“သမုဒ္ဒရာ ဝမ်းတစ်ထွာ”
•••••••••••••••••••••••••••••
မြန်မာလူမျိုးတွေ ပြောလေ့ ရှိကြတယ်။
ဝမ်းတစ်ထွာအတွက် ဖြည့်တင်းရတဲ့ပမာဏဟာ
ပင်လယ်ကြီးတစ်ခုကို ဖြည့်ရသလိုပဲတဲ့။
ဘယ်တော့မှ မပြည့်နိုင်ဘူး။
ပင်လယ်ကြီးလို ကျယ်ပြန့်တယ်။
ပင်လယ်ကြီးထဲမှာ မြစ်ချောင်းအင်းအိုင်တွေက
ဝင်လာတဲ့ရေတွေနဲ့ ဘယ်လိုပဲ ဖြည့်တင်း ဖြည့်တင်း
ပင်လယ်ကြီးဟာ ပြည့်သွားတယ်လို့ မရှိဘူး။

လူ့ဘဝရောက်လာတဲ့ လူသားတွေအနေနဲ့လည်း
နေ့စဉ်နဲ့အမျှ အစာအာဟာရတွေ စားကြရတယ်။
တစ်ရက်လည်း မပြီးနိုင်၊ နှစ်ရက်လည်း မပြီးနိုင်။
တစ်သက်လုံး ဖြည့်တင်းနေကြရလို့ လူတွေရဲ့
တစ်ထွာတစ်မိုက်လောက်ရှိတဲ့ ဝမ်းဗိုက်လေးဟာ
ပင်လယ်ကြီးလောက် ဖြည့်တင်းရခက်ပါလား
ဆိုတဲ့ အဓိပ္ပာယ်နဲ့ “သမုဒ္ဒရာ ဝမ်းတစ်ထွာ”
လို့ ဆိုကြတာပေါ့။

မြတ်စွာဘုရားက ယခုလို အာဟာရဖြည့်တင်းရမှုတွေနဲ့
ပတ်သက်လာတဲ့အခါမှာ ကမ္မဋ္ဌာန်း-၄၀ ထဲက
နှလုံးသွင်း ဆင်ခြင်ရမယ့် ကမ္မဋ္ဌာန်းတစ်ခုအဖြစ်
“အာဟာရေပဋိကူလသညာ” ကို ဟောခဲ့တယ်။
အစာအာဟာရနဲ့ ပတ်သက်ပြီး စက်ဆုပ်ရွံရှာ
ဖွယ်ကောင်းတဲ့ အခြေအနေတွေကို ရှုမြင်သုံးသပ်ဖို့
အမှတ်သညာတွေ ထားကြဖို့ ဆုံးမသြဝါဒ
ပေးတော်မူခဲ့တာ ဖြစ်တယ်။

အဲဒီထဲမှာလည်း “အာဟာရေပဋိကူလသညာ”
ဆိုတာ “သမုဒ္ဒရာ ဝမ်းတစ်ထွာ”အကြောင်းပါတာပဲ။
ဘယ်တော့မှ မပြည့်နိုင်တဲ့ ဝမ်းဗိုက်တစ်ခုကို
ဖြည့်တင်းဖို့ နေ့စဉ်နဲ့အမျှ လုပ်ကိုင်ဆောင်ရွက်
နေကြတယ်။အဲဒီလုပ်ကိုင် ဆောင်ရွက်နေမှုတွေဟာ
ပြီးနိုင်သလားဆိုတော့ ဘယ်တော့မှ မပြီးဘူး။
ပြည့်စုံသွားပြီလား လို့ဆိုရင် ဘယ်တော့မှလည်း
မပြည့်စုံဘူး။

မိမိတို့ဝမ်းရေး ဖြည့်တင်းမှုအတွက် လူတွေဟာ
နေ့စဉ်နဲ့အမျှ စီးပွားဥစ္စာတွေ ရှာကြရတယ်။
အလုပ်တွေ လုပ်ကြရတယ်။
နှုတ်နဲ့ ပြောပြီး လုပ်တယ်။
ကိုယ်ထိလက်ရောက် လုပ်ကိုင်လှုပ်ရှားပြီးတော့လည်း
စီးပွားဥစ္စာတွေ ရှာဖွေကြတယ်။အဓိက ဘာလဲ
လို့ဆိုရင် ဝမ်းရေးဖြည့်တင်းဖို့ပဲ။
ဒါကို အသက်မွေးဝမ်းကျောင်းလို့ ခေါ်တာပေါ့။

