ယခုခေတ်အခါသည် ဝိပဿနာ ထွန်းကားလာသော
အခါဖြစ်ပေသည်။ ဝိပဿနာ ထွန်းကားလာသောအခါ
ဖြစ်သည့်အားလျော်စွာ အားထုတ်ဖို့ရာ အခွင့်အခါ
အချိန်ရကြသော ပုဂ္ဂိုလ်တို့က ဝိပဿနာတရားကို
တတ်နိုင်သမျှ အားထုတ်နေကြပေသည်။
အားထုတ်ဖို့ရာ အခွင့်အခါ အချိန်မရကြသေးသော
ပုဂ္ဂိုလ်တို့ကလည်း ဝိပဿနာတရား အားထုတ်သောအခါ
လိုက်နာဖွယ်ရာ အခြေခံများကို မှတ်သားလေ့လာလျက်
ရှိကြပေသည်။အားထုတ်ရသောအခါမှာလည်း
အနည်းဆုံး သောတာပန် ဖြစ်အောင် အားထုတ်မည်ဟု
ရည်မှန်းချက်ထားကြသည့် ပုဂ္ဂိုလ်တို့က များကြပေသည်။

မိမိတို့ ရည်မှန်းချက်ထားကြသည့်အတိုင်း ယခုဘဝမှာပင်
သောတာပန်ဖြစ်လိုသော ပုဂ္ဂိုလ်တို့သည် ဝိပဿနာ
တရားကို အားထုတ်ကြရပေသည်။ ဝိပဿနာတရား
အားထုတ်ကြသော အခါ မိမိတို့၏ ပါရမီဓါတ်ခံနှင့်
အကျင့်ပဋိပဒါအားလျော်စွာ သောတာပန်တို့သည်
အမျိုးအစားအားဖြင့် (၂၄)မျိုး ကွဲပြားသွားကြပေသည်။

ယခုဘဝမှာ သောတာပန်ဖြစ်နိုင်သည့် ပါရမီဓာတ်ခံ
ပါလာသော ပုဂ္ဂိုလ်ချင်းပင် တူကြပါသော်လည်း
ဝိပဿနာတရား အားထုတ်သောအခါမှာတော့
တစ်ဦးနှင့်တစ်ဦး တစ်ယောက်နှင့်တစ်ယောက်
တရားတွေ့ပုံချင်း မတူကြပေ။
ကွဲပြားလျက်ရှိကြပေသည်။
အချို့သောပုဂ္ဂိုလ်များက တရားသဘောများကို
ထင်ထင်ရှားရှား ပြတ်ပြတ်သားသား တွေ့မြင်ကြပေသည်။
အချို့သော ပုဂ္ဂိုလ်များက မထင်မရှား မပြတ်မသား
တွေ့မြင်ကြပေသည်။

တရားသဘောများကို မထင်မရှား မပြတ်မသား
တွေ့မြင်ကြရသော ပုဂ္ဂိုလ်တို့သည် ယခုဘဝမှာ
မိမိသည် သောတာပန်မဖြစ်နိုင်ဟု ထင်မြင်ကာ
စိတ်ဓာတ်များ ကျဆင်းသွားတတ်ကြပေသည်။
ဤကဲ့သို့ စိတ်ဓာတ်များ မကျဆင်းသွားရအောင်
မိမိတို့ ဖြစ်ရမည့် သောတာပန်အမျိုးအစားကို
သိထားသင့်ကြပေသည်။

သောတာပန်ဖြစ်လို၍ ဝိပဿနာတရား အားထုတ်သော
ပုဂ္ဂိုလ်တို့တွင် အချို့သော ပုဂ္ဂိုလ်တို့က ချမ်းချမ်းသာသာ
လွယ်လွယ်ကူကူဖြင့် အားထုတ်ကြရပေသည်။
အချို့သော ပုဂ္ဂိုလ်တို့က ငြိုငြိုငြင်ငြင်၊ပင်ပင်ပန်းပန်းဖြင့်
အားထုတ်ကြရပေသည်။ ငြိုငြိုငြင်ငြင်၊ပင်ပင်ပန်းပန်းဖြင့်
အားထုတ်ကြရသော ပုဂ္ဂိုလ်တို့မှာ မိမိသည် ယခုဘဝ၌
သောတာပန် ဖြစ်နိုင်သော ပုဂ္ဂိုလ်မျိုးမဟုတ်ပေဟု
ထင်မြင်ကာ စိတ်ဓာတ်များ ကျဆင်းသွားတတ်ကြပေသည်။
ဤကဲ့သို့ စိတ်ဓာတ်များမကျဆင်းသွားရအောင်
သောတာပန် အမျိုးအစားကို သိထားသင့်ကြပေသည်။

