မြတ်စွာဘုရား သာသနာတွင် ရဟန္တာပုဂ္ဂိုလ်တို့သည်
အမြတ်ဆုံး အလှူခံပုဂ္ဂိုလ်များ ဖြစ်ကြပေသည်။
ရဟန္တာပုဂ္ဂိုလ်တို့အား လှူဒါန်းအပ်သော
အလှူဒါနတို့သည် အမြတ်ဆုံး၊ အကြီးဆုံး အလှူဒါနများ
ဖြစ်ကြပေသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တို့သည်
ရဟန္တာပုဂ္ဂိုလ်တို့အား အလွန်ပင် လှူဒါန်း
လိုကြပေသည်။ ရဟန္တာပုဂ္ဂိုလ်တို့ကို အလွန်ပင်
ဖူးမြင် လိုကြပေသည်။ ထိုရဟန္တာပုဂ္ဂိုလ်တို့သည်
ဂုဏ်ထူးအားဖြင့် လေးမျိုးကွဲပြားလျက် ရှိကြပေသည်။

(၁)။ ပဋိသမ္ဘိဒါပတ္တ - ပဋိသမ္ဘိဒါ လေးပါးနဲ့
ပြည့်စုံသော ရဟန္တာ၊
(၂)။ ဆဠဘိည - အဘိညာဉ်ခြောက်ပါးနှင့်
ပြည့်စုံသော ရဟန္တာ၊
(၃)။ တောဝိဇ္ဇ - ဝိဇ္ဇာသုံးပါး နှင့် ပြည့်စုံသော ရဟန္တာ၊
(၄)။ သုက္ခဝိပဿက - စျာန်သမာဓိမရှိ၍
စျာန်သမာပတ်တို့မှ ခြောက်သွေ့သော ရဟန္တာ၊
ဟူ၍ (၄)မျိုး ကွဲပြားလျက် ရှိပေသည်။

(၁)။ “ပဋိသမ္ဘိဒါပတ္တ”- ပဋိသမ္ဘိဒါလေးပါးနှင့် ပြည့်စုံသော
ရဟန္တာ ဟု ဆိုရာ၌ - အကြင်ရဟန္တာပုဂ္ဂိုလ်သည်
“အတ္ထပဋိသမ္ဘိဒါ၊ ဓမ္မပဋိသမ္ဘိဒါ၊ နိရုတ္တိ ပဋိသမ္ဘိဒါ၊
ပဋိဘာန ပဋိသမ္ဘိဒါ” - ဟူသော ပဋိသမ္ဘိဒါလေးပါးနှင့်
ပြည့်စုံ၏။ ထိုရဟန္တာပုဂ္ဂိုလ်သည်
“ပဋိသမ္ဘိဒါပတ္တရဟန္တာ” မည်၏။

ထိုလေးပါးတို့တွင် “အတ္ထပဋိသမ္ဘိဒါ”- ဟူသည်
အကျိုးမှန်၌ သိသောဉာဏ်၊
ပါဠိသဒ္ဒါ၏ အနက်မှန်၌ သိသောဉာဏ်၊
ဆင်းရဲအမျိုးမျိုး၌ သိသောဉာဏ်၊
သင်္ခါရချုပ်ရာ ဆင်းရဲချုပ်ရာ နိဗ္ဗာန်၌ သိသောဉာဏ်
ဤဉာဏ်တို့သည် “အတ္ထပဋိသမ္ဘိဒါ” မည်၏။

“ဓမ္မပဋိသမ္ဘိဒါ”-ဟူသည် အကြောင်းမှန်၌သိသောဉာဏ်၊
ပါဠိသဒ္ဒါမှန်၌ သိသောဉာဏ်၊
ဒုက္ခဖြစ်ကြောင်း သမုဒယ၌ သိသောဉာဏ်၊
ဒုက္ခချုပ်ရာ မဂ္ဂ၌သိသောဉာဏ် ဤဉာဏ်တို့သည်
“ဓမ္မပဋိသမ္ဘိဒါ”မည်၏။

