ဘုန်းကြီးတို့ ပဋ္ဌာန်း ၂၄-ပစ္စည်းမှာ ဥပနိဿယ
ပစ္စယော လို့ဟောထားတာ ရှိတယ်။
ကုသိုလ်ကလည်း အကုသိုလ်ကို ဖြစ်စေတယ်။
အကုသိုလ်ကလည်း ကုသိုလ်ကို ဖြစ်စေတယ်။
ဖြစ်စေတယ်ဆိုတာ အကြောင်းပြုတာကို ပြောတာ။
ကုသိုလ်ကို အကြောင်းပြုပြီး အကုသိုလ်ဖြစ်တယ်။
အကုသိုလ်ကို အကြောင်းပြုပြီးတော့လည်း
ကုသိုလ်ဖြစ်တယ်။ အကုသိုလ်ကို အကြောင်းပြုပြီး
တော့လည်း ကုသိုလ်ဖြစ်တယ်။
အကုသိုလ်ကို အကြောင်းပြုပြီး ကုသိုလ်ဖြစ်ရင်
ကောင်းတယ်။

❖ဘာကို အကြောင်းပြုပြီးဖြစ်ဖြစ် ကုသိုလ်ဖြစ်တာ
ကောင်းတယ်။ ဥပမာ - ဒေါသဖြစ်ပြီး ကိုယ့်စိတ်
ကိုယ် မထိန်းနိုင် မသိမ်းနိုင်ဖြစ်ပြီး သတိရလာရင်
ဒေါသဟာ မကောင်းပါလားလို့ ပြန်တွေးလာမယ်။
ဒေါသကို ပြန်တွေးပြီး ဒေါသမဖြစ်အောင် ထိန်းမှပဲ
လို့ ကုသိုလ်စိတ်ဖြစ်သွားတယ်။

❖ဒေါသကတော့ အကုသိုလ်စိတ်ပဲ။
အဲဒါကတော့ အကုသိုလ်ကို အကြောင်းပြုပြီးတော့
ကုသိုလ်ဖြစ်တယ်လို့ ပြောတာ။ အကြမ်းဖျဉ်းပေါ့။

❖ကုသိုလ်ကို အကြောင်းပြုပြီးတော့ အကုသိုလ်ဖြစ်တာ
ရှိတယ်။ ဒါနကောင်းမှုလုပ်ပြီးတော့
“အော် လှူမိတာ ငါမှားလိုက်လေခြင်း”လို့ စိတ်ဖြစ်တယ်။
“ဒါန” က ကုသိုလ်၊
“လှူမိတာ ငါမှားလိုက်လေခြင်း”ဆိုတာက အကုသိုလ်။
ကုသိုလ်ကို အကြောင်းပြုပြီးတော့လည်း အကုသိုလ်
ဖြစ်တယ်။

အကုသိုလ်ကို အကြောင်းပြုပြီးတော့လည်း
ကုသိုလ်ဖြစ်တယ်။သို့သော် ဘုန်းကြီးတို့တစ်တွေ
မှတ်သားရမှာကတော့ ကုသိုလ်ဖြစ်တာ ကောင်းတယ်။
အကုသိုလ်ဖြစ်တာ ဘာကို အကြောင်းပြုပြီးဖြစ်ဖြစ်
မကောင်းဘူး။

❖တချို့က ကရုဏာဒေါသကို အကောင်းပြောချင်တယ်။
ဘာဒေါသမှ မကောင်းဘူး။ အကျိုးလိုလားလို့
ပြောတဲ့ ဒေါသလည်း မကောင်းဘူး။
အကျိုးလိုလားတာက မေတ္တာစိတ်၊
တစ်ဖက်သားအပေါ်မှာ ငဲ့ညာတယ်၊ ကြင်နာတယ်
ဆိုတာက ကရုဏာ။
အားမလိုအားမရဖြစ်တာက ဒေါသ။
ဒေါသထွက်ရင် မကောင်းဘူးပေါ့။

အဲဒီတော့ ကိုယ့်သန္တာန်မှာ မဖြစ်အောင် ထိန်းရမှာက
ဘာလဲဆိုရင် အကုသိုလ်ပဲ။ အမှန်တရားတစ်ခုပေါ်မှာ
အငြင်းပွားပြီး သူနိုင်ငါရှုံး ငြင်းလာကြပြီဆိုရင်
အကုသိုလ်တွေ ဆက်တိုက်၊ဆက်တိုက် ဖြစ်လာကြတယ်။
မကျေနပ်တဲ့အတိုင်းအတာအလိုက် အကုသိုလ်တွေ
ဖြစ်လာတယ်။အသိုင်းအဝိုင်းနဲ့ဖြစ်လာတယ်။
အဲဒီလို အငြင်းပွားလာကြပြီဆိုရင် သူ့ဘက်၊
ကိုယ့်ဘက် ဆိုတာမျိုးတွေ ဖြစ်လာကြတယ်။
ဒါကြောင့်မို့ မြတ်စွာဘုရားက “ဝိဝါဒ”
မတူညီတဲ့အပြောတွေဟာ
“ဘယ”ကြောက်ဖို့ကောင်းတယ်။