ယခုဘဝမှာပင် သောတာပန်ဖြစ်အောင် အားထုတ်ကြမည့်
အမျိုးကောင်းသား၊အမျိုးကောင်းသမီး တို့သည် မိမိတို့၏
ပါရမီဓာတ်ခံအားလျော်စွာ တရားသဘောများကို
ထင်ထင်ရှားရှား တွေ့ချင်လည်း တွေ့ကြပေလိမ့်မည်။
မထင်မရှား တွေ့ချင်လည်း တွေ့ကြပေလိမ့်မည်။
ချမ်းချမ်းသာသာ လွယ်လွယ်ကူကူ အားထုတ်လျှင်လည်း
အားထုတ်ကြရပေလိမ့်မည်။
ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်း အားထုတ်လျှင်လည်း
အားထုတ်ကြရပေလိမ့်မည်။

မည်ကဲ့သို့ပင် အားထုတ်ရ၊အားထုတ်ရ သောတာပန်
(၂၄)မျိုးတို့တွင် ပါဝင်နိုင်ပါက မိမိသည် ဧကန်မုချ
သောတာပန်ဖြစ်ရမည်ဟု သိမြင်ကာ စိတ်ဓာတ်များ
မကျဆင်းပါဘဲ၊ဝိပဿနာတရားကို မဆုတ်မနစ် အားထုတ်
နိုင်ကြမည် ဖြစ်ပေသည်။သို့ဖြစ်၍ သောတာပန်
(၂၄)မျိုးကို သိထားသင့်ကြပေသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“ဘဝအပိုင်းအခြားအားဖြင့် သောတာပန် (၃)မျိုး”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
သောတာပန်ပုဂ္ဂိုလ်တို့သည် ဘoအပိုင်းအခြားအားဖြင့်-

(၁)။ သတ္တက္ခတ္တု ပရမ သောတာပန္န- လူ့ပြည်နှင့်နတ်ပြည်
တို့၌ (၇)ဘဝ သာဖြစ်၍ နိဗ္ဗာန်သို့ဝင်စံမည့် သောတာပန်၊

(၂)။ကောလံ ကောလ သောတာပန္န- လူ့ပြည်၊နတ်ပြည်
တို့၌ (၆)ဘဝသာဖြစ်၍ နိဗ္ဗာန်သို့ ဝင်စံမည့် သောတာပန်၊

(၃)။ ဧကဗီဇ သောတာပန္န = လူ့ပြည်နတ်ပြည်တို့၌
(၁)ဘဝသာ ဖြစ်၍ နိဗ္ဗာန်သို့ စံဝင်မည့် သောတာပန်
ဟူ၍ (၃)မျိုး ရှိပေသည်။
(အံ-၁၊၂၃၄)

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“ပြဋ္ဌာန်းသော ဓုရအားဖြင့် သောတာပန် (၂)မျိုး”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
သောတာပန်ပုဂ္ဂိုလ်တို့သည် ပြဋ္ဌာန်းသောဓုရအားဖြင့်-
(၁)။ သဒ္ဓါပြဋ္ဌာန်းသော သဒ္ဓါဓုရ သောတာပန်၊
(၂)။ ပညာပြဋ္ဌာန်းသော ပညာဓုရ သောတာပန်
ဟူ၍ (၂)မျိုး ရှိပေသည်။

ယခုဘဝမှာပင် သောတာပန်ဖြစ်လိုကြသော ပုဂ္ဂိုလ်
တို့သည်ဝိပဿနာတရား အားထုတ်ကြရပေသည်။
ဝိပဿနာတရား အားထုတ်သောအခါ သဒ္ဓါရှေ့သွား၊
သဒ္ဓါပြဋ္ဌာန်းသောအားဖြင့် သောတာပန်အဖြစ်သို့
ရောက်သွားမည့် ပုဂ္ဂိုလ်တို့သည် “သဒ္ဓါဓုရ သောတာပန်”
မည်၏။ ပညာရှေ့သွား၊ ပညာပြဋ္ဌာန်းသောအားဖြင့်
သောတာပန်အဖြစ်သို့ ရောက်သွားမည့်
ပုဂ္ဂိုလ်တို့သည် “ပညာဓုရ သောတာပန်”မည်၏။

