“ခန္တီ နဲ့ ဥပေက္ခာ ကွဲပြားခြားနားပုံ”
ခန္တီ နဲ့ ဥပေက္ခာ ဘာများထူးခြားသလဲ???
=========================
ဒကာ။ ။ ခန္တီစ- သည်းခံရခြင်း၊ဥပေက္ခာစ- လျစ်လျူရှုရခြင်းဟု ပြောဟောကြရာ…

ခန္တီ- သည်းခံတယ်ဆိုတာ မသာယာခြင်းနဲ့ ပြန်လှန်လက်စားမချေဘဲ လျစ်လျူရှုထားလိုက်တဲ့
ဥပေက္ခာသဘောမို့ နာမည်ချင်းသာခြားတာ၊သဘောတရားကတော့ အတူတူပါပဲလို့
အချို့ဆရာတို့က ပြောဟောကြပါတယ်။

ဆရာအချို့ကလည်း ခန္တီနဲ့ ဥပေက္ခာဟာ သဘောတရားချင်းမတူဘူး။ တခြားစီသာ ဖြစ်တယ်။
အကယ်၍ သဘောချင်းတူရင် ပါရမီဆယ်ပါးထဲမှာ အမည်နှစ်ပါးနဲ့ ခွဲခြားပြီး ဘုရားမဟောတန်ရာ။
ဒါ့ကြောင့် ထူးခြားတယ်ဟု ဟောပြောကြပါတယ်။

အဲဒီတရား နှစ်ပါး ထူးခြားတယ် ၊မထူးခြားဘူးဆိုတာ မှတ်သားရလွယ်အောင် မိန့်ကြားပါဦး ဆရာတော်။

ဆရာ။ ။ ဒီ တရားနှစ်ပါးကလည်း ဓမ္မဝိစယဉာဏ်ပညာနဲ့ မခွဲခြား မစိစစ်တတ်ရင် “ပုလင်းတူ-ဘူးဆို့”
သဘောပဲလို့ မှတ်ထင်စရာ ဖြစ်နေတယ်။ အမှန်ကတော့ သဘောတရားခြင်း ခြားနားမှုရှိတယ်။
ယင်းတို့နှစ်ပါးခြားနားပုံကို လွယ်လွယ်နဲ့ ဒီလိုသိကြပေတော့။

“ခန္တီ”
•••••••••••
ခန္တီရဲ့သဘောက သက်ရှိ(သဝိညာဏ)က သတ္တဝါ သင်္ခါရတို့က မိမိအား ကိုယ်ဖြင့်သော်၄င်း၊
နှုတ်ဖြင့်သော်၄င်း၊ ကိုယ်နှုတ်နှစ်ပါးတို့ဖြင့်သော်၄င်း၊ ထိပါးပုတ်ခတ်မှုပြုလာသော် ဒေါသဖြင့် ယင်းပုဂ္ဂိုလ်အား
စိတ်ဆိုးခြင်း၊ ပြန်လှန်၍ပြစ်မှားခြင်း၊ထိပါးပုတ်ခတ်၊လက်စားချေခြင်းမပြုဘဲ သည်းခံ၍ နေနိုင်ခြင်းနှင့်....

သက်မဲ့(အဝိညာဏ)က မိမိကိုယ်နဲ့စပ်တဲ့ အချမ်းအပူရာသီဥတု၏ နှိပ်စက်ခြင်းဒဏ်၊
အဝတ်အစား၊ နေရာတို့၏ ကြမ်းတမ်း ခက်ထန်ခြင်း၊မပြည့်စုံခြင်းစသည်တို့နဲ့ တွေ့ကြုံတဲ့အခါ ဒေါမနဿ
စိတ်ဆင်းရဲခြင်း ၊ စိတ်နှလုံး မချမ်းမြေ့ခြင်းတို့ကို မဖြစ်စေဘဲ သည်းခံနိုင်ခြင်းတို့ကို ခန္တီလို့ ဆိုကြတယ်။
သူ့တရားကိုယ်က “အဒေါသ စေတသိက်” ပဲ။

“ဥပေက္ခာ”
•••••••••••••••••
ဥပေက္ခာရဲ့သဘောက
●ဣဋ္ဌာရုံခေါ်တဲ့ လိုချင်စရာ၊ခင်မင်စရာ၊ချစ်စရာ၊နှစ်သက်စရာ၊မြတ်နိုးစရာ၊
အာရုံမျိုးတွေနဲ့ ဆုံခဲ့သော် သာယာ၊ခင်မင်၊လိုချင်၊တပ်မက်၊ဆာလောင်၊စွဲလမ်းခြင်းဆိုတဲ့
တဏှာ၊ဥပါဒါန်ဖက်သို့ မပါမရောက်အောင် စောင့်ရှောက် တားဆီးထားနိုင်မှု
လျစ်လျူရှုခြင်းသဘောနှင့်....

●အနိဋ္ဌာရုံဖြစ်တဲ့ မုန်းစရာ၊ရွံစရာ၊မခံချင်စရာ၊စိတ်ဆိုးစရာ အာရုံအမျိုးမျိုးတွေနဲ့ တွေ့ကြုံတိုက်ဆိုင်လာတဲ့
အခါမျိုးမှာလည်း ရွံမုန်းစိတ်ဆိုး ဒေါသဖက်သို့ မရောက်စေဘဲ စောင့်ရှောက်တားဆီးထားနိုင်မှု
လျစ်လျူရှုခြင်း သဘောတမျိုးပဲဖြစ်တယ်။

အဲဒီ ဣဋ္ဌာရုံဖက်ကိုရော၊အနိဋ္ဌာရုံဖက်ကိုပါ ဘယ်ဘက်ကိုမှ မပါ မလိုက်ဘဲ ချစ်၊မုန်း မပါ
အလယ်အလတ် သဘောအသွင်ကိုဆောင်တဲ့ “တတြ မဇ္ဈတ္တ စေတသိက်” ကိုပင်လျှင်
“ဥပေက္ခာ” လို့ ခေါ်ဆို ဟောပြောကြတာပဲ။

ကဲ....အဲဒါ မှတ်သားရလွယ်အောင် အဘိဓမ္မာနည်းနဲ့ ထုတ်ဆောင်ပြလိုက်တာပဲ။ဒါထက် လွယ်လွယ် သိချင်ရင် သည့်ပြင်ဆရာတွေဆီမှာ သွားရောက် မေးမြန်းကြပေတော့။

◄အဲဒီတရားနှစ်ပါး လက်ကိုင်ထားနိုင်ရင် အလွန်စိတ်အေးမြ ငြိမ်းချမ်းတယ်။
အဲဒါကိုလည်း အကျင့်လုပ်ထားပါ။►

ဒကာ။ ။ ဆရာသစ်တွေ ရှာနေစရာ မလိုတော့ပါဘူး ဆရာတော်..ရှင်းလင်းပြတ်သား ကွဲပြားခြားနားစွာ သိပါပြီဘုရား…။ဒီတရားနှစ်ပါးကိုလည်း လက်ကိုင်ရအောင်အကျင့်
လုပ်ထားပါမည် ဆရာတော်…။လက်စသတ်တော့ “ခန္တီက အဒေါသ စေတသိက်
မေတ္တာ ဓာတ်သဘောကိုး” ခုမှပဲ ကွဲတော့တယ်။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