အဲဒီလို အသက်မွေးဝမ်းကျောင်း လုပ်တဲ့အခါမှာ
ကောင်းတဲ့အနေအထားနဲ့ချည်း လုပ်တာ မဟုတ်ဘူး။
မကောင်းတဲ့အနေအထားနဲ့လည်း လုပ်ကြသည့်
အတွက်ကြောင့် သမုဒ္ဒရာဝမ်းတစ်ထွာ ဖြည့်တင်းမှု
အတွက် အကုသိုလ်တွေလည်း ဖြစ်ပွားကြတယ်ပေါ့။
အကုသိုလ်တွေ ဖြစ်ပွားလို့ သံသရာဝဋ်ဆင်းရဲမှာ
နစ်မွန်းကြရတယ်။အဲဒီတော့ သမုဒ္ဒရာဝမ်း
တစ်ထွာကို ဖြည့်ရင်း ဖြည့်ရင်းနဲ့ လူတွေဟာ
သံသရာဝဋ်ဆင်းရဲမှာ နစ်မွန်းပြီးတော့
ဒုက္ခရောက်သွားကြတယ်။ဒီသဘောကိုလည်း
ဆင်ခြင်စဉ်းစားပြီး ကြည့်ဖို့ လိုတယ်။

ဘဝတစ်ခု ရလာလို့ရှိရင်
“သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ”လို့ ဆိုတဲ့
အတိုင်း အစာအာဟာရ မရှိဘူးဆိုရင် ဘဝမှာ
ရပ်တည်နိုင်မှာ မဟုတ်ဘူး။ဘဝရပ်တည်နေရတာ
အဓိကဟာ အစာအာဟာရပဲ ဖြစ်တယ်။
အစာအာဟာရ စားကြရမှ လူ့ခန္ဓာဆိုတာ
တည်တံ့နိုင်တယ်ပေါ့။

ဒါကြောင့်မို့ ဘဝတည်တံ့ရေးအတွက်ဖြစ်တဲ့
အာဟာရကို ရှာဖွေရင်း လူတွေဟာ မကောင်းမှု
အကုသိုလ်တွေကို လုပ်မိရက်သား ဖြစ်သွားကြတယ်။
ဒုစရိုက်တွေ လုပ်ကိုင်ပြီး မိမိတို့ဝမ်းရေးအတွက်
ဖြည့်တင်းပေးကြတယ်။အဲဒါနဲ့ ပတ်သက်ပြီးတော့
မြတ်စွာဘုရားက ဒေသနာတော်တစ်ပုဒ်
ဟောထားတာ ရှိတယ်။

မြတ်စွာဘုရားရဲ့ အဆုံးအမက လောကမှာ
ဖြစ်ပျက်နေမှုတွေနဲ့ အံဝင်ခွင်ကျ ဖြစ်နေတယ်။
ဘုရားက လောကမှာ ဖြစ်ပျက်နေတဲ့ လူတွေရဲ့
အခြေအနေတွေကို ဆင်ခြင်သုံးသပ်ပြီးတော့
သတိပေး ဟောကြားထားတာ ရှိတယ်။
အဲဒီဟောကြားထားတာကို မှတ်သား နာယူကြပြီးတော့
“သမုဒ္ဒရာ ဝမ်းတစ်ထွာ”အတွက်နဲ့ မိမိတို့ကိုယ်တိုင်ဟာ
ဒုစရိုက်လုပ်ငန်းတွေနဲ့ အသက်မမွေးကြဖို့
အင်မတန်မှ အရေးကြီးတယ်လို့ ဒီလို ပြောရမယ်။
ဒုစရိုက်တွေနဲ့ အသက်မွေးမိပြီ ဆိုလို့ရှိရင်တော့
သမုဒ္ဒရာ ဝမ်းတစ်ထွာ အတွက်နဲ့ ဒုက္ခထဲ
နစ်မွန်းသွားကြမှာပဲ။