❖အကြင်ပုဂ္ဂိုလ်တို့သည် သဒ္ဓါရှေ့သွား၊သဒ္ဓါပြဋ္ဌာန်းသော
အားဖြင့် သောတာပန်အဖြစ်သို့ ရောက်သွားမည့်
ပုဂ္ဂိုလ်ဖြစ်၏။ ထိုပုဂ္ဂိုလ်သည် ဝိပဿနာတရား
အားထုတ်သောအခါ မိမိသည် ယခုဘဝ၌
သောတာပန် ဖြစ်နိုင်သည်ဟု ယုံကြည်ချက်သဒ္ဓါ
ထက်သန်အားကောင်း၍သာ အားထုတ်နေပေသည်။
တရားသဘောများကို တွေ့ရာ၌ထင်ထင်ရှားရှားမရှိလှပေ။
နာမရူပ ပရိစ္ဆေဒဉာဏ်သို့ရောက်၍ နာမ်နှင့်ရုပ်ကို
ပိုင်းခြားကာ သိသောအခါ၌လည်း ကွဲကွဲပြားပြားမရှိလှပေ။
မထင်မရှားပင် သိမြင်ပေသည်။ဆရာသမားများက
ဟောပြသောအခါမှသာ သိလာတတ်ပေသည်။
ထိုပုဂ္ဂိုလ်သည် သဒ္ဓါဓုရ သောတာပန်ဖြစ်မည့်
ပုဂ္ဂိုလ်ဖြစ်ပေသည်။

အကြင်ပုဂ္ဂိုလ်သည်
●ပစ္စယပရိဂ္ဂဟဉာဏ် - အကြောင်းနှင့်
အကျိုးကို သိသောဉာဏ်၊
●သမ္မသနဉာဏ် = အနိစ္စ၊ ဒုက္ခ ၊အနတ္တ ဟု
သုံးသပ်ဆင်ခြင်၍ သိသောဉာဏ်၊
●ဥဒယဗ္ဗယဉာဏ် = အဖြစ်အပျက်ကို သိသောဉာဏ်၊
●ဘင်္ဂဉာဏ် - အပျက်ကိုသိသောဉာဏ်၊
●ဘယဉာဏ် = ကြောက်ဖွယ်ထင်သောဉာဏ်၊
●အာဒီနဝဉာဏ် = အပြစ်မြင်သောဉာဏ်၊
●နိဗ္ဗိဒဉာဏ် -ငြီးငွေ့သောဉာဏ်၊
●မုဥ္စိတုကမျတာဉာဏ် - လွတ်မြောက်လိုသောဉာဏ်၊
●ပဋိသင်္ခါဉာဏ် - တစ်ဖန်ပြန်ရှုသောဉာဏ်၊
●သင်္ခါရုပေက္ခာဉာဏ် = လျစ်လျုရှုသောဉာဏ်
သို့ ရောက်၍ ရှုမှတ်သော အခါတို့၌လည်း
တရားသဘောများကို ထင်ထင်ရှားရှားကွဲကွဲပြားပြား
မသိပေ။ မထင်မရှားသာ သိပေသည်။
ထိုပုဂ္ဂိုလ်သည် သဒ္ဓါဓုရ သောတာပန်ဖြစ်မည့် ပုဂ္ဂိုလ်
ဖြစ်ပေသည်။

❖ဤကဲ့သို့ ဝိပဿနာတရား အားထုတ်သောအခါ၌
တရားသဘောများကို မထင်မရှားပင် သိမြင်ပါသော်လည်း
အမှတ်ပြည့်သွားသောအခါ ဉာဏ်စဉ်ပြည့်သွားသောအခါ
သောတာပန်အဖြစ်သို့ ရောက်သွားမည် ဖြစ်ပေသည်။
ဤသောတာပန်မျိုးကို “သဒ္ဓါဓုရ သောတာပန်”ဟု
ဆိုရပေသည်။

