ဘုရားရှင်က ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းမှာ
သီတင်းသုံးနေပါတယ်။ အဲဒီအခါ အရှင်မဟာကဿပက
ပိပ္ပလိဂူမှာ ၇ ရက်ပတ်လုံး နိရောဓသမာပတ်
ဝင်စားနေပါတယ်။

၇ ရက်လွန်တဲ့အခါ နိရောဓ သမာပတ်မှ ထပါတယ်။
ထပြီး “ရာဇဂြိုဟ်မြို့ထဲ အိမ်စဉ်အတိုင်း ဆွမ်းခံ
လှည့်လည်မယ်” လို့ကြံကာထွက်လာတယ်။
အဲဒီအချိန်မှာ သိကြားမင်းရဲ့အလုပ်အကျွေး
ဖြစ်ကြတဲ့ ခိုခြေအဆင်းရှိ နတ်သမီး ၅ဝဝက
“မထေရ်အား ဆွမ်းလှူကြမယ်”လို့ အားတက်သရောနဲ့
ဆွမ်းအုပ်၅၀၀ ကို ပြင်ဆင်ကာယူပြီး လမ်းခရီး
အကြားမှာ ရပ်ကာ “အရှင်ဘုရား၊ ဒီဆွမ်းကို
ခံယူတော်မူပါ။ တပည့်တော်တို့အား ချီးမြှောက်တော်မူပါ”
လို့ လျှောက်ကြတယ်။

“သင်တို့သွားကြ၊ ငါက ဆင်းရဲသားတွေအား
ချီးမြှောက်မယ်”
“အရှင်ဘုရား၊ တပည့်တော်တို့ကို မဖျက်ဆီးပါနဲ့။
တပည့်တော်တို့အား ချီးမြှောက်ပါ”
မထေရ်က သိပြီး တစ်ဖန်ပယ်မြစ်ကာ နောက်ထပ်လည်း
ဖဲသွားဖို့ မလိုလားလို့ တောင်းပန်ကြတဲ့အခါ
“သင်တို့ဟာ ကိုယ့်ပမာဏကို မသိကြ၊ ဖဲသွားကြလော”
လို့ လက်ဖျောက် တီးခတ်လိုက်တယ်။ နတ်သမီးတွေက
မထေရ်ရဲ့ လက်ဖျောက်တီးသံကို ကြားရပြီး
တောင့်တင်းကာ မျက်မှောက်မှာ မရပ်တည်နိုင်တော့လို့
ပြေးသွားကာ နတ်ပြည်ကိုပဲ သွားတယ်။

သိကြားမင်းက မေးတယ်။
“သင်တို့ ဘယ်ကို သွားနေကြတာလဲ။”

“အရှင်သိကြားမင်း၊ သမာပတ်မှထတဲ့ အရှင်မဟာကဿပ
မထေရ်အား ဆွမ်းလှူကြမယ်လို့ ရည်ရွယ်ကာ
သွားခဲ့ကြပါတယ်။”

“သင်တို့ လှူခဲ့ကြရရဲ့လား။”

“မထေရ်က အလှူမခံလိုပါ။”

“မထေရ်က ဘာကို ပြောသလဲ”

“အရှင်သိကြားမင်း၊ ဆင်းရဲသားတွေအား ငါက
ချီးမြှောက်မယ် လို့ ပြောပါတယ်။”

“သင်တို့က ဘယ်လိုအခြင်းအရာနဲ့ သွားခဲ့ကြသလဲ။”

“အရှင်သိကြားမင်း၊ ဒီအခြင်းအရာနဲ့ပဲ သွားခဲ့ကြပါတယ်။”

