ကျွန်တော်ရလိုက်တဲ့ နောင်တ

************

‘‘ငါသည် မုချသေရမည်၊ အချိန်ပိုင်းသာလိုတော့သည်’’

မိုးကုတ်ရိပ်သာဓမ္မာရုံထဲကို ဝင်လိုက်တာနဲ့ ပထမဆုံးတွေ့လိုက်ရတဲ့ သံဝေဂသတိပေးစာတန်းလေးပါ။ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ဓာတ်ပုံနဲ့အတူ ယှဉ်တွဲရေးသားထားပါတယ်။ ဓမ္မာရုံခန်းမထဲမှာတော့ မိုးကုတ်ယောဂီတွေ တရားထိုင်နေကြပါတယ်။ သင်္ကြန်တွင်း ခုနစ်ရက်အလုပ်ပေး တရားစခန်းပွဲပါ။

ယောဂီတွေဟာ သင်္ကြန်တွင်းကာလမှာ လာရောက်တရားအားထုတ်ရင်း လက်တွေ့စခန်းဝင်နေကြတာပါ။ နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် ကမ္မဋ္ဌာနာစရိယ ဆရာတော်ကြီးတွေက အလုပ်ပေးတရားတွေ ဟောကြားလေ့ရှိပါတယ်။ နေ့ခင်းဘက်မှာတော့ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တရားခွေတွေကို ဖွင့်ပေးလေ့ရှိပါတယ်။ ဆရာတော်ဘုရားကြီးရဲ့ အယူအဆနဲ့ ကမ္မဋ္ဌာနာစရိယရဲ့ ဟောတရားတွေကို ယှဉ်တွဲလေ့လာလို့ရတာပေါ့။

ဒီတရားစခန်းပတ်တွေမှာ အထူးသဖြင့် ပဋိစ္စသမုပ္ပါဒ်တရားတွေကိုပဲ ဦးစားပေးဟောကြားလေ့ရှိပါတယ်။ ယောဂီတွေအနေနဲ့ ပဋိစ္စသမုပ္ပါဒ်တရားကို နားလည်မှ (တစ်နည်း) ခန္ဓာဉာဏ်ရောက် တရားကိုနားလည်မှ ဒိဋ္ဌိပြုတ်မှာမို့ ဒါကိုပဲဦးစားပေးဟောကြားလေ့ရှိပါတယ်။ ဒိဋ္ဌိမပြုတ်သမျှ ဘယ်လောက်ပဲအားထုတ်နေပါစေ တရားထူးမရနိုင်ဘူးလို့ဆိုပါတယ်။ ဒိဋ္ဌိကိုအရင်ဆုံးဖြုတ်နိုင်မှ တရားရမယ်လို့ဆိုလိုပါတယ်။ ‘‘ရင်ဝလှံစူး၊ ဦးခေါင်းမီးလောင်’’နေရင်တောင် သူ့ထက်အရေးကြီးတဲ့ ဒိဋ္ဌိကိုအရင်ဆုံးဖြုတ်ဖို့လိုတယ်လို့ ဥပမာပေးဆုံးမထားပါတယ်။ အဲဒါကြောင့် ဒိဋ္ဌိရဲ့အရေးကြီးပုံကို ပိုပြီးနားလည်သဘောပေါက်ကြရပါတယ်။

နံနက်ပိုင်း တရားပွဲစပြီဆိုတာနဲ့ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ ‘‘မူလနှစ်ဖြာ’’လင်္ကာဆောင်ပုဒ်ကို ဦးစွာရွတ်ဆိုပြီး ဆရာတော်ကြီးရဲ့ဉာဏ်တော်ကိုပူဇော်ကြရပါတယ်။ အဲဒီလင်္ကာဆောင်ပုဒ်ကတော့‘‘မူလနှစ်ဖြာ၊ သစ္စာနှစ်ခု လေးခုအလွှာ၊ အင်္ဂါတစ်ဆယ့်နှစ်ပါး၊ တရားကိုယ်များနှင့်သုံးပါးအစပ်၊ နှစ်ရပ်မူလ ဝဋ်သုံးဝနှင့် ကာလသုံးဖြာ၊ ခြင်းရာနှစ်ဆယ်၊ ဤရှစ်သွယ်ကို၊ အလွယ်ကျက်မှတ် သိစေအပ်သည်။ သံသရာမှ လွတ်ကြောင်းတည်း’’တဲ့။

