစိ မျှ မမြင်မက်၊ ဤသို့ အစရှိသော ဂုဏ်ကျေးဇူးအပေါင်းနှင့် ပြည့်စုံသော မေတ္တာသုတ် ပရိတ်တော်ကို အို- သူတော်ကောင်းတို့ ငါတို့ရွတ်ဖတ်ကြပါကုန်စို့။

၃။ ကရဏီယ' မတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇူ စ သုဟုဇူ စ၊ သူဝစော စဿ မုဒု အနတိမာနီ။

၃။ လောကီလောကုတ္တရာ အကျိုးစီးပွား၌ လိမ္မာသောသူသည် ငြိမ်သက်အေး ချမ်းသော နိဗ္ဗာန်ကို အာရုံပြု၍ ဤဆိုလတ္တံ့သော သူတော်ကောင်းနည်းလမ်းကို ကျင့်ကြံ အားထုတ် ပြုလုပ်အပ်၏၊ ကိုယ်နှင့်အသက်တို့ကို မငဲ့ကွက် မညှာတာ ပြုလုပ်ခြင်းငှာ စွမ်းနိုင်ရာ၏၊ ကိုယ်နှုတ်နှစ်ပါး ရိုးသားဖြောင့်မတ်ရာ၏၊ စိတ် သဘောထား ကောင်းစွာ ဖြောင့်မတ်ရာ၏၊ ဆိုဆုံးမလွယ်ရာ၏၊ နူးညံ့သိမ်မွေ့ရာ ၏၊ သူတစ်ပါးအပေါ် ထောင်လွှားသော မာန်မာနမရှိရာ။

၄။ သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ။
သန္တိန္ဒြိယော စ နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသွ' နနုဂိဒ္ဓေါ။

၄။ ရောင့်ရဲလွယ်ရာ၏၊ မွေးမြူလွယ်ရာ၏၊ နည်းပါးသော အမှုကိစ္စရှိရာ၏၊ ပေါ့ပါးသော အသက်မွေးခြင်း ရှိရာ၏၊ ငြိမ်သက်သော ဣန္ဒြေရှိရာ၏၊ အရာရာ၌ ခွဲခြမ်းစိတ်ဖြာ ရဲရင့်သော ဉာဏ်ပညာရှိရာ၏၊ ကိုယ်နှုတ်နှလုံး သုံးပါးလုံး ရုန့်ရင်း ကြမ်းတမ်းမှု မရှိရာ၊ ဒါယကာတို့၌ တွယ်တာမက်မောမှုမရှိရ။

၅။ န စ ခုဒ္ဒ' မာစရေ ကိဥ္စိ၊ ယေန ဝိညူ ပရေ ဥပဝဒေယျုံ။
သုခိနော ဝ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။

၅။ ပညာရှိတို့ ကဲ့ရဲ့ရှုတ်ချအပ်သော တစုံတစ်ခုသော မကောင်းမှုကို အနည်း ငယ်မျှသော်လည်း မပြုမလုပ်ရာ၊ ခပ်သိမ်းသော သတ္တဝါတို့သည် ကိုယ်၏ချမ်း သာခြင်းနှင့် ပြည့်စုံကြပါစေကုန်သတည်း၊ စိတ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ ကုန် သတည်း၊ ဘေးရန် ဥပဒ္ဒဝေါ မရှိကြပါစေကုန်သတည်း။

၆။ ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ဝါ ထာဝရာ ဝ' နဝသေသာ။
ဒီဃာ ဝါ ယေ ဝ မဟန္တာ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။

၆။ အကြွင်းမရှိ အလုံးစုံ ထွက်သက် ဝင်သက်ရှိသော သတ္တဝါ၊ ထင်ရှားရှိသော သတ္တဝါ၊ ထိတ်လန့် တတ်သော သတ္တဝါ၊ တည်ကြည်ငြိမ်သက်သော၊ သတ္တဝါ၊ ရှည်သော သတ္တဝါ၊ တိုသော သတ္တဝါ၊ ပုကွသော သတ္တဝါ၊ မတိုမရှည်သော သတ္တဝါ၊ ကြီးသော သတ္တဝါ၊ ငယ်သော သတ္တဝါ၊ မကြီးမငယ်သော သတ္တဝါ၊ ဆူသော သတ္တဝါ၊ ကြုံသော သတ္တဝါ၊ မဆူမကြုံသော သတ္တဝါ။

၇။ ဒိဋ္ဌာ ဝါ ယေ ဝ အဒိဋ္ဌာ၊ ယေ ဝ ဒူရေ ဝသန္တိ အဝိဒူရေ။
ဘူတာ ဝ သမ္ဘဝေသီ ဝ၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။

၇။ မျက်စိဖြင့် မြင်ကောင်းသော သတ္တဝါ၊ မျက်စိဖြင့် မမြင်ကောင်းသော သတ္တဝါ၊ အဝေး၌နေသော သတ္တဝါ၊ အနီး၌နေသော သတ္တဝါ၊ ထင်ရှားဖြစ်ပေါ်ပြီးသော သတ္တဝါ၊ ဖြစ်ဆဲတည်နေသော သတ္တဝါ၊ ဤအလုံးစုံသော သတ္တဝါတို့သည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း ရှိကြပါစေကုန်သတည်း။