သိကြားမင်းက “သင်တို့လို နတ်သမီးတွေက
မထေရ်အား ဘာကြောင့်လှူကြရမှာလဲ”လို့ ပြောပြီး၊
ကိုယ်တိုင်လှူလိုတဲ့အတွက် အိုမင်းယိုယွင်းနေပြီး၊
သွားကျိုး၊ ဆံဖြူ ခါးကိုင်းနေတဲ့ အဘိုးအိုရက်ကန်းသည်
အသွင်နဲ့ သုဇာနတ်သမီးကိုလည်း အဲဒီလိုပဲ
အအိုမအသွင် ပြုလုပ်ကာ ရက်ကန်းသည်
လမ်းတစ်လမ်းကို ဖန်ဆင်းပြီး ရက်ကန်းကို
ဖြန့်ကာနေတယ်။

မထေရ်ကလည်း “ဆင်းရဲသားတွေအား ချီးမြှောက်မယ်”
လို့ ရည်ရွယ်ကာ မြို့ဆီ ရှေးရှူသွားတယ်။
မြို့ပြင်ဘက်မှာပဲ အဲဒီလမ်းကို မြင်ပြီး ကြည့်တဲ့အခါ
လူနှစ်ယောက်ကို တွေ့တယ်။ အဲဒီခဏမှာ
သိကြားမင်းက ရက်ကန်းကို ဖြန့်တယ်။ သုဇာက
ရက်ဖောက်ကို ရစ်တယ်။ မထေရ်က ဒီလိုကြံစည်တယ်။

“ဒီလူတွေဟာ အသက်ကြီးရာအခါမှာလည်း
အလုပ်ကို လုပ်ကြတာပဲ။ ဒီမြို့မှာ ဒီလူတွေထက်
ပိုဆင်းရဲသူတွေ မရှိကြဘူး ထင်တယ်။
ဒီလူတွေလှူတဲ့တစ်ယောက်ချိုမျှကို ဖြစ်စေ၊
သစ်ရွက်မျှကိုဖြစ်စေ ယူပြီး ဒီလူတွေအား ချီးမြှောက်မယ်”
မထေရ်က အဲဒီလူတွေရဲ့ အိမ်ဆီ ရှေ့ရှူနေတယ်။

သိကြားမင်းက မထေရ် လာနေတာကို မြင်ပြီး
သုဇာကို ပြောတယ်။ “ရှင်မ၊ ငါတို့ရဲ့ အရှင်ဟာ
ဒီနေရာက လာနေတယ်။ သင်က မမြင်သလို
ဆိတ်ဆိတ်နေကာ ထိုင်နေပါ။ ခဏနဲ့ မထေရ်ကို
လှည့်ပတ်ပြီး ဆွမ်းကို လှူကြမယ်”
မထေရ်က လာပြီး အိမ်တံခါးဝမှာ ရပ်တယ်။
အဲဒီလူတွေကလည်း မမြင်သလို ကိုယ့်အလုပ်ကိုပဲ
လုပ်ကာ အနည်းငယ်လာကြတယ်။ အဲဒီ အခါ
သိကြားမင်းက “အိမ်တံခါးမှာ မထေရ်တစ်ပါးလို
ရပ်နေတယ်။ စုံစမ်းပါဦး”လို့ ပြောတယ်။
“အရှင်၊ သွားပြီးစုံစမ်းပါမယ်” လို့ ပြောတယ်။
သိကြားမင်းက အိမ်မှထွက်ကာ မထေရ်ကို
တည်ခြင်းငါးပါးနဲ့ ရှိခိုးပြီး လက်နှစ်ဖက်တွေနဲ့
ဒူးတွေကို တွဲရရွဲဆွဲကာ (ထောက်ကာ) ညည်းတွားရင်း
ထတယ်။ “အရှင်မြတ်က ဘယ်မထေရ်ပါလိမ့်”
လို့ အနည်းငယ် နောက်ဆုတ်ပြီး
“ငါ့မျက်စိတွေ အခိုးထနေကြတယ်” လို့ ပြောကာ၊
နဖူး ပေါ်လက်ကိုတင်ပြီး အပေါ်ကို
ကြည့်တယ်။