▬▬▬▬▬▬▬▬
“နှစ်မျိုးနှစ်စား”
▬▬▬▬▬▬▬▬
အဲဒီလို အသက်မွေးတဲ့အခါမှာ အသက်မွေးသူဟာ
နှစ်မျိုးနှစ်စား ဖြစ်ပေါ်လာခဲ့တယ်။

မြတ်စွာဘုရားရဲ့ ဒေသနာတော်အရ ပြောရမယ်ဆိုရင်-
❖ “သုဇီဝံ အဟိရိကေန”တဲ့။အရှက်မရှိတဲ့
ပုဂ္ဂိုလ်တွေဟာ အသက်မွေးဝမ်းကျောင်း ရှာဖွေဖို့
အတွက် လွယ်ကူတယ်တဲ့။လောကကြီးဖြစ်ပျက်နေတဲ့
အခြေအနေတစ်ခုကို မြတ်စွာဘုရားက
ဒီစကားကို ဟောတာ။

❖ “သုဇီဝံ အဟိရိကေန”-
အဟိရိကေန- မဟုတ်တာ လုပ်ရမှာ
မရှက်တတ်တဲ့ ပုဂ္ဂိုလ်ဟာ၊
သုဇီဝံ- အသက်မွေးဝမ်းကျောင်းအတွက် ရှာဖွေဖို့
လွယ်ကူတယ်။တစ်ဖက်ကို ကြည့်မယ်ဆိုရင်တော့
အရှက်မရှိတဲ့ပုဂ္ဂိုလ်ဟာ အသက်မွေးမှုအတွက်
လွယ်ကူသလိုပဲ။

နောက်တစ်ခုကျတော့ “ဟိရိမတာ စ ဒုဇ္ဇီဝံ”၊
အကုသိုလ်တွေက ရှက်ရွ့့ံပြီးတော့နေတဲ့ ပုဂ္ဂိုလ်၊
ဒုစရိုက်လုပ်ငန်းတွေကို ရှောင်ရှားပြီးတော့
သုစရိုက်လုပ်ငန်းနဲ့သာ အသက်မွေးလိုတဲ့
လောကမှာ အရှက်ရှိကြတဲ့ ပုဂ္ဂိုလ်မျိုးတွေကျတော့
ဒုဇ္ဇီဝတဲ့၊
အသက်မွေးမှုအတွက် ခက်ခဲတယ်၊
ပင်ပန်းတယ်လို့ ဒီလို ဟောထားတယ်။

❖ဒီကနေ့ခေတ်မှာလည်း ဆင်ခြင်စဉ်းစားကြည့်ပေါ့။
လောကမှာ စီးပွားတိုးတက်ပြီးတော့ ကြီးပွား
နေကြတဲ့ပုဂ္ဂိုလ်တွေ၊ အားလုံးတော့ မဟုတ်ဘူး။
တော်တော်များများဟာ ဘယ်ထဲ ပါနေတုံး
လို့ဆိုတော့ အဟိရိကလို့ဆိုတဲ့ မဟုတ်တာ
လုပ်ရမှာ မရှက်တဲ့ပုဂ္ဂိုလ်တွေ အသိုင်းအဝိုင်းမှာ
ပါဝင်နေကြတယ်။ပါဝင်နေသည့်အတွက်ကြောင့်
ဒီကနေ့ လူတွေ အသက်ရှင်ဖို့အတွက်
အရေးကြီးတဲ့ အစာအာဟာရတွေ ၊ဆေးဝါးတွေ ၊
အသုံးအဆောင်တွေမှ စလို့ လူတွေကို
အကျိုးမပြုတဲ့၊လူတွေကို ဒုက္ခရောက်စေနိုင်တဲ့
အရာမျိုးတွေ ထည့်သွင်းပြီးတော့ အစစ်အမှန်
မဟုတ်တဲ့ အတုအယောင်တွေနဲ့ ပစ္စည်းတွေကို
ထုတ်လုပ်ဖြန့်ချီ ရောင်းဝယ်နေကြတဲ့
ပုဂ္ဂိုလ်တွေဟာ ကြီးပွားနေကြတယ်။

