“ကထိန်စစ်စစ် ဖြစ်ရဲ့လား”
•••••••••••••••••••••••
အရှင်ဘုရား ....
ရဟန်းတော်ကိုယ်တိုင် လှူတဲ့ သင်္ကန်း နဲ့ ကထိန်
ခင်းကောင်းပါသလား။ကထိန်ခင်းခဲ့ရင်ရော ကထိန်
အထမြောက်ပါသလား။ (မသင်းမဒီ၊ ပြည်မြို့။)

ဒကာမလေး မသင်းမဒီ ...
“ကထိန်ခင်းတယ်”လို့ ပြောလိုက်ရင်
ကထိန်ခင်းတဲ့အလုပ်ကို လူဝတ်ကြောင်
ဒကာ၊ဒကာမတွေက လုပ်ကြတယ်လို့ လူအများက
ထင်နေကြပါတယ်။ တကယ်တော့ ကထိန်းခင်းတဲ့အလုပ်ဟာ
လူဝတ်ကြောင် ဒကာဒကာမတွေရဲ့ အလုပ်မဟုတ်ပါဘူး။
ရဟန်းတော်တွေရဲ့ အလုပ်ပါ။ ရဟန်းတော်တွေကပဲ
ကထိန်ခင်းကြတာပါ။
ဒါပေမယ့် ရဟန်းတော်တွေ ကထိန်ခင်းမယ့် သင်္ကန်းကို
အများအားဖြင့် လူဝတ်ကြောင် ဒကာ၊ဒကာမတွေကပဲ
လှူဒါန်းကြပါတယ်။ ကထိန်ခင်းမယ့် သင်္ကန်းလှူဒါန်းတာကိုပဲ
ကထိန်ခင်းတယ်လို့ တင်စားပြီးပြောကြရင်းက
ကထိန်သင်္ကန်းလှူတဲ့သူတွေကို ကထိန်ခင်းတဲ့သူတွေလို့
ခေါ်ဝေါ်နေကြတာပါ။ အမှန်က လူဝတ်ကြောင်
ဒကာ၊ဒကာမတွေဟာ ကထိန်ခင်းတဲ့သူတွေ မဟုတ်ပါဘူး။
ကထိန်သင်္ကန်းလှူတဲ့သူတွေပါ။

ကထိန်သင်္ကန်းကို လူဝတ်ကြောင် ဒကာ၊ဒကာမတွေပဲ
လှူခွင့်ရှိတာ မဟုတ်ပါဘူး။
●ရဟန်းသာမဏေတွေလည်း လှူခွင့်ရှိပါတယ်။
●သီလရှင်တွေလည်း လှူခွင့်ရှိပါတယ်။
●လူသားတွေတွင် လှူခွင့်ရှိတာ မဟုတ်ပါဘူး။
●နတ်တွေလည်း လှူခွင့်ရှိပါတယ်။
●ဗြဟ္မာတွေလည်း လှူခွင့်ရှိပါတယ်။
●နဂါးဂဠုန်တွေလည်း လှူခွင့်ရှိပါတယ်။
ကျမ်းဂန်မှာ ကထိန်သင်္ကန်း လှူခွင့်ရှိသူကို
“လူရယ်၊ နတ်ရယ်၊ သီတင်းသုံးဖေါ်(၅)ဦးရယ်”လို့
ပုဂ္ဂိုလ်(၇)မျိုး တိုက်ရိုက်ပြထားပါတယ်။
သီတင်းသုံးဖေါ်(၅)ဦးဆိုတာ “ရဟန်း၊ ရဟန်းမ၊
သာမဏေ၊ သာမဏေနဲ့ သိက္ခမာန်”တို့ပါပဲ။
သိက္ခမာန်ဆိုတာ ဘိက္ခုနီမ(ရဟန်းမ) မဝတ်မီ
သိက္ခာပုဒ်(၆)ပါးကို (၂)နှစ်တိတိ ကျင့်ရတဲ့
“သာမဏေ တစ်မျိုး” ကို ခေါ်တာပါ။
ပဓာနနည်းအားဖြင့် တိုက်ရိုက်ပြထားတဲ့ ပုဂ္ဂိုလ်(၇)မျိုးထဲမှာ
နဂါး၊ ဂဠုန်စတဲ့ တိုက်ရိုက်ပြမထားတဲ့ တခြားပုဂ္ဂိုလ်တွေလည်း
အကျုံးဝင်ပါတယ်။ အသိဉာဏ်ရှိသူ မည်သူမဆို
ကထိန်သင်္ကန်း လှူခွင့်ရှိပါတယ်။