“ဪ ဒုက္ခ၊ ငါတို့ရဲ့ အရှင် မဟာကဿပမထေရ်ဟာ
ငါတို့ အိမ်တံခါးကို အချိန်ကြာမြင့်မှ ကြွလာတယ်။
အိမ်မှာ တစ်စုံတစ်ခု ရှိလေသလား”
လို့ မေးတယ်။ သုဇာက အနည်းငယ်အလုပ်ရှုပ်
သယောင် လုပ်ကာ “အရှင် ရှိပါတယ်”
လို့ စကား တုံ့ပြန်တယ်။

သိကြားမင်းက “အရှင်ဘုရား၊ ကြမ်းတမ်းတာ၊
မွန်မြတ်တာကို မစဉ်စားဘဲတပည့်တော်တို့အား
ချီးမြှောက်ပါ”လို့ လျှောက်ကာသပိတ်ကို ယူတယ်။
မထေရ်က“သူတို့ လှူတာက ဟင်းရွက်ဖြစ်ဖြစ်၊
ဆန်ကွဲမုန့်ဆုပ်ဖြစ်ဖြစ် သူတို့အား ငါ ချီးမြှောက်မယ်”
လို့ တွေးကာ သပိတ်ကို ပေး လိုက်တယ်။

သိကြားမင်းက အိမ်တွင်းကို ဝင်ပြီး ထမင်းအိုးမှ
ထမင်းကို ထုတ်ဆောင်ကာ သပိတ်ကို ပြည့်စေပြီး
မထေရ်ရဲ့ လက်ထဲထားလိုက်တယ်။
ပဲဟင်းဟင်းလျာများစွာပါတဲ့ အဲဒီဆွမ်းဟာ
ရာဇဂြိုဟ်တစ်မြို့လုံး ကို အနံ့နဲ့ ဖုံးလွှမ်းသွားတယ်။
အဲဒီအခါ မထေရ်က ကြံတယ်။
“ဒီယောက်ျားက တန်ခိုးမရှိ။ ဆွမ်းက တန်ခိုးကြီးတယ်။
သိကြားမင်းရဲ့ စားဖွယ်နဲ့တူတယ်။ အဲဒီလူဟာ
ဘယ်သူလဲ။”

အဲဒီအခါ သူ့ကို “သိကြားမင်းပဲ” လို့ သိပြီး ပြောတယ်။
“ဆင်းရဲသားတွေရဲ့စည်းစိမ်ကို လုယက်တဲ့သင်ဟာ
ဝန်လေးတဲ့ အမှုကို ပြုလုပ်ပေတယ်။
ဆင်းရဲသားတစ်စုံတစ်ယောက်ဟာ ဒီနေ့
ငါ့အား အလှူလှူပြီး စစ်သူကြီးရာထူး (သို့မဟုတ်)
သူဌေးရာထူးကို ရမှာပဲ”

“အရှင်ဘုရား၊ တပည့်တော်ထက် ပိုဆင်းရဲသူမရှိပါ။”

“နတ်လောကမှာ နတ်မင်းစည်းစိမ်ကို ခံစားရတဲ့
သင်က ဘာလို့ ဆင်းရဲရတာလဲ။”

“အရှင်ဘုရား၊ အဲဒါက ဒီလိုပါ။ တပည့်တော်ဟာ
ဘုရားမပွင့်မီမှာ ကောင်းမှုကိုပြုလုပ်ခဲ့ပါတယ်။
ဘုရားပွင့်တဲ့အခါမှာ ကောင်းမှုကံကို ပြုလုပ်ပြီး၊
စူဠရထနတ်သား၊ မဟာရထနတ်သား၊ အနေကဝဏ္ဏ
နတ်သား ဆိုတဲ့ အဆင့်တူ နတ်သားသုံးယောက်ဟာ
တပည့်တော်နဲ့ အနီးနေရာမှာ ဖြစ်ကြပါတယ်။