မြတ်စွာဘုရား ရှုမြင်သုံးသပ်တဲ့အတိုင်းပဲ
မှန်မှန်ကန်ကန် ရောင်းဝယ်လိုတဲ့ ပုဂ္ဂိုလ်တွေ
ပစ္စည်းမှန်မှန် စျေးမှန်မှန်နဲ့ ရောင်းဝယ်လိုတဲ့
ပုဂ္ဂိုလ်တွေဟာ အသက်မွေးကျောင်းပြုဖို့ရာ
ခက်လာတယ်။မမှန်မကန် လုပ်တဲ့ပုဂ္ဂိုလ်တွေက
ရှေ့တန်းရောက်လာတယ်တဲ့။
ဒီလိုဆိုရမှာပဲ။မြတ်စွာဘုရားကိုယ်တိုင်ကလည်း
ဒီအတိုင်း ဟောခဲ့တာပဲ။

❖ “သုဇီဝံ အဟိရိကေန”-အရှက်မဲ့ပုဂ္ဂိုလ်တွေ၊
အရှက်မဲ့တယ်ဆိုတာ ဘာလဲ။
မကောင်းတဲ့အလုပ် လုပ်ရမှာ မရှက်ဘူး။
ဒုစရိုက်နဲ့ အသက်မွေးရမှာ မရှက်ဘူး။
ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ စိတ်ဓာတ်နဲ့
မိမိကြီးပွားရင် ပြီးရော တခြားလူတွေ ဘာဖြစ်ဖြစ်
ဆိုတဲ့ အနေအထားမျိုးနဲ့ စီးပွားရှာကြတယ်။
ဆေးဆိုလည်း အတုလုပ်တယ်။
စားသောက်ကုန်တွေလည်း အတုလုပ်တယ်။
ပစ္စည်းဥစ္စာတွေလည်း အတုလုပ်ပြီးတော့
စားသုံးတဲ့ပုဂ္ဂိုလ်တွေကို ကောင်းကျိုး မဖြစ်စေရုံမျှမက
ဆိုးကျိုးကို ဖြစ်စေတတ်တာတွေနဲ့ အသက်မွေးနေတဲ့
ပုဂ္ဂိုလ်တွေရဲ့ အခြေအနေကို ဆင်ခြင်သုံးသပ်ကြည့်ပေါ့။
အဲဒီလို အသက်မွေးတဲ့ထဲမယ် ကိုယ်မပါဖို့
အရေးကြီးတယ်။

လောကမှာ သမုဒ္ဒရာဝမ်းတစ်ထွာလေး ဖြည့်ဖို့ရာ
အတွက် ဒုစရိုက်နဲ့ အသက်မွေးပြီဆိုလို့ရှိရင်တော့
ဝမ်းတစ်ထွာလေးပြည့်မယ်လို့ ထင်ပြီးတော့
ကြိုးစားလိုက်တာနဲ့ ပြည့်လာမယ့်အရာကတော့
သံသရာထဲ နစ်မွန်းမယ့် ဆင်းရဲဒုက္ခတွေသာ
ဖြစ်တယ်ပေါ့။ဝမ်းတစ်ထွာ ဖြည့်ဖို့ဆိုတာတော့
ဘဝတစ်ခုရလာလို့ရှိရင် သေသည်အထိ
ဖြည့်နေကြရမှာပဲ။

သို့သော်လည်း သေသည်အထိ ဖြည့်နေရတာကို
မြန်မြန်ဖြည့်ချင်လို့ မမှန်မကန်တဲ့ စီးပွားရေးတွေ
ပြုလုပ်ပြီးတော့ ဒုစရိုက်လုပ်ငန်းနဲ့ အသက်မွေးမယ်
ဆိုလို့ရှိရင်ကတော့ ဝမ်းတစ်ထွာ မပြည့်ဘဲနဲ့
ဒုစရိုက်အကုသိုလ်တွေနဲ့ ပြည့်ပြီး သံသရာဆိုတဲ့
ပင်လယ်ကြီးထဲမှာ နစ်မွန်းမယ်။
“အပါယ်ငရဲ”ကနေ ဘယ်တော့မှ တက်လာနိုင်မှာ
မဟုတ်ဘူးလို့ ဒီလို ဆိုနိုင်တာပေါ့နော်။ ။
【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ
အရှင်နန္ဒမာလာဘိဝံသ】