ရဟန်းတော်တွေကို ကထိန်သင်္ကန်း
လှူခွင့်ရှိသူများစာရင်းမှာ တိုက်ရိုက်ပြထားတဲ့အတွက်
ရဟန်းတော် ကိုယ်တိုင် လှူတဲ့သင်္ကန်းနဲ့ ကထိန်
ခင်းကောင်းပါတယ်။ ကထိန်ခင်းခဲ့ရင်လည်း ကထိန်
အထမြောက်ပါတယ်။ ဒါပေမဲ့ . . . ရဟန်းတော်ကိုယ်တိုင်
“အလှူခံတဲ့ သင်္ကန်း” နဲ့တော့ ကထိန်မခင်းကောင်းပါဘူး။
ကထိန်ခင်းခဲ့ရင်လည်း ကထိန်အထ မမြောက်ပါဘူး။
ကထိန်တစ်ခု အထမြောက်ဖို့အတွက် ကထိန်သင်္ကန်း
လှူတဲ့သူ ဘယ်သူလဲဆိုတဲ့အချက်က အဓိက မကျပါဘူး။
လှူတဲ့ ကထိန်သင်္ကန်း “ဘယ်လိုသင်္ကန်းလဲ”ဆိုတဲ့
အချက်က အဓိကကျပါတယ်။
ကထိန်တစ်ခု အထမြောက်ဖို့အတွက် ...
လှူတဲ့ ကထိန်သင်္ကန်းဟာ….
●(၁) မိုးကျသင်္ကန်းလည်း ဖြစ်ရပါမယ်။
●(၂) မသိုးသင်္ကန်းလည်း ဖြစ်ရပါမယ်။
●(၃) သံဃိကသင်္ကန်းလည်း ဖြစ်ရပါမယ်။
သင်္ကန်းသုံးထည် ဖြစ်ရမယ်လို့ဆိုလိုတာ မဟုတ်ပါဘူး။
သင်္ကန်းတစ်ထည်တည်းကပဲ
(၁) “မိုးကျ”ဖြစ်ခြင်း၊ (၂) “မသိုး”ဖြစ်ခြင်း၊
(၃) “သံဃိက”ဖြစ်ခြင်းဆိုတဲ့ အရည်အသွေး(၃)မျိုးနဲ့
ပြည့်စုံရမယ်လို့ ဆိုလိုတာပါ။

(၁)။ကထိန်သင်္ကန်းဟာ “မိုးကျ သင်္ကန်း” ဖြစ်ရပါမယ်။
မိုးရေမိုးပေါက်တွေဟာ ဘယ်သူ့ရဲ့ တိုက်တွန်းလှုံ့ဆော်မှုမှ
မပါဘဲ မိုးကောင်းကင်အပေါ်ကနေ အလိုအလျောက်ကျလာသလို၊
ကထိန်သင်္ကန်းဟာလည်း ကထိန်ခင်းကျောင်းတိုက်က
ရဟန်းတော်တွေထဲက ဘယ်ရဟန်းတော်ရဲ့ တိုက်တွန်း
လှုံ့ဆော်မှုမှ မပါဘဲ အလှူရှင်က သူ့သဒ္ဓါတရားနဲ့သူ
အလိုအလျောက် လာလှူတဲ့ သင်္ကန်း ဖြစ်ရပါမယ်။

ကိုယ် လုံးဝမတိုက်တွန်းဘဲ သူ့အလိုအလျောက်
ရတဲ့သင်္ကန်း၊ ကိုယ်လုံးဝ အလှူမခံဘဲ သူ့အလိုအလျောက်
လာလှူတဲ့ သင်္ကန်းကို မိုးပေါ်က ရုတ်တရက်ကျလာတဲ့
အရာဝတ္ထုနဲ့တူလို့ မိုးကျသင်္ကန်း (မိုးပေါ်ကျသင်္ကန်း)
လို့ ခေါ်ပါတယ်။ရဟန်းတော်တွေဟာ
“မိခင်ရင်း၊ ဖခင်ရင်း” ဆီကတောင်မှ
ကထိန်သင်္ကန်း အလှူမခံ ကောင်းပါဘူး။
ရဟန်းတော်ကိုယ်တိုင် မိခင်ရင်း၊ဖခင်ရင်းဆီက
အလှူခံလို့ ရလာတဲ့ သင်္ကန်းနဲ့ ကထိန်ခင်းရင်လည်း
ကထိန် အထမမြောက်ပါဘူး။