❖အကြင်ပုဂ္ဂိုလ်သည် ပညာရှေ့သွား ၊ပညာပြဋ္ဌာန်းသော
အားဖြင့် သောတာပန်အဖြစ်သို့ ရောက်သွားမည့်
ပုဂ္ဂိုလ်ဖြစ်၏။ ထိုပုဂ္ဂိုလ်သည် ဝိပဿနာတရား
အားထုတ်သောအခါ တရားသဘောများကို
ထင်ထင်ရှားရှား တွေ့မြင်တတ်ပေသည်။
နာမရူပ ပရိစ္ဆေဒဉာဏ်သို့ရောက်၍ နာမ်နှင့်ရုပ်ကို
ပိုင်းခြားကာ သိသောအခါ၌လည်း ထင်ထင်ရှားရှား
ကွဲကွဲပြားပြား သိမြင်လာတတ်ပေသည်။
ထိုပုဂ္ဂိုလ်သည် “ပညာဓုရ သောတာပန်”
ဖြစ်မည့် ပုဂ္ဂိုလ်ဖြစ်ပေသည်။

❖အကြင်ပုဂ္ဂိုလ်သည် “ဖောင်းတယ်၊ပိန်တယ်၊ထိုင်တယ်၊
ထိတယ်” ဟု ထိုင်ရှုမှတ်ရာ၌
“ ဖောင်းတာကတခြား၊ မှတ်သိလိုက်တာက တခြား၊
ပိန်တာကတခြား၊ မှတ်သိလိုက်တာကတခြား၊
ထိုင်တာကတခြား၊ မှတ်သိလိုက်တာကတခြား၊
ထိတာကတခြား၊ မှတ်သိလိုက်တာကတခြား
ဟူ၍ ထင်ထင်ရှားရှား ကွဲကွဲပြားပြား သိသွားပေသည်။
ထိုပုဂ္ဂိုလ်သည် “ပညာဓုရ သောတာပန်” ဖြစ်မည့်
ပုဂ္ဂိုလ်ဖြစ်ပေသည်။

❖အကြင်ပုဂ္ဂိုလ်သည် ကြွတယ်၊ လှမ်းတယ်၊ ချတယ်ဟု
စင်္ကြံ လျှောက်၍ ရှုမှတ်ရာ၌လည်း ကြွတာကတခြား၊
မှတ်သိလိုက်တာက တခြား၊ လှမ်းတာကတခြား၊
မှတ်သိလိုက်တာကတခြား၊ ချတာကတခြား၊
မှတ်သိလိုက်တာကတခြား ဟူ၍ ထင်ထင်ရှားရှား
ကွဲကွဲပြားပြား သိသွားပေသည်။
တစ်ခါတစ်ရံ စင်္ကြံသွားနေရင်း ထူးထူးခြားခြား
သိသွားတတ်ပေသည်။ ထူးထူးခြားခြား ရုပ်နှင့်နာမ်ကို
ခွဲခြား၍ သိသွားခြင်းပင် ဖြစ်ပေသည်။ ထိုပုဂ္ဂိုလ်သည်
“ပညာဓုရ သောတာပန်”ဖြစ်မည့် ပုဂ္ဂိုလ် ဖြစ်ပေသည်။

❖အကြင် ပုဂ္ဂိုလ်သည်
●ပစ္စယပရိဂ္ဂဟဉာဏ်- အကြောင်းနှင့်အကျိုးကို
သိသောဉာဏ်၊
●သမ္မသနဉာဏ်-အနိစ္စ ၊ဒုက္ခ ၊အနတ္တ ဟု
သုံးသပ်ဆင်ခြင်၍ သိသောဉာဏ်၊
●ဥဒယဗ္ဗဉာဏ် - အဖြစ်အပျက်ကို သိသောဉာဏ်၊
●ဘင်္ဂဉာဏ် - အပျက်ကို သိသောဉာဏ်၊
●ဘယဉာဏ် = ကြောက်ဖွယ်ထင်သောဉာဏ်၊
●အာဒီနဝဉာဏ် = အပြစ်မြင်သောဉာဏ်၊
●နိဗွီဒဉာဏ် - ငြီးငွေ့သောဉာဏ်။
●မုဥ္စိတုကမျတဉာဏ် = လွတ်မြောက်လိုသောဉာဏ်၊
●ပဋိသင်္ခါဉာဏ် - တစ်ဖန်ပြန်ရှုသောဉာဏ်၊
●သင်္ခါရုပေက္ခာဉာဏ် - လျစ်လျူရှုသောဉာဏ်သို့
ရောက်၍ ရှုမှတ်သောအခါတို့၌လည်း တရားသဘောများကို
ထင်ထင်ရှားရှား ကွဲကွဲပြားပြား သိသွားပေသည်။
ထိုပုဂ္ဂိုလ်သည် “ပညာဓုရ သောတာပန်”ဖြစ်မည့်
ပုဂ္ဂိုလ်ဖြစ်ပေသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“သဒ္ဓါဓုရသောတာပန်သည် အကျင့်အားဖြင့်(၄)မျိုး”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
သဒ္ဓါဓုရ ၊ သဒ္ဓါပြဋ္ဌာန်း၍ သောတာပန်အဖြစ်သို့
ရောက်ကြမည့် ပုဂ္ဂိုလ်တို့သည် အကျင့်ပဋိပဒါအားဖြင့်
(၄)မျိုး ကွဲပြားကြပေသည်။