၈။ န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကဥ္စိ။
ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုက္ခမိစ္ဆေယျ။

၈။ တစ်ယောက်သောသူက တစ်ယောက်သောသူကို အမျက်မထွက်ပါစေလင့်၊ တစ်စုံတစ်ခုသော အမှုကိစ္စ၌ တစ်ယောက်သောသူက တစ်ယောက်သောသူကို ညှဉ်းဆဲချုပ်ချယ်သော ကာယကံ ဝစီကံဖြင့် လည်းကောင်း၊ ခိုက်ရန်မျက်ပွား အငြိုးထားသောစိတ်ဖြင့် လည်းကောင်း၊ အနည်းငယ်မျှသော်မှ မထီမဲ့မြင် မအောက်မေ့ပါစေလင့်၊ အချင်းချင်း၏ ဆင်းရဲဒုက္ခကို အလိုမရှိပါစေလင့်။

၉။ မာတာ ယထာ နိယံပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခေ။
ဧဝမ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။

၉။ အမိသည် မိမိရင်သွေးဖြစ်သော တစ်ယောက်တည်းသော သားငယ်ကို အသက်အတွက်ကြောင့် အဖန်တလဲလဲ စောင့်ရှောက်သကဲ့သို့ ဤနည်းအတူ သာလျှင် ခပ်သိမ်းသော သတ္တဝါတို့၌ အတိုင်းအရှည်မရှိသော မေတ္တာစိတ်ကို ပွားစေရာ၏။

၁ဝ။ မေတ္တဥ္စ သဗ္ဗလောကသ္မိ၊ မာနသံ ဘာဝယေ အပရိမာဏံ။
ဥဒ္ဓံ အဓော စ တိရိယဥ္စ၊ အသမ္ဗာဓံ အဝေရ မသပတ္တံ။

၁ဝ။ ကာမဘဝတည်းဟူသော အောက်လောက၌ လည်းကောင်း၊ ရူပဘဝတည်း ဟူသော အလယ်လောက၌ လည်းကောင်း၊ အရူပဘဝတည်းဟူသော အထက် လောက၌ လည်းကောင်း၊ ဤလောကသုံးပါးတို့၌ ပိုင်းခြားလွတ်ကင်း ကျဉ်း မြောင်းခြင်းလည်းမရှိ ကိုယ်တွင်းဘေးရန် လည်းမရှိ အပဘေးရန်လည်းမရှိ အတိုင်းမသိ ချစ်ခင်မြတ်နိုးသော မေတ္တာစိတ်ကိုလည်း ပွားစေရာ၏။

၁၁။ တိဋ္ဌံ စရံ နိသိန္နော ဝ၊ သယာနော ယာဝတာ'ဿ ဝိတမိဒ္ဓေါ။
ဧတံ သတိံ အဓိဋ္ဌေယျ၊ ဗြဟ္မ'မေတံ ဝိဟာရ' မိဓ' မာဟု။

၁၁။ ရပ်နေစဉ်သော်လည်းကောင်း၊ သွားနေစဉ်သော် လည်းကောင်း၊ ထိုင် နေစဉ်သော် လည်းကောင်း၊ လဲလျောင်းနေစဉ်သော် လည်းကောင်း၊ မအိပ် မငိုက်သမျှ ကာလပတ်လုံး သာသနာတော်ကြီး၌ မေတ္တာစိတ်နှင့် ယှဉ်၍ နေထိုင်ခြင်းကို ''မြတ်သောနေထိုင်ခြင်း'' ဟူ၍ မြတ်စွာဘုရားတို့ ဟောတော်မူ ကုန်၏။

၁၂။ ဒိိဋ္ဌိဥ္စ အနုပဂ္ဂမ္မ၊ သီလဝါ ဒဿနေန သမ္ပန္နော။
ကာမေသု ဝိနေယျ ဂေဓံ၊ န ဟိ ဇာတုဂ္ဂဗ္ဘသေယျ ပုန ရေတိ။

မေတ္တသုတ္တံ နိဋ္ဌိတံ။

၁၂။ မေတ္တာကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ် ပြုလုပ်သောသူသည် အမြင်ဖောက် ပြန် မိစ္ဆာဉာဏ်သို့ မကပ်မရောက်သောကြောင့် လောကုတ္တရာသီလ ရှိသည် ဖြစ်၍ မဂ်ဉာဏ်အမြင်နှင့် ပြည့်စုံပြီးလျှင် ဝတ္ထုကာမ ကိလေသာကာမတို့၌ တပ်မက်မောခြင်း ကင်းသောကြောင့် နောက်တဖန် အမိဝမ်းတွင်း ပဋိသန္ဓေ နေခြင်း သို့ ဧကန်မရောက်တော့ပြီ။

မေတ္တသုတ်တော် မြန်မာပြန်ပြီး၏။