ချစ်တာအပြစ်လား
=============
အရှင်ဘုရားတပည့်တော်တို့ လူငယ်ချင်းချစ်တာအပြစ်ရှိပါသလား။
- မောင်စိုးနိုင်(ခေတ္တ - စင်္ကာပူ)

ချစ်တာအပြစ်လားလို့မေးလာတဲ့ မေးခွန်းအတွက်ပထမဆုံးပြောချင် တာကတော့ချစ်တာဟာ မေတ္တာ
မဟုတ်သည့်အတွက်အေးချမ်းမှု ရမှာမဟုတ်ဘူးဆိုတာကတော့ သေချာပါတယ်။
အေးချမ်းမှု မရတဲ့အတွက်၊ ပူလောင်မှု တွေပဲရနိုင်တာဖြစ်လို့ အပြစ်လို့ပြောရင်လည်းရနိုင်ပါတယ်။

ချစ်သူနဲ့တွေ့ရတော့မယ်ဆိုရင် မပူလောင်တဲ့အပြင်၊“အရမ်းကြည်နူး ပျော်ရွှင်ရတယ်”လို့ဆိုလာသူတွေကိုတော့“တဏှာရာဂ” ရဲ့အဟုန်ကြောင့် စိတ်လှုပ်ရှားမှု ဖြစ်နေတာသာ
ဖြစ်တဲ့အတွက် အပြစ်ကင်းတယ်လို့မဆိုသာဘူးပေါ့။

မြတ်စွာဘုရားကတော့“ပီယတော ဇာယတေ သောကော”
ချစ်ခြင်းမှန်သမျှသောကကို မွေးဖွားတာချည်းပဲလို့
ဟောပါတယ်.

လူကိုပဲချစ်ချစ်၊ ပစ္စည်းဥစ္စာကိုပဲချစ်ချစ်၊အလုပ်ကိုပဲချစ်ချစ်၊နေရာဌာနကိုပဲချစ်ချစ်၊
အချစ်ကြီးလေသောကများလေပဲမဟုတ်လား။

တစ်ခါချစ်ခြင်းကို အကြောင်းပြုပြီးတော့ပဲကိုယ်ကျင့်တရားတွေ ဆုတ်ယုတ်ပျက်ဆီးလာတာ
မပြစ်မှားသင့်တဲ့မိဘဆရာသမားတွေကို ပြစ်မှားစော်ကားလာတာတွေဟာ
တစ်ပူပေါ်နှစ်ပူဆင့်ဆိုသလိုပိုပြီး အပြစ်ဖြစ်စေပါတော့တယ်။

လူတိုင်းဟာအချစ်နဲ့ကင်းပြီးမနေနိုင်ကြတဲ့ အတွက်“အပြစ်ကင်းသောချစ်ခြင်းတရား” တွေဖြစ်ဖို့ နှစ်ဦးစလုံး
ကိုယ်ကျင့်တရားကို အထိခိုက်မခံပဲဖြူဖြူစင်စင်ချစ်ကြစေချင်ပါတယ်။

ဘဝမှာမိဘနဲ့ ဆရာဆိုတာဘုရားနဲ့တစ်ဂိုဏ်းထဲ လို့ဆိုတဲ့အတွက်မိမိမှာတန်ဖိုးမဖြတ်နိုင်အောင်
အရေးကြီးပါတယ် ။ ချစ်ခြင်းကိုအကြောင်းပြုပြီး မှတော့ပြစ်မှားစော်ကားတာမျိုးမဖြစ်စေချင်ပါဘူး။
အလောင်းတော်ကြီးများတောင်ချစ်ခြင်းနဲ့ မကင်းခဲ့ကြပေမယ့် မေတ္တာအခြေခံတဲ့ ချစ်ခြင်းကိုပဲတည်ဆောက်ခဲ့ကြတဲ့အတွက်၊အေးချမ်းတယ်လို့တနည်းအားဖြင့်တော့ပြောနိုင်ပါတယ်။

ပဋ္ဌာန်း ဥပနိဿာယပစ္စည်းမှာတော့“ရာဂံ ဥပနိဿာယ သီလံ သမာဒိယတိ
ရာဂံ ဥပနိဿာယ ဥပေါသထကမ္မံ ကရောတိ”လို့ဆိုတဲ့အတွက် ချစ်ခြင်းကြောင့်ပဲ
ကိုယ်ကျင့်သီလတွေကောင်းအောင် ဆောက်တည် ဖြစ်နေကြတယ်။ ချစ်ခြင်းကြောင့်ပဲ ဥပုသ်သီတင်းတွေ ဆောက်တည် ဖြစ်ကြတယ်။“ရာဂံ ဥပနိဿာယ ဝိပဿနံ ဥပ္ပါဒေတိ”
ချစ်ခြင်းကြောင့်ပဲ ဝိဿနာတရားတွေအားထုတ် ဖြစ်တဲ့
အဆင့်ထိဖြစ်လာတယ်ဆိုတော့ လမ်းကြောင်းမှန်၊
စိတ်ထားမှန်ဖို့ပဲအရေးကြီးတယ်လို့ ဆိုရမလိုဖြစ်နေပါတယ်။

ကောင်းတဲ့ အကြောင်းအရာကြောင့်ပဲဖြစ်ဖြစ်၊မကောင်းတဲ့ အကြောင်းအရာကြောင့်ပဲဖြစ်ဖြစ်၊
လမ်းကြောင်းမှန်ပေါ်ရောက်လာပြီး အပြစ်ကင်းပြီးကောင်းကျိုးချမ်းသာတွေ ရောက်လာရင်တော့
အပြစ်ကင်းတဲ့ချစ်ခြင်းလို့ ဆိုရမလားပဲ။

ပြည့်စုံချင်မှ ပြည့်စုံမှာဖြစ်ပေမယ့် တတ်နိုင်သလောက် ကြိုးစားဖြေပေးလိုက်ပါတယ်။

အပြစ်ကင်းတဲ့ချစ်ခြင်းများနဲ့ ချစ်နိုင်ကြပါစေ။

-【အရှင်ဝိလာသဂ္ဂ (ဗောဓိမြိုင််သစ္စာရွှေပြည်ဓမ္မရိပ်သာဆရာတော်)】