(၁)။ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်းလည်း အားထုတ်ရ၍
တရားလည်း တရားအရနှေးသော သောတာပန်၊
(၂)။ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်း အားထုတ်ရ၍
တရားအရမြန်သော သောတာပန်၊
(၃)။ ချမ်းချမ်းသာသာဖြင့်လည်း အားထုတ်ရ၍
တရားအရနှေးသော သောတာပန်၊
(၄)။ချမ်းချမ်းသာသာဖြင့်လည်း အားထုတ်ရ၍
တရားအရ မြန်သော သောတာပန်ဟူ၍ (၄)မျိုးဖြစ်၍
သဒ္ဓါဓုရ သောတာပန် (၄)ယောက် ဖြစ်ပါသည်။

သဒ္ဓါဓုရ သောတာပန်ကဲ့သို့ပင် ပညာဓုရ သောတာပန်
သည်လည်း အကျင့်ပဋိပဒါအားဖြင့် (၄)ယောက်
ဖြစ်ပေသည်။သဒ္ဓါဓုရ သောတာပန် (၄)ယောက်၊
ပညာဓုရသောတာပန် (၄)ယောက်ဟူ၍
ပေါင်း(၈)ယောက် ဖြစ်ပါသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“သောတာပန် (၂၄)ယောက် ဖြစ်ပုံ”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ဧကဗီဇ သောတာပန်၊
ကောလံကောလ သောတာပန်၊
သတ္တက္ခတ္တု ပရမ သောတာပန် တို့၌
သဒ္ဓါဓုရ သောတာပန် (၄)ယောက်၊
သောတာပန် (၄)ယောက်အားဖြင့် (၈)ယောက်စီ
ရှိကြပါသည်။ သို့ဖြစ်၍
(၁)ဘဝဖြင့် နိဗ္ဗာန်သို့စံဝင်မည့် သောတာပန် (၈)ယောက်၊
(၂)ဘဝမှ (၆)ဘဝဖြင့် နိဗ္ဗာန်သို့စံဝင်မည့် သောတာပန်
(၈)ယောက်၊ (၇)ဘဝဖြင့် နိဗ္ဗာန်သို့ စံဝင်မည့် သောတာပန်
(၈)ယောက်ဟူ၍ သောတာပန် (၂၄) ယောက် (၂၄)မျိုး
ဖြစ်ပါသည်။

ဤသောတပန် (၂၄)မျိုးတို့တွင် မည်သည့်
သောတာပန်မျိုးပင် ဖြစ်စေ၊ အပါယ်သံသရာ အပါယ်ဘုံ
ဘဝများမှ လွတ်မြောက်ကြသည်သာ ဖြစ်ပေသည်။
သို့ဖြစ်၍ အပါယ်သံသရာ အပါယ်ဘုံဘဝများမှ
လွတ်မြောက်လိုကြသော အမျိုးကောင်းသား၊
အမျိုးကောင်းသမီးတို့သည် သောတာပန် ဖြစ်နိုင်ကြောင်း
ဝိပဿနာတရားကို အားထုတ်ကြရမည် ဖြစ်ပေသည်။ ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【မဟာစည်နာယက၊အဂ္ဂမဟာ
ကမ္မဋ္ဌာနာစရိယ၊အရှင်ကုဏ္ဍလာဘိဝံသ-
သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီး】