သူ၏နာမည် မာတလိ၊
ပြည့်စုံအောင် ပြောရသော် မာတလိ နတ်သား။
ပို၍ပြည့်စုံအောင်ဆိုရလျှင် သိကြားမင်း၏
အပါးတော်မြဲနတ်သား တစ်ယောက်။
သူ၏ အလုပ်တာဝန်က ရထားထိန်း။
သိကြားမင်းကြီး သွားလိုရာ ခရီးကို သူက
ရထားမောင်းပြီး လိုက်ပို့ပေးရသည်။

ခရီးစတွင် သွားခါနီးတိုင်း သိကြားမင်းကြီး၏
အပြုအမူလုပ်ရပ်တစ်ခုကို မာတလိ အမြဲတမ်း
တွေ့မြင်နေရသည်။

တစ်ကြိမ်လည်း မဟုတ်၊ တစ်ခါလည်း မဟုတ်။
နှစ်ကြိမ်၊ သုံးကြိမ် အကြိမ်းများစွာ...၊
တစ်ခါ နှစ်ခါ သုံးခါ အခါများစွာ... များစွာ။
အဲသည် သိကြားမင်းကြီး အပြုအမူ လုပ်ရပ်ကတော့
တစ်ခြား မဟုတ်။

“ရှိခိုးခြင်း၊ ဦးချခြင်း၊ အရိုအသေပြုခြင်း” တို့ပင်
ဖြစ်သည်။ ဘယ်သူ့ကို ရှိခိုးတာလဲ။ ဘာကို ရှိခိုးတာလဲ။
ဘာဖြစ်လို့ ရှိခိုးတာလဲ။ ဤသည်တို့ကား အရှင်သခင်
သိကြားမင်းနှင့်ပတ်သက်၍ သိချင်နေသော
ရထားထိန်း မာတလိ၏ဆန္ဒများ ဖြစ်လေသည်။

ယနေ့လည်း... ကြည့်။
“မာတလိ ရထားပြင်ထား။ ဒီကနေ့ ငါခရီး သွားစရာ
ရှိတယ်”
သိကြားမင်း ခိုင်းစေချက်အရ မာတလိ နတ်သားသည်
အာဇာနည် နတ်မြင်းပေါင်း တစ်ထောင် ကရသော
နတ်ရထားကို ပြင်ဆင်ထားရသည်။ ပြီးလျှင်
ဝေဇယန္တာပြာသာဒ်ထက်မှ ဆင်းသက်လာမည့်
သိကြားမင်းကို စောင့်ရင်း “သိကြားမင်း ရှိခိုးရခြင်း”
၏ အကြောင်းကို တွေးနေမိလေသည်။

မာတလိ၏ အတွေးအာရုံထဲတွင် အရပ် လေးမျက်နှာကို
စောင့်ကြပ်နေကြသော ဓတရဋ္ဌ နတ်မင်းကြီး၊
ဝိရုဋ္ဌက နတ်မင်းကြီး၊ ဝိရူ ပက္ခ နတ်မင်းကြီး၊
ကုဝေရ နတ်မင်းကြီး လေးယောက်တို့ ပေါ်လာကြသည်။
ဤနတ်မင်းကြီး လေးယောက် သို့မဟုတ် နတ်မင်းကြီး
လေးပါးတို့က သိကြားမင်းအား ညွတ်တွားခယ
ရှိခိုးကြသည်ကိုလည်း မြင်ဖူး၏။

စတုမဟာရာဇ် နတ်ပြည်၊ တာဝတိံသာ နတ်ပြည်တို့မှ
ဒေဝါအလီလီသော နတ်သား နတ်သမီး အပေါင်း
တို့ကလည်း သိကြားမင်းထံ လာရောက်ကြပြီး
သိကြားမင်း၏ ခြေ၌ ဦးခိုက်ကြရသည်ကိုလည်း မြင်ဖူး၏။

သို့ပင်ဖြစ်ပါလျက် သိကြားမင်းသည် ခရီးထွက်သည့်
အခါတိုင်း ရထားပေါ်သို့ မတက်မီ ရထား နံဘေးတွင်
ခြေစုံရပ်လျက် အောက်အရပ် (လူ့ပြည်အရပ်)သို့
ဦးညွတ် ရှိခိုးသည်ကို တွေ့ရ၏။

