ပြိတ္တာမှာ အပါယ်လေးဘုံဝင်ဖြစ်ပြီး လူ့ဘဝနှင့် အလွန်နီးစပ်ပါသည်။ လူ့ဘုံနေရာ၌ပင် တောခြုံပိတ်ပေါင်း၊ တောင်စောင်း၊ သချင်္ိုင်း၊ သစ်ပင်တို့ကိုမှီ၍ ဆင်းဆင်းရဲရဲ ငတ်ငတ်ပြတ်ပြတ်နှင့် နေကြရ၏။

လူတို့၏ မစင်၊ နှပ်၊ တံတွေးတို့ကို စားသောက်နေရပြီး အနှစ် တစ်ရာ၊ တစ်ထောင်၊ တစ်သိန်းမက ဘုရားတစ်ဆူနှင့်တစ်ဆူကြား ကာလပတ်လုံး ထမင်းတစ်လုပ်မှ မစားရ၊ ရေတစ်ပေါက် မသောက်ရ၊ ကြီးစွာဒုက္ခရောက်သော ပြိတ္တာလည်းရှိပါသည်။

ထိုကဲ့သို့သောပြိတ္တာ ဘာကြောင့် ဖြစ်ရသနည်း ?။

ပြိတ္တာဖြစ်ကြောင်းများစွာ ရှိပါသော်လည်း လူတွေ အများသဖြင့်ပြုမူသော အကြောင်းများမှာ ......

(၁) သားစွဲ သမီးစွဲ၊ လင်စွဲ မယားစွဲ။ ။
ခန္ဓာငါးပါး ရုပ်နာမ်တရားလို့မမြင် “ငါ” “သူတပါး” လို့မြင်တယ်။ အဲဒီတော့ “ငါ” “ငါ့ဥစ္စာ” ဖြစ်လာတယ်။ ငါ့သား၊ ငါ့မယား၊ ငါ့လင် ဆိုတာတွေ ဖြစ်လာပြီး “ငါစွဲတွေ” များလာတော့ ခင်တွယ်သံယောဇဉ်တွေဖြစ်တော့ သေရင် ထားပစ်ခဲ့ရမှာစိုးလာတယ်။
ဟိုသားလေးအတွက် စိုးရိမ်၊ ဒီသမီးလေးအတွက် စိတ်မချနဲ့ အစွဲပေါင်းစုံနဲ့သေတော့ ပြိတ္တာဖြစ်ရတာပေါ့...

(၂) ပစ္စည်းဥစ္စာစွဲ။ ။
ပစ္စည်းဥစ္စာမရှိတော့ လိုချင်တောင့်တရတယ်၊ ရှိလာပြန်တော့လဲ ကြောင့်ကြရပြန်ရော၊ ကားတစ်စီးရှိတဲ့လူကလည်း အဲဒီကားတစ်စီးအတွက် အပူ၊ ဆယ်စီးရှိတဲ့သူကလည်း ဆယ်စီးအတွက် အပူများစွာနဲ့ ပိုပူ၊ အဲဒီ အပူတွေနဲ့သေရင် ပြိတ္တာဖြစ်ရတာပါ.....

(၃) သူတစ်ပါးကို ငြူစူခြင်း၊ ဝန်တိုခြင်း။ ။
လူတွေမှာ ဣဿာနဲ့ မစ္ဆရိယ များတတ်ကြပါတယ်။
ဣဿာက မနာလိုတာ၊ သူတစ်ပါး ချမ်းသာတာကို သက်သက်မနာလိုတာ၊ ကိုယ့်အိတ်ထဲမှာရှိတာထက် သူများအိတ်မှာရှိတာ မသာလွန်စေချင်တာ၊ ကြီးပွားနေသူကို မနာလိုတာ၊ ဒီကောင် ကြီးပွားမှာပေါ့ မဟုတ်တာလုပ်တာကိုး...
မစ္ဆရိယကတော့ ဝန်တိုတာ၊ မိမိချမ်းသာသလို တခြား ဒီပြင်လူတွေ မချမ်းသာစေချင်ဘူး။ မိမိနဲ့တန်းတူ မဖြစ်စေချင်တာ။ သူများကို လှတယ် တော်တယ်လို့ ချီးကျူးတဲ့စကား မကြားချင်တာ။ ဘာအကျိုးမှမရဘဲ အင်မတန်ဆိုးတဲ့ အကုသိုလ်ကိုလုပ်တာ သေရင် ပြိတ္တာဘဝ ရောက်ပါတယ်....

(၄) မိမိကိုယ်တိုင် ပေးကမ်းလှူဒါန်းမှု မရှိခြင်း။ ။
ဗုဒ္ဓဘာသာမြန်မာလူမျိုး အများစုဟာ လှူဒါန်းခြင်း ရက်ရောတတ်ကြပါတယ်။ အချို့သော သူတွေကတော့ လှူလိုက်လို့ ကုန်သွားမှာ သိပ်နှမြောကြတယ်။ မစားရက်၊ မသောက်ရက်၊ ပိုက်ဆံစုပြီး ရောဂါဖြစ်တာတောင် ငွေကုန်မှာစိုးလို့ ဆေးမြီးတိုကို သောက်ကြတယ်။ အဲဒီလို လူမျိုးတွေသေရင် ပြိတ္တာဖြစ်တတ်ပါတယ်။

(၅) သူများအလှူ တားမြစ်တဲ့သူ။ ။
အချို့သောသူတို့သည် မိမိကိုယ်တိုင် မလှူရုံမျှမက သူများလှူတာတောင် တားမြစ်တတ်ကြတယ်။ ဘုန်ကြီးဆွမ်းကပ်တာ ဆယ်ပါးပင့်မယ်လို့ တိုင်ပင်ပြန်တော့ တစ်ပါး နှစ်ပါးလောက်ဆိုရင် တော်ရောပေါ့ စသည်ဖြင့် အလှူဒါနပြုတာကို တားမြစ်တတ်သူဟာလည်း ပြိတ္တာဖြစ်တတ်ပါတယ်။

(၆) သမ္မာအာဇီဝ မဟုတ်ဘဲ စီးပွားရှာသူ။ ။
သမ္မာအာဇီဝ ဆိုတာ အလွန်ကျယ်ဝန်းပါတယ်။
လွယ်လွယ်ပြောရရင်တော့ မိမိစီးပွားရှာတာ သူတစ်ပါးကို မနစ်နာ မထိခိုက်စေရဘူး။
ဝန်ထမ်းတွေဆိုရင် အဂတိလိုက်စားခြင်း လာဘ်ပေးလာဘ်ယူ ပြုလုပ်ခြင်း။ မိမိချမ်းသာရန် သူများမျက်ရည်ပေါက်ကြီးငယ် ကျရခြင်း။
ရဟန်းတော်များဆိုရင် ဒကာဒကာမများ မိမိကိုလှူအောင် နည်းမျိုးစုံသုံးပြီး ရသောပစ္စည်းကို သုံးစွဲခြင်းတို့သည် ပြိတ္တာဖြစ်ရတတ်ပါသည်။

{ မြင့်ရွှေ(ပေါင်းတည်) ၏ " သက္ကာယဒိဋ္ဌိထောင်တွင်းမှအကျဉ်းသားနှင့် ပြိတ္တာဖြစ်ရခြင်းအကြောင်း " မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }

ဦးသိန်းဝေ( ဓမ္မနဒီ)