“နိရုတ္တိပဋိသမ္ဘိဒါ”-ဟူသည် ဘာသာစကား
ပါဠိသဒ္ဓါများကို ရွတ်ဆို ပြောဆိုသောအသံကို
ကြားရာ၌ အမှန်နှင့် အမှားကို ခွဲခြား၍ သိသောဉာဏ်သည်
“နိရုတ္တိ ပဋိသမ္ဘိဒါ” မည်၏။

ဥပမာ.... အကြင်နိရုတ္တိပဋိသမ္ဘိဒါသို့ ရောက်နေသော
ပုဂ္ဂိုလ် သည် အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ
သမာဒိယာမိ -ဟု ရွတ်ဆိုသော အသံကို ကြားလျှင်
ဤသို့ ရွတ်ဆိုခြင်းသည် မှန်ကန်၏ - ဟု သိ၏။

အဒိန္န ဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ-
ဟု ရွတ်ဆိုသော အသံကို ကြားလျှင် ဤသို့
ရွတ်ဆိုခြင်းသည် မမှန်ကန်၊ အမှား ဖြစ်၏- ဟု သိ၏။
ထိုပုဂ္ဂိုလ်သည် နိရုတ္တိပဋိသမ္ဘိဒါ - သို့ ရောက်နေသော
ပုဂ္ဂိုလ်ဖြစ်ပေသည်။

“အမှန်ဖြစ်ပုံ”
••••••••••••••••••••
အဒိန္နာဒါနာ - ၌ အဒိန္န + အာဒါနာ့ ဟု နှစ်ပုဒ်ခွဲ
ရပေသည်။ အဒိန္န- အရှင်သည် ကိုယ်နှုတ်ဖြင့်
မပေးအပ်သော ဥစ္စာကို၊
အာဒါနာ- ခိုးယူခြင်းမှ၊
ဝေရမဏိသိက္ခာပဒံ - ရှောင်ကြဉ်ကြောင်း သိက္ခာပုဒ်ကို။
သမာဒိယာမိ - ကောင်းစွာ ဆောက်တည်ပါ၏။
ဤကဲ့သို့ အမှန်ဖြစ်ပေသည်။

“အမှားဖြစ်ပုံ”
••••••••••••••••••••••
အဒိန္န ဒါနာ ၌ အဒိန္န- အရှင်သည် ကိုယ်နှုတ်ဖြင့်
မပေးအပ်သော ဥစ္စာကို၊
ဒါနာ – ပေးလှူခြင်းမှ၊
ဝေရမဏိသိက္ခာပဒံ -ရှောင်ကြဉ််ကြောင်း သိက္ခာပုဒ်ကို၊
သမာဒိယာမိ - ကောင်းစွာ ဆောက်တည်ပါ၏။
ဤကဲ့သို့ အမှား ဖြစ်ပေသည်။
ဤကဲ့သို့ ပါဠိ သဒ္ဒါများကို ရွတ်ဆိုသောအသံကို
ကြားရာ၌ အမှန် နှင့် အမှားကို သိသော ဉာဏ်သည်
“နိရုတ္တိပဋိသမ္ဘိဒါ”မည်၏။

“ပဋိဘာန ပဋိသမ္ဘိဒါ”- ဟူသည် အထက်၌ ဖော်ပြခဲ့ပြီးသော
ပဋိသမ္ဘိဒါဉာဏ် သုံးပါးတို့၌ အကျယ်ဝိတ္ထာရကို
သိသောဉာဏ်သည် ပဋိဘာန ပဋိသမ္ဘိဒါ မည်၏။
ဤ ပဋိသမ္ဘိဒါလေးပါးနှင့် ပြည့်စုံသော ရဟန္တာပုဂ္ဂိုလ်သည်
“ပဋိသမ္ဘိဒါပတ္တရဟန္တာ”မည်၏။

(၂)။ “ဆဠဘိည”=အဘိညာဉ်ခြောက်ပါးနှင့် ပြည့်စုံသော
ရဟန္တာ- ဟုဆိုရာ၌ အကြင်ရဟန္တာပုဂ္ဂိုလ်သည်-
၁။ တန်ခိုးအမျိုးမျိုးတို့ကို ဖန်ဆင်းနိုင်သော ဣဒ္ဓိဝိဓ
အဘိညာဉ်။
၂။ အဝေးအနီးအသံဟူသမျှတို့ကို ကြားသိနိုင်သော
ဒိဗ္ဗသောတ အဘိညာဉ်။
၃။ သူတစ်ပါးတို့၏ စိတ်အကြံကို သိနိုင်သော
ပရစိတ္တဝိဇာနန အဘိညာဉ်။
၄။ ရှေးဘဝဟောင်းများကို သိမြင်နိုင်သော ပုဗ္ဗေနိဝါသ
အဘိညာဉ်။
၅။ အဝေးအနီး အဆင်းဟူသမျှတို့ကို သိမြင်နိုင်သော
ဒိဗ္ဗစက္ခု အဘိညာဉ်။
၆။ ကိလေသာ အာသဝေါတို့ကို ကုန်စေနိုင်သည့်
အရဟတ္တမဂ်ဉာဏ် ဟူသော အာသဝက္ခယ အဘိညာဉ်
ခြောက်ပါးနှင့် ပြည့်စုံ၏။ထိုရဟန္တာပုဂ္ဂိုလ်သည်
“ဆဠဘိညရဟန္တာ” မည်၏။

(၃)။ တောဝိဇ္ဇ =ဝိဇ္ဇာသုံးပါး နှင့် ပြည့်စုံသော ရဟန္တာ
ဟုဆိုရာ၌ အကြင်ရဟန္တာ ပုဂ္ဂိုလ်သည်-
၁။ ရှေးဘဝဟောင်းများကို သိမြင်နိုင်သော
ပုဗ္ဗေနိဝါသဝိဇ္ဇာဉာဏ်။
၂။ အဝေးအနီး အလုံးစုံသော အဆင်းဟူသမျှကို
မြင်သိနိုင်သော ဒိဗ္ဗစက္ခုဝိဇ္ဇာဉာဏ်။
၃။ ကိလေသာ အာသဝေါတို့ကို ကုန်စေနိုင်သည့်
အရဟတ္တမဂ်ဉာဏ်၊ ဟူသော အာသဝက္ခယဝိဇ္ဇာဉာဏ်-
ဤ ဝိဇ္ဇာဉာဏ်သုံးပါးနှင့် ပြည့်စုံ၏။ထိုရဟန္တာပုဂ္ဂိုလ်သည်
“တောဝိဇ္ဇရဟန္တာ” မည်၏။

(၄)။ “သုက္ခဝိပဿက” = စျာန်သမာဓိမရှိ၍
စျာန်သမာပတ်မှ ခြောက်သွေ့သော ရဟန္တာ - ဟု
ဆိုရာ၌ အကြင်ရဟန္တာပုဂ္ဂိုလ်သည် အရဟတ္တဖိုလ်သို့
မရောက်မီ ရှေ့အဖို့မှစ၍ စျာန်၌ နှစ်သက်မြတ်နိုးခြင်း
မရှိသဖြင့် ဝိပဿနာ သက်သက်ကိုသာ အားထုတ်၍
အရဟတ္တဖိုလ်သို့ ရောက်ကာ ရဟန္တာဖြစ်၏။
ထိုရဟန္တာပုဂ္ဂိုလ်သည် “သုက္ခဝိပဿကရဟန္တာ”
မည်၏။

ဤပြဆိုခဲ့ပြီးသော ရဟန္တာလေးမျိုးကို အခြေခံ၍
သာသနာငါးထောင် တည်ရှိပုံကို ဒီ၊ ၃၊ ဋ္ဌ/၈၃- ၌
ဖွင့်ပြထားပေသည်။
ပဋိသမ္ဘိဒါပတ္တရဟန္တာခေတ် တစ်ထောင်၊
ဆဠဘိညရဟန္တာခေတ် တစ်ထောင်၊
တောဝိဇ္ဇရဟန္တာခေတ် တစ်စေထာင်၊
သုက္ခဝိပဿကရဟန္တာခေတ် တစ်ထောင်၊
ပါတိမောက္ခသံဝရခေတ် တစ်ထောင်
ဟူ၍ သာသနာငါးထောင် တည်ရှိပုံကို
ဖွင့်ပြထားပေသည်။ ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【မဟာစည်နာယက၊အဂ္ဂမဟာ
ကမ္မဋ္ဌာနာစရိယ၊အရှင်ကုဏ္ဍလာဘိဝံသ-
သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီး】