သစ်သီးတစ်လုံး၊ ပန်းတစ်ပွင့်၊ မုန့်တစ်ခု၊
ဆွမ်းတစ်ဇွန်းလောက် လှူရုံနဲ့ နတ်ပြည်
ရောက်နိုင်ပါတယ်။သာသနာတွင်းမှာ လှူတဲ့ဒါနက
သာသနာပမှာ လှူတဲ့ ဒါနထက် အဆပေါင်းများစွာ
သာလွန်ပါတယ်။
ဘုရားရှင်လက်ထက်တော်ကာလ ရာဇဂြိုဟ်မြို့က
ဣန္ဒကဆိုတဲ့လူဟာ ရွာထဲ ဆွမ်းခံဝင်လာတဲ့
အရှင်အနုရုဒ္ဓါအား သူ့အတွက်ဆောင်ယူလာတဲ့
ဆွမ်းတစ်ဇွန်းကို လှူဒါန်းခိုင်းခဲ့ပါတယ်။
အဲဒီကုသိုလ်ကြောင့် တာဝတိံသာနတ်ပြည်မှာ
တန်ခိုးကြီးတဲ့ နတ်သားကြီး ဖြစ်ပါတယ်။
အကုင်္ရ နတ်သားထက် ကာမဂုဏ်ငါးမည်၊
သက်ရှည်ဆင်းလှ၊ စိုးရချမ်းသာ၊ များစွာခြွေရံ
ဂုဏ်၁ဝတန်နဲ့ သာလွန်တင့်တယ်ပါတယ်။
【ဓမ္မပဒ။ ဋ္ဌ၊ ဒု၊ ၁၄၃၊ ပေတဝတ္ထု၊ ဋ္ဌ၊ ၁၂၇】

အကုင်္ရဆိုတဲ့သူဟာ သာသနာပကာလမှာ
အကြီးအကျယ် ချက်ပြုတ်ကျွေးမွေးလှူဒါန်းခဲ့တယ်။
ချက်ပြုတ်ရေးခေါင်းဆောင် အမျိုးသားတွေက ၃ ထောင်၊
ထင်းခွဲသမားက ၆သောင်း၊ ချက်ပြုတ်စရာကို
ကြိတ်ချေပြုပြင်ပေးတဲ့ အမျိုးသမီးက ၆ သောင်း၊
ယောင်းမကိုင် အမျိုးသမီး က ၆ သောင်းရှိတယ်။
အဲဒီလောက် များပြားတဲ့ အလုပ်သမားတွေနဲ့
လာလာသမျှ လူတွေကို နေ့စဉ် အနှစ်တစ်သောင်း
ကာလပတ်လုံး ချက်ပြုတ်ကျွေးမွေးလှူဒါန်းခဲ့တယ်။
အဲဒီကောင်းမှုကြောင့် တာဝတိံသာ နတ်ပြည်မှာ
နတ်ဖြစ်နေတယ်။
【ပေတဝတ္ထု၊ဋ္ဌ၊၁၂၉】

အဲဒီ “အကုင်္ရနတ်သား” နဲ့ “ဣန္ဒကနတ်သား” တို့ဟာ
အဘိဓမ္မာတရား ဟောခါနီးမှာ ဘုရားရှင်ရဲ့
မျက်မှောက်အနီးမှာ ရိုသေစွာ ထိုင်နေကြတယ်။
တန်ခိုးကြီးတဲ့နတ်တွေလာတဲ့အခါ အကုင်္ရနတ်သားက
နောက်ကို ဆုတ်ဆုတ်ပြီး နေရာပေးရတဲ့အတွက်
ဘုရားရှင်နဲ့ ၁၂ ယူဇနာဝေးတဲ့ အရပ်ကို ရောက်သွားတယ်။
ဣန္ဒကနတ်သားကတော့ ဘုရားရှင်အနီး မူလနေမြဲ
နေရာမှာပဲ ရှိနေပါတယ်။ သူ့ထက်တန်ခိုးကြီးသူမရှိလို့
ဖယ်မပေးရတာပါပဲ။

သာသနာပမှာ အကုင်္ရက အကြီးအကျယ်
ပေးလှူခဲ့ပေမယ့် သာသနာတွင်းမှာ ဆွမ်းတစ်ဇွန်းမျှ
လှူတဲ့ ဣန္ဒကလောက် တန်ခိုးမကြီးဘဲ၊
တန်ခိုးသေးငယ် နေရရှာတယ်။ ဒါကြောင့်
ပေးလှူတဲ့အခါမှာ သီလ စတဲ့ဂုဏ်နဲ့ ပြည့်စုံတဲ့
အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်ပြီး လှူသင့်ကြောင်းကို
ဘုရားရှင်က ဟောတော်မူပါတယ်။
ဒီဣန္ဒကဝတ္ထုအရ သာသနာတော်တွင်းမှာ နတ်ပြည်
တိုးတက်ကြောင်း၊ တန်ခိုးကြီးတဲ့နတ်တွေ တိုးပွားကြောင်း
သိရပါတယ်။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【သာမဏေကျော်ဆရာတော် ဦးဓမ္မိကာလင်္ကာရာဘိဝံသ-
သာမဏေကျော်မဟာဂန္ဓာရုံကျောင်းတိုက်】