သူတို့က တပည့်တော်ထက် ပိုပြီး တန်ခိုးကြီး
ကြပါတယ်။ မှန်ပါတယ်။ တပည့်တော်ဟာ
အဲဒီနတ်သားတွေ နက္ခတ်ပွဲသဘင် ကစားကြမယ်
လို့ အလုပ်အကျွေးနတ်သမီးတွေကို ခေါ်ပြီး၊
လမ်းခရီးကြားမှာ သက်ဆင်းကြတဲ့အခါ ပြေးပြီး၊
အိမ်ထဲဝင်ရပါတယ်။ အကြောင်းကတော့ သူတို့ရဲ့
ကိုယ်မှတန်ခိုးရောင်ကတပည့်တော်ရဲ့ ကိုယ်ကို
လွှမ်းမိုးပါတယ်။ တပည့်တော်ရဲ့ ကိုယ်မှအရောင်က
သူတို့ရဲ့ ကိုယ်ကို မလွှမ်းမိုးနိုင်ပါ။ ဒါကြောင့်ပါပဲ။
အရှင်ဘုရား၊ တပည့်တော်ထက် ဘယ်သူက ပို
ဆင်းရဲပါသလဲ။”

“ဒါပေမဲ့ ဒီနေ့ကစပြီး ငါ့အား ဒီလိုလှည့်ပတ်ပြီး
အလှူမလှူပါနဲ့။”

“လှည့်ပတ်ပြီး အရှင်ဘုရားတို့အား အလှူလှူတဲ့အခါ
တပည့် တော်မှာ ကုသိုလ်ရှိပါသလား။
မရှိပါလား။”

“သိကြားမင်း၊ရှိပါတယ်။”

“အရှင်ဘုရား၊ ဒီလိုဆိုရင်ကုသိုလ်ကောင်းမှု
ပြုတယ်ဆိုတာ တပည့်တော်ရဲ့တာဝန်ပါ။”

သိကြားမင်းဟာ အဲဒီလိုပြောပြီး မထေရ်ကို ရှိခိုးကာ
သုဇာကို ခေါ်တယ်။ မထေရ်ကို လက်ယာရစ်လှည့်ပြီး
ကောင်းကင်ပေါ်ပျံတက်ကာ-
“အရှင်မဟာကဿပမှာ လှူရတဲ့ အလှူဟာ
ဪ၊ မြင့်မြတ်ပေစွ”လို့ ဥဒါန်းကျူးရင့်ပါတယ်။

အဲဒီအခါ ဘုရားရှင်က ကျောင်းမှာရပ်ရင်းပဲ
သိကြားမင်းရဲ့ အဲဒီ အသံကို ဒိဗ္ဗသောတအဘိညာဉ်နဲ့
ကြားရပြီး ရဟန်းတွေကို ခေါ်ကာ မိန့်ပါတယ်။

“ရဟန်းတို့၊ဥဒါန်းကျူးရင့်ပြီး ကောင်းကင်ခရီးနဲ့
သွားတဲ့သိကြားမင်းကို ကြည့်ကြလော။”

“မြတ်စွာဘုရား၊ သူက ဘာကို လုပ်ပါသလဲ။”

“သူက လှည့်ပတ်ပြီး ငါ့သား ကဿပအား ဆွမ်းလှူတယ်။
အဲဒီ ဆွမ်းကို လှူပြီး ဝမ်းသာလို့ ဥဒါန်းကျူးရင့်ရင်း
သွားတယ်။”

“မြတ်စွာဘုရား၊ မထေရ်အား ဆွမ်းလှူသင့်တယ်လို့
သူက ဘယ်လိုသိပါသလဲ။”