ရဟန်းတော်က မိဘကျေးဇူး အထူးဆပ်ချင်လို့ဆိုပြီး
ထူးခြားတဲ့ ကထိန်အလှူကုသိုလ်ကြီး မိဘနှစ်ပါးရစေချင်တဲ့
စိတ်နဲ့ မိဘကို ကထိန် အကြောင်းတွေ ပြောပြပြီး
တိုက်ရိုက်နည်းနဲ့ဖြစ်ဖြစ်၊ သွယ်ဝိုက်တဲ့နည်းနဲ့ဖြစ်ဖြစ်
ကထိန်သင်္ကန်း အလှူခိုင်းတယ်ဆိုရင် အဲဒီသင်္ကန်းနဲ့
ကထိန်ခင်းပေမယ့် ကထိန်အထမမြောက်တော့တဲ့အတွက်
မိဘကျေးဇူးလည်း အထူးဆပ်ရာမရောက်တော့ပါဘူး။
မိဘနှစ်ပါးလည်း ထူးခြားတဲ့ ကထိန်အလှူကုသိုလ်ကြီး
မရတော့ပါဘူး။

ကိုယ်ဝါဆို တဲ့ ကျောင်းတိုက်ရဲ့ ကထိန်အတွက်
အလှူမခံကောင်းဘူးလို့ပြောတာပါ။ တခြားကျောင်းတိုက်ရဲ့
ကထိန်အတွက်တော့ လှူဖို့ တိုက်တွန်းကောင်းပါတယ်။
တိုက်တွန်းလို့ရပါတယ်။ လိုအပ်ရင် တိုက်တွန်းရမှာပါပဲ။
ကထိန်သင်္ကန်း လှူခွင့်ရှိသူတွေထဲမှာ ရဟန်းတော်တွေလည်း
ပါတဲ့အတွက် ရဟန်းတစ်ပါးပါးက ဦးစီးဦးဆောင်ပြုပြီး ၊
တပည့်ဒကာ ဒကာမတွေနဲ့ တခြားကျောင်းတိုက်
တစ်ခုခုမှာ ကထိန်သွားခင်းတာကတော့ ရပါတယ်။
ဒါပေမဲ့ ကထိန်ခင်းမယ့်ကျောင်းတိုက်က ရဟန်းတော်တွေ
ကိုယ်တိုင်ကတော့ ကိုယ့်ကျောင်းကထိန်အတွက်
ဘယ်သူ့ကိုမှ ကထိန်သင်္ကန်းလှူဖို့ မတိုက်တွန်းကောင်းပါဘူး။
“ဒီနှစ် ကထိန် ဘယ်ရက်လဲ”၊“ဒီနှစ်လည်း ဘုံကထိန်ပဲလား”
“ဒီနှစ် ဉတ်သင်္ကန်း လှူဖို့ ပြောထားတဲ့သူမရှိသေးဘူး”
“ကထိန်ရာသီတော့ ရောက်လာပြန်ပြီနော် . . .”
စသည် စသည်အားဖြင့် …ဘယ်လို အရိပ်နိမိတ်မျိုး
ပြပြီးတော့ပဲဖြစ်ဖြစ်၊ ဘယ်လိုပရိယာယ်စကားမျိုး
ပြောပြီးတော့ပဲဖြစ်ဖြစ်၊ ကထိန်ခံ ရဟန်းတော်တွေ
ကိုယ်တိုင် ကထိန် သင်္ကန်း အလှူမခံကောင်းပါဘူး။
ကထိန်ခင်းမယ့် ဒကာဒကာမတွေဘက်က
ကထိန်နဲ့ပတ်သက်လို့ ဘာစကားမှမစ,ရသေးဘဲနဲ့
ကျောင်းတိုက်ရဟန်းတော်ထဲက တစ်ပါးပါးက
ကထိန်အကြောင်းမစမိအောင် အထူးသတိပြုရပါမယ်။
ဒကာဒကာမတွေက ဘာမှမလျှောက်ရသေးဘဲနဲ့
“ဒီနှစ်ကထိန်ဘယ်ရက်လဲ” လို့ ကိုယ့်ဘက်ကစမမေးသင့်သလို၊
“ဒီနှစ်တော့ ဒီရက်မှာကထိန်ခင်းရင် အဆင်ပြေမယ်”ထင်တယ်လို့
ကိုယ်က စပြီး ကထိန်ရက် သတ်မှတ်ပေးမျိုးလည်း လုံးဝ
မပြုလုပ်သင့်ပါဘူး။