လောကပါလ နတ်ခေါ် စတုမဟာရာဇ် နတ်မင်းကြီး
လေးပါးတို့မှအစထားပြီး နတ်ဒေဝတာ အပေါင်းတို့၏
ဦးခေါင်းညွတ်ကျိုး ရှိခိုးခြင်းကို ခံရသော သိကြားမင်းက
ဘယ်သူ့ကိုများ ရှိခိုးလေသနည်း။ ငါတို့အရှင်
သိကြားမင်းက ရှိခိုးရမည့်သူ ရှိသေးသလော့။
အ့ံသြစရာကောင်းလေစွ။

မာတလိ၏ အတွေးတွင် သူ၏အရှင်သခင်
သိကြားမင်းသည် နတ်အပေါင်းတို့၏ အရှင်သခင်
ဖြစ်သည်။ နတ်ဘုရင် မင်းတရားကြီး ဖြစ်သည်။
ဘုန်းတန်ခိုး တေဇောလည်း အကြီးမားဆုံးဖြစ်သည်။
အားလုံးသော နတ်အပေါင်းတို့ကသာလျှင်
သိကြားမင်းကို ရှိခိုးဦးတိုက်ကြရသည်။
သိကြားမင်းက ရှိခိုးရသူ မရှိ။
သိကြားမင်း ရှိခိုးခံရမည့်သူ မရှိနိုင်။
သိကြားမင်းထက် ကြီးသူ မရှိနိုင်။

သို့ပါလျက်နှင့် သိကြားမင်းက တရိုတသေ ရှိခိုးနေ၏။
တလေးတစား ညွတ်တွားနေ၏။
“ဘယ်သူ့ကိုများ ရှိခိုးလေသနည်း”
ငါသိကြားမင်းကို မေးလျှောက်ကြည့်ဦးမည်ဟု
စိတ်အကြံဖြစ်သော်လည်း မေးရန် သင့်မသင့်။
မေးလိုက်လျှင် ငါ့ကိုများ အမျက်မာန်ရှလေမလား။
စဉ်းစားရင်ချင့်ချိန်ရင်းနှင့်ပင် အချိန်တွေ
ကုန်လွန်လာခဲ့သည်။

“ယနေ့တော့ ဒီကိစ္စကို ငါမေးဖြစ်အောင် မေးမည်”
မာတလိ နတ်သားသည် သိကြားမင်း အလာကို
စောင့်ကြိုနေလေ၏။

မကြာပါ။ မာတလိ မျှော်လင့်နေချိန်မှာပင်
အရှင်သိကြားမင်းသည် ပြာသာဒ်ပေါ်မှ
ဆင်းသက်လာလေသည်။ ရထားနံဘေးသို့
ရောက်သောအခါ ပြုမူနေကျအတိုင်း ရထားပေါ်သို့
မတက်မီ ခြေစုံရပ်ပြီး ရှိခိုးလေ၏။ ရှိခိုးပြီးနောက်
သိကြားမင်းသည် ရထား ထွက်ခွာရန် မာတလိကို
လှည့်ကြည့်လိုက်သည်။

အသင့်စောင့်နေသော မာတလိသည် သိကြားမင်းကို
လက်အုပ်ချီကာ မေးမြန်း လျှောက်တင်ပါ
လေတော့သတည်း။

“အရှင်သိကြားမင်း အကျွနု်ပ်မေးပါရစေ။
မေးခွင့်ပြုပါ”
“အရှင်သိကြားမင်းကို ဗေဒင်သုံးပုံကို ဆောင်သော
ဗြဟ္မဏတို့ကလည်းကောင်း၊ မြေပေါ်နေသူ
အပေါင်းတို့ကလည်းကောင်း၊ မင်းစိုးရာဇာတို့က
လည်းကောင်း၊ နတ်မင်းကြီး လေးယောက်တို့က
လည်ကောင်း များသော အခြံအရံ ရှိကြသော
တာဝတိံသာ နတ်တို့ကလည်းကောင်း ရှိခိုးကြကုန်၏။

အရှင်သိကြားမင်း၊ အရှင်သိကြားမင်းသည် ဤကဲ့သို့
လူမင်း၊ နတ်မင်း၊ အပေါင်းတို့၏ ဦးခေါင်းညွတ်ကျိုး
ရှိခိုးခြင်းကို ခံယူရသည်ဖြစ်ပါလျက်
အရှင်သိကြားမင်းက ရှိခိုးရသောသူ ရှိပါသေးသလား၊
ရှိပါသေးက အဘယ်နတ်မင်းပါနည်း”။

မာတလိ၏ သိလိုရေးကြောင့် မေးမြန်းလာချက်ကို
သိကြားမင်းက ကောင်းစွာ ဖြေကြားပေး၏။

“မာတလိ ဗေဒင် သုံးပုံတတ်သော ပုဏ္ဏား၊
မြေ၌နေသူများ၊ မင်းစိုးရာဇာများ၊ နတ်မင်းကြီးများ၊
တာဝတိံသာ နတ်သားများက ငါ့ကိုရှိခိုးကြသည်
မှန်ပါ၏။ ငါရှိခိုးသည်ကား -
❖-သီလနှင့်ပြည့်စုံသော သီလဝန္တပုဂ္ဂိုလ်၊
❖-တည်ကြည်သော သမာဓိ တရားနှင့်ပြည့်စုံသူ၊
❖-မြင့်မြတ်သော အကျင့်သိက္ခာရှိသူ ရဟန်းတော်များကို
ရှိခိုးခြင်းဖြစ်၏။ (သိကြားမင်းသည် ရတနာသုံးပါးကို
အမြဲဆည်းကပ် ကိုးကွယ်သော သမ္မာဒိဋ္ဌိ အယူရှိသူ
ဖြစ်ကြောင်း ထင်ရှား၏။ သင်တို့လည်း ရတနာသုံးပါးကို
မမေ့ကြနှင့် ဟု သတိပေးရာ ရောက်ပါ၏။)

သိကြားမင်း၏ အကျယ်တဝင့်ဖြေကြားချက်ကို
သိရသောအခါ မာတလိနတ်သားသည် သိကြားမင်း
အောက်သို့ ငုံ့၍ရှိခိုးခြင်း အကြောင်းအရာကို
ထင်လင်းစွာ၊ အမြင်ရှင်းစွာ သေသေချာချာ
သိသွားလေတော့သည်။ မာတလိ နတ်သားသည်လည်း
အရှင်သိကြားမင်း၏ ကောင်းမွန်သော အလေ့အထများကို
အတုယူကာ ထိုကဲ့သို့ ကျင့်ဝတ်သိက္ခာ၊ ကောင်းမှု
ကုသိုလ်များနှင့် ပြည့်စုံကြသူများကို သူလည်း
ရှိခိုးပါကြောင်း ကောင်းစွာ လျှောက်တင်လိုက်သည်မှာ-

“အရှင်သိကြားမင်း၊ အရှင်သိကြားမင်းသည်
မြင့်မြတ်သူများရှိခိုးသကဲ့သို့ အကျွနု်ပ် မာတလိ
နတ်သားကလည်း အရှင်သိကြားမင်းကဲ့သို့
ရှိခိုးပါ၏။ ဦးညွတ်ပါ၏။ အရိုအသေပြုပါ၏။”
ဟူသတည်း။

မာတလိလည်း သိကြားမင်းနှင့်ပတ်သက်သော
သူသိချင်သော ကိစ္စကို သိရပေပြီ။ သိကြားမင်းလည်း
မာတလိ၏ မေးခွန်းကို ဖြေဆိုပြီးလေပြီ။ ထို့နောက်တွင်
သိကြားမင်းသည် အာဇာနည်း မြင်းပေါင်း
တစ်ထောင်က,သော နတ်ရထားကြီးကို စီးကာ
မိုးကောင်းကင် တိမ်ယံကြားတွင် ရှေ့လျား သွားလာ
ပျောက်ကွယ်သွားပါတော့သည်။ ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
【ကိုးကားမှု-သံယုတ္တနိကာယ်၊ သက္ကသံယုတ်ပါဠိတော်】
-【သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဇနိန္ဒသာရ-မုံရွာနေဇာ】
Posted by
www.facebook.com/youngbuddhistassociation.mm
[“လွတ်လပ်စွာ Share နိုင်ပါသည်။
ပေ့ချ်များအနေနဲ့ share မယ်ဆိုရင်
စာရေးသူ ဆရာတော်၊ စာရေးသူ လူပုဂ္ဂိုလ်အမည်နဲ့
စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association ကို
credit လေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။”]