“ရဟန်းတို့ ၊ ငါ့သားနဲ့ တူတဲ့ဆွမ်းခံရဟန်းကို
နတ်တွေရော၊ လူ တွေပါ ချစ်မြတ်နိုးကြတယ်”
လို့ မိန့်ကာ ကိုယ်တော်တိုင်လည်း ဥဒါန်းကျူးရင့်
တော်မူပါတယ်။ ဥဒါန်းစကားက အောက်ပါအတိုင်း
ဖြစ်ပါတယ်။

“ရဟန်းဟာ ဆွမ်းခံလှည့်လည်တယ်။
ကိုယ့်ကိုယ်ကို မွေးမြူတယ်။ အခြားသူတွေရဲ့
မွေးမြူမှုကို မခံယူ၊ ကောင်းဆိုးလောကဓံကြောင့်
မတုန်လှုပ်၊ ငြိမ်သက်တယ်။ အမြဲသတိရှိတယ်။
အဲဒီရဟန်းကို နတ်တွေက ချစ်ခင်ကြတယ်။”
အဲဒီဥဒါန်းကို ကျူးရင့်ပြီး ဒီလိုမိန့်ပါတယ်။

“ရဟန်းတို့ ၊သိကြားမင်းက ငါ့သားရဲ့ သီလရနံ့ကြောင့်
လာပြီး ဆွမ်းလှူတယ်။”

“တောင်ဇလပ်ပန်းနံ့၊ စန္ဒကူးနံ့တွေဟာ အလွန်အကဲ
မပျံ့သင်းပါ။သီလရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ သီလရနံ့က
မြင့်မြတ်လို့ နတ်လောက၊ လူ့လောကက
အရပ်အားလုံးကို လွှမ်းမိုးကာ သင်းပျံ့သွားပါတယ်။”

အရှင်ဘုရားရဲ့ အထက်ပါတရား ဒေသနာအဆုံးမှာ
များစွာသော တရားနာပရိသတ်တွေဟာ
သောတာပန်စသည်ဖြစ်ကြပါတယ်။ တရားဒေသနာဟာ
လူအများအတွက် အကျိုးရှိပါတယ်။
(ဓမ္မပဒ၊ဋ္ဌ၊ပ၊၂၆၈)

သာသနာပကာလမှာ လှူရတဲ့အလှူထက်သာသနာတွင်း
ကာလ အလှူက ပိုပြီး အကျိုးကြီးမားစေပါတယ်။
လယ်ယာမြေကောင်းမှာ စိုက်ရတဲ့ မျိုးစေ့ဟာ
အသီးအနှံ ဖွံ့ဖြိုးစေသလို၊အလှူခံပုဂ္ဂိုလ်ကောင်းမှာ
လှူရတဲ့ ကုသိုလ်ဟာ အကျိုးကြီးမား ဖွံ့ဖြိုး
စေပါတယ်။ သီလရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ သီလရနံ့က
လေသညာဆန်ပြီး သင်းပျံ့မွှေးကြိုင်ရနံ့ လှိုင်စေပါတယ်။
ရနံ့ မွှေးတဲ့ အမြစ်နံ့၊ အနှစ်နံ့၊ အပွင့်နံ့တွေထက်၊
သီလရနံ့က အဆပေါင်းများစွာ ပိုပြီး
မွှေးကြိုင်ပါပေတယ်။ ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【သာမဏေကျော်ဆရာတော် ဦးဓမ္မိကာလင်္ကာရာဘိဝံသ-
သာမဏေကျော်မဟာဂန္ဓာရုံကျောင်းတိုက်】
Posted by►
www.facebook.com/youngbuddhistassociation.mm
[“လွတ်လပ်စွာ Share နိုင်ပါသည်။
ပေ့ချ်များအနေနဲ့ share မယ်ဆိုရင်
စာရေးသူ ဆရာတော်၊ စာရေးသူ လူပုဂ္ဂိုလ်အမည်နဲ့
စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association ကို
credit လေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။”]