ဘာဖြစ်လို့ ကြောက်ဖို့ကောင်းလဲဆိုရင် ပြဿနာတွေ
နောက်က တသီကြီးလိုက်လာလို့ပဲ။
ဒါ့ကြောင့် ဝိဝါဒဆိုတာကို ရှောင်ရမယ်။

“အဝိဝါဒဥ္စ ခေမတော”ဝိဝါဒကင်းပြီဆိုရင်အင်မတန်မှ
ငြိမ်းချမ်းတယ်။ဒါကြောင့်မို့ မြတ်စွာ ဘုရားက
သမဂ္ဂါ -ညီညွှတ်ကြ၊
“သခိလိလာ” -တစ်ဦးနဲ့တစ်ဦး ပြေပြေပြစြ်ပစ်
ဆက်ဆံကြ၊ “သမဂ္ဂါ သခိလာ ဟောထ-
ညီညီညွှတ်ညွှတ် ပြေပြေပြစ်ပြစ် ဆက်ဆံရမယ်လို့
“ဧသော ဗုဒ္ဓါနုသာသနီ” ဒါဟာ ဘုရားသခင်ရဲ့
အဆုံးအမပဲလို့ ဘယ်လောက်ကောင်းတဲ့တရားလဲ။
စဉ်းစားကြည့်ကြပေါ့။

ဘုန်းကြီးတို့တစ်တွေ အငြင်းပွားစရာ ကြုံလာလို့ရှိရင်
မငြင်းကြဖို့ ဒါပါပဲလေ။ အငြင်းပွားစရာကတော့
မကြုံဘဲ မနေဘူး ကြုံလာမှာပဲလေ။
ကိုယ်သိထားတာနဲ့ ကိုယ့်ကို ပြောလာတဲ့
ပုဂ္ဂိုလ်က အမှန်တရားလို့ပြောတာနဲ့ တိုက်ဆိုင်ကြည့်ဖို့
ကိုယ့်မှာ မှတ်ကျောက်ကလေးတော့ ရှိထားသင့်တယ်။
ပြောတဲ့လူကလည်း သူ့ရွှေကို ရွှေအစစ်ပါလို့
ပြောလိမ့်မယ်။ အဲဒီလို ပြောလာလို့ရှိရင်
သူ့စကားကို လက်မခံနဲ့ဦး။ မယုံနဲ့ဦး။

မင်းရွှေကြီးက အတုကြီးပါလို့လည်း မငြင်းနဲ့။
ဘာလုပ်မလဲ? မှတ်ကျောက်ပေါ် တင်ကြည့်လိုက်။
မှတ်ကျောက်ကနေ အဖြေထုတ်ပေးလိမ့်မယ်။
ဟုတ်တယ်မို့လား။ အဲဒီရတဲ့အဖြေအတိုင်းပဲပေါ့။
ရွှေမစစ်ဘူးဆိုရင် လက်မခံနဲ့ပေါ့။
ရွှေစစ်ရင် လက်ခံလိုက်ရုံပေါ့။

အဲဒီသဘောမျိုးပဲ၊ တရားဓမ္မနဲ့ပတ်သက်ပြီးတော့
ခေတ်အဆက်ဆက်မှာ အငြင်းပွားနေကြတာတွေ
ရှိတယ်။ အငြင်းမပွားစေချင်ဘူး။
ဓမ္မနဲ့ပတ်သက်ပြီးတော့ အငြင်းပွားတာ ပိုဆိုးတယ်။
ကုသိုလ်ဖြစ်ရမယ့်အစား အကုသိုလ်ဖြစ်တယ်။
အဓမ္မနဲ့ပတ်သက်ပြီး အငြင်းပွားတာကတော့
နဂိုတတည်းက မကောင်းတာ။

အငြင်းပွားတာဟာ ခုမှရှိတာ မဟုတ်ဘူး။
မြတ်စွာဘုရားလက်ထက်ကတည်းက ရှိတာ။
သာသနာတော်မှာ အယူအဆတွေကွဲလွဲပြီး
အငြင်းပွားခဲ့တာတွေ မြောက်များစွာရှိတယ်။ ။
【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ
အရှင်နန္ဒမာလာဘိဝံသ】