ကထိန်သင်္ကန်းဟာ “ အတိဥက္ကဋ္ဌ = အလွန်
မြင့်မြတ်တဲ့သင်္ကန်း” ဖြစ်ရမယ်တဲ့...။
“အလွန်မြင့်မြတ်တဲ့ သင်္ကန်း”ဆိုတာ တောင်းရမ်းမှု၊
တိုက်တွန်းမှုမပါဘဲ အလိုအလျောက်ရတဲ့သင်္ကန်းကို ပြောတာပါ။
တောင်းရမ်းခြင်း၊ တိုက်တွန်းခြင်းဆိုတဲ့ အပြစ်လုံးဝကင်းပြီး၊
အလွန့်အလွန် သန့်ရှင်းစင်ကြယ်တဲ့ သင်္ကန်းကို
“မိုးကျသင်္ကန်း”လို့ ခေါ်ပါတယ်။
ကိုယ့်ကျောင်းကို ဘယ်နေ့၊ဘယ်ရက်မှာ
ဘယ်သူ ကထိန်လာခင်းမယ်ဆိုတာ လုံးဝကြိုမသိဘဲ
ကြိုတင် အသိပေးမထားဘဲ ၊လာလှူတဲ့သင်္ကန်း၊
မမျှော်လင့်ဘဲ ရုတ်တရက် ရောက်လာတဲ့
သင်္ကန်းဟာ “မိုးကျသင်္ကန်း” အစစ်ဆုံးပါပဲ။
“မတောင်းဘဲရမှ အတိဥက္ကဋ္ဌ (အလွန်မြင့်မြတ်တယ်)”
ဆိုတာကိုကြည့်ပြီး ... ဘယ်ပစ္စည်း လာဘ်လာဘမဆို ၊
ဘယ်ရာထူးဋ္ဌာနန္တရမဆို ကိုယ်ကမတောင်းရဘဲ
အလိုအလျောက်ရမှ ပိုတန်ဖိုးရှိတယ်။
ပိုသန့်ရှင်းစင်ကြယ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။
“မရှာဘဲတွေ့မှအချစ်၊ မရှာဘဲရမှ ဘုန်းကံ”ဆိုတဲ့ သဘောပါပဲ။

(၂) ကထိန်သင်္ကန်းဟာ “မသိုးသင်္ကန်း”ဖြစ်ရပါမယ်။
သန့်ရှင်းလတ်ဆတ်တဲ့ ထမင်းကောင်း၊ ဟင်းကောင်း
(မသိုးထမင်း၊ မသိုးဟင်း) ဆိုတာ ချက်ပြီး တစ်ရက်မှ
မကူးသေးတဲ့၊ ဒီနေ့မှ ချက်ထားတဲ့ ထမင်းဟင်းဖြစ်ရသလို
ကထိန်သင်္ကန်းဟာလည်း လှူပြီး တစ်ရက်မှ မကူးသေးတဲ့၊
ဒီနေ့ လှူထားတဲ့ သင်္ကန်းဖြစ်ရပါမယ်။
ချက်ပြီး တစ်ရက်ကျော်သွားတဲ့ ထမင်းဟင်း၊
နေ့ကူးသွားတဲ့ ထမင်းဟင်းကို တကယ်သိုးသိုး
မသိုးသိုး ထမင်းသိုး၊ ဟင်းသိုးလို့ပဲ ခေါ်ပါတယ်။
အအေးခန်းထဲ၊ ရေခဲ သေတ္တာထဲ ထည့်ထားလို့
ချက်ချင်း သိုးမသွားသေးလည်း နာမည်ကတော့
“ထမင်းသိုး၊ ဟင်းသိုး” ပါပဲ။
လှူပြီး တစ်ရက်ကျော်သွားတဲ့ သင်္ကန်း၊ နေ့ကူးသွားတဲ့
သင်္ကန်းကို “သင်္ကန်းသိုး”လို့ ခေါ်ပါတယ်။
အဲဒီလို သင်္ကန်းသိုးနဲ့ လုံးဝ ကထိန်ခင်းလို့ မရပါဘူး။
ကထိန်ခင်းလည်း ကထိန် အထမမြောက်ပါဘူး။
(တစ်ရက်မက ကျော်သွားရင်တော့ အထူး
ပြောစရာတောင် မလိုတော့ပါဘူး။)
လှူပြီးတစ်ရက်မှ မကျော်သေးတဲ့ သင်္ကန်း၊
နေ့မကူးသေးတဲ့ သင်္ကန်း၊ ဒီနေ့မှ လာလှူတဲ့သင်္ကန်းကို
“မသိုးသင်္ကန်း”လို့ ခေါ်ပါတယ်။
မသိုးသင်္ကန်းနဲ့ခင်းမှ ကထိန်အထမြောက်ပါတယ်။

ရဟန်းတော်တွေဟာ ကထိန်သင်္ကန်း ဒီနေ့ရရင် ဒီနေ့ပဲ
ကထိန်ခင်းရပါတယ်။ အလုပ်မအားလို့၊ အဆင်မပြေသေးလို့
ဆိုပြီး နောက်နေ့မှ ကထိန်ခင်းလို့ မရပါဘူး။
ကထိန်သင်္ကန်း အလှူခံပြီးတဲ့နေ့ရဲ့ နောက်တစ်နေ့
အရုဏ်မတက်ခင်မှာပဲ ကထိန်ခင်းခြင်းကိစ္စ
ပြီးစီးအောင် ဆောင်ရွက်ရပါတယ်။
ကထိန်သင်္ကန်း အလှူခံပြီးတာနဲ့ ချက်ချင်း
ကထိန်ခင်းရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။
နောက်တစ်နေ့ အရုဏ်မတက်မချင်း
ဘယ်အချိန်မှာမဆို ကထိန်ခင်းလို့ရပါတယ်။

■“ကထိန်သင်္ကန်းဟာ နေ့မကူးတဲ့ မသိုးသင်္ကန်းဖြစ်ရမယ်”
ဆိုတာကိုကြည့်ပြီး တချို့က ကထိန်ရက်မတိုင်ခင်
ကထိန်သင်္ကန်းကို ကျောင်းမှာ သွားမထားကောင်းဘူးလို့
ယူဆနေကြပါတယ်။ လမ်းခရီး ကြုံနေရင်တောင်မှ
ကထိန်သင်္ကန်းကိုင်လျက်တန်းလန်းကြီးနဲ့
ကျောင်းတိုက်ထဲကနေ ဖြတ်မသွားကောင်းဘူးလို့တောင်
ထင်နေကြပါတယ်။ မဟုတ်ပါဘူး။
■ကထိန် သင်္ကန်းကိုရော၊ ကထိန်ရံ သင်္ကန်းတွေကိုရော ၊
ကထိန်ရက်မတိုင်ခင် ကျောင်းမှာ သွားထားလို့ရပါတယ်။
■ဒါပေမယ့် ကထိန်သင်္ကန်းအဖြစ် နဲ့တော့
အပြီးလှူမပစ်ခဲ့ရပါဘူး။ ခေတ္တခဏ အပ်ရုံပဲ
အပ်နှံထားခဲ့ရမှာပါ။ ကျောင်းမှာ သွားထားရုံပဲ
ထားပြီး မလှူသေးရင် သင်္ကန်းတွေကို သံဃာက
မပိုင်သေးပါဘူး။အလှူရှင်တွေကပဲ ပိုင်ပါတယ်။
■ကထိန်သင်္ကန်းအဖြစ်နဲ့ အပြီးအပိုင် နှုတ်မြွက်ပြီး
လှူပစ်ခဲ့ရင် တကယ်ကထိန်ခင်းမယ့်ရက်အထိ
စောင့်နေလို့မရတော့ပါဘူး။ အဲဒီနေ့မှာပဲ ချက်ချင်း
ကထိန်ခင်းလိုက်ရပါမယ်။ နေ့ကူးသွားရင် “သင်္ကန်သိုး”
ဖြစ်သွားတဲ့အတွက် ကထိန်ခင်းလို့ မရတော့ပါဘူး။
အဲဒီကျောင်းတိုက် အဲဒီနှစ် အတွက် ပြီးပါပြီ။
ကထိန်ခင်းလို့ လုံးဝမရတော့ပါဘူး။
တနှစ်မှာတစ်လ၊ တစ်လမှာ တစ်ရက်၊ တစ်ရက်မှာ တစ်ကြိမ်ပဲ
ကထိန်သင်္ကန်း လှူခွင့်ရှိတာဆိုတော့ နောက်ထပ်လည်း
ကထိန်သင်္ကန်း အလှူခံလို့မရတော့ပါဘူး။
တချို့က ကထိန်ရက်မှာ မအားလို့၊ မလာနိုင်လို့ဆိုပြီး
ကထိန်မတိုင်ခင် ရက်ခပ်စောစောကတည်းက
ကထိန်သင်္ကန်းကို ကြိုလှူထားချင်ကြပါတယ်။
အဲဒီလို ကြိုလှူထားလို့ မရပါဘူး။
သက်ဆိုင်ရာ ကျောင်းတိုက် သံဃာကလည်း
ကြိုအလှူခံထားလို့ လုံးဝမရပါဘူး။
ကြိုလှူထားတဲ့ သင်္ကန်းနဲ့ ကထိန်ခင်းရင် အဲဒီကထိန်ဟာ
“ကထိန်အတု၊ ကထိန်အင်” ပဲ ဖြစ်ပါလိမ့်မယ်။

တချို့က အရုဏ်မတက်ခင် (ကျီးမနိုးခင်) ကထိန်သင်္ကန်း
လှူတဲ့ “ကျီးမနိုးကထိန်”က ပိုမြတ်တယ်လို့
ယူဆပြီး ၊အရုဏ်မတက်ခင် (ကျီးမနိုးခင်)
ကထိန်သင်္ကန်း လှူဒါန်းတတ်ကြပါတယ်။
အရုဏ်မတက်ခင် ကထိန်သင်္ကန်းလှူလိုက်ရင်
အရုဏ်မတက်ခင်ဘဲ ကထိန်ခင်းရပါတယ်။
အရုဏ်တက်ပြီးသွားမှ ကထိန်ခင်းရင် သင်္ကန်းသိုးသွားလို့
ကထိန်အထမမြောက်ပါဘူး။ အရုဏ်တက်တာနဲ့ တစ်ပြိုင်နက်
နောက်တစ်ရက် ကူးသွားပါပြီ၊ အရုဏ်အမီ ကထိန်ခင်းဖို့
အချိန်မလုံလောက်တဲ့အတွက် အဲဒီလို လှူတာမျိုး လုံးဝ
ရှောင်ကြဉ်သင့်ပါတယ်။

(၃) ကထိန်သင်္ကန်းဟာ “သံဃိကသင်္ကန်း” ဖြစ်ရပါမယ်။
ရဟန်းတစ်ပါးပါးကို လှူဒါန်းထားလို့ အဲဒီရဟန်းတစ်ပါးတည်းကပဲ
ပိုင်ဆိုင်တဲ့ ပုဂ္ဂလိကသင်္ကန်းနဲ့ ကထိန်ခင်းလို့ မရပါဘူး။
သံဃာအားလုံးကို လှူဒါန်းထားလို့ သံဃာအားလုံး
ပိုင်ဆိုင်တဲ့ သံဃိကသင်္ကန်းနဲ့ပဲ ကထိန်ခင်းလို့ရပါတယ်။
သံဃာအများပိုင်ဆိုင်တဲ့ “သံဃိကသင်္ကန်း” နဲ့ပဲ
ကထိန်ခင်းခွင့်ရှိပါတယ်။မိမိကြည်ညိုတဲ့ ဘုန်းကြီးတစ်ပါးပါး၊
ဆရာတော် တစ်ပါးပါးကို ဒီဆရာတော်ကြီး ငါကြည်ညိုလို့
ကထိန်သင်္ကန်း လှူလိုက်ဦးမယ် ဆိုပြီးတော့
“ဆရာတော်ကို တပည့်တော် ကထိန်သင်္ကန်း လှူပါတယ်ဘုရား”၊
“ဘုန်းကြီးကို ကထိန်သင်္ကန်းလှူပါတယ် ဘုရား”လို့
မိမိကြည်ညိုတဲ့ ရဟန်းတော် တစ်ပါးပါးကို ပုဂ္ဂလိကအနေနဲ့
ကထိန်သင်္ကန်း လှူဒါန်းခွင့် မရှိပါဘူး။