သံသရာမှလွတ်ချင်ရင် မူလရေသောက်မြစ်ဖြစ်တဲ့ အဝိဇ္ဇာနဲ့ တဏှာကို အရင်ဆုံးသတ်ရမယ်လို့ ဟောပြထားပါတယ်။ အဝိဇ္ဇာဆိုတာကတော့ အကောင်းအဆိုး၊ အကြောင်းအကျိုးကိုမသိခြင်းတဲ့။ အဲဒီလို အကောင်းအဆိုးမသိတော့ တဏှာဆိုတဲ့ လိုချင်တပ်မက်ခြင်း ဖြစ်ပေါ်လာပါသတဲ့။ လိုချင်လွန်းတဲ့အခါကျတော့ မရရအောင် ကြိုးစားအားထုတ်ပြန်ပါလေရောတဲ့။ ဒီတော့ မကောင်းမှုကို မကောင်းမှုမှန်းမသိဘဲပြုလုပ်မိတော့ အပုညာဘိသင်္ခါရဆိုတဲ့ အကုသိုလ်တွေပြုလုပ်မိသတဲ့။ ဒီတော့ သွားပါလေရော အပါယ်လေးပါးပေါ့။

နောက်တစ်ခါ အမှန်ကိုမသိဘဲ ကောင်းမှုကုသိုလ်တွေကိုပြုလုပ်မိပြန်ရင်လည်း ပုညာဘိသင်္ခါရဖြစ်ပြီး လူနတ်ချမ်းသာကို ခံစားရပြန်ပါလေကော။ ဒါပေမဲ့လည်း လူနတ်ချမ်းသာဆိုတာ တကယ်ချမ်းသာစစ်ချမ်းသာမှန်မဟုတ်ဘူးတဲ့။ ‘‘ဗြဟ္မာ့ပြည်တဝင်းဝင်း၊ ဝက်စားကျင်း တရှုပ်ရှုပ်’’ဆိုတဲ့စကားလို အချိန်မရွေး အပါယ်လေးဘုံကို ပြန်ရောက်သွားနိုင်ပါသတဲ့။

အဲဒီလိုဖြစ်ရတာဟာ အမှန်ကိုမသိမှု (တစ်နည်း) သစ္စာကို မသိမှုကြောင့်ဖြစ်ရတာလို့ ဆိုပါတယ်။ သံသရာလည်ရခြင်းရဲ့ အဓိကတရားခံဟာ အဝိဇ္ဇာနဲ့ တဏှာဖြစ်ပါသတဲ့။ အဝိဇ္ဇာကို ဝိဇ္ဇာဖြစ်အောင် ကြိုးစားကျင့်ကြံအားထုတ်ရမယ်တဲ့။ အဝိဇ္ဇာဖြစ်နေသမျှ သမုဒယသစ္စာနဲ့ဒုက္ခသစ္စာမှာ ချားရဟတ်ပမာလည်နေရဦးမယ်တဲ့။ အဲဒါကြောင့် ခန္ဓာဉာဏ်ရောက်တရားဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ်တရားကို နားလည်ပြီး ခန္ဓာဖြစ်စဉ်ကို သဘောပေါက်မှ ဖြစ်ပျက်တွေမြင်၊ ဖြစ်ပျက်တွေမုန်းလို့ ဖြစ်ပျက်တွေဆုံးပြီး နိဗ္ဗာန်ကိုရောက်နိုင်မယ်လို့ အလုပ်ပေးတရားတွေကို ဟောကြားဆုံးမသွားခဲ့ပါတယ်။

တရားတော်တွေကတော့ အကောင်းစားချည်းပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့တစ်တွေက မလိုက်နာနိုင်ကြတာ ခက်နေပါတယ်။ မကောင်းမှန်းလည်းသိတယ်။ ဒါပေမဲ့ မပြင်ချင်ဘူး။ မဟုတ်မှန်းလည်းသိတယ်။ ဒါပေမဲ့မပြောင်းလဲချင်ဘူး။ ဝေဘူဆရာတော်ကြီးက ဟောပြောဆုံးမခဲ့ဖူးပါတယ်။ ကိုယ်နေရာမကျဘဲနဲ့ နေရာကျတယ်ထင်နေရင် နေရာမကျဘူးတဲ့။ နေရာမကျတာကို နေရာမကျမှန်းသိမှ နေရာကျတာတဲ့။ ဒါပေမဲ့ ကျွန်တော်တို့တစ်တွေကတော့ ကိုယ်နေရာမကျတာကို နေရာကျတယ်လို့ ထင်နေဆဲပါ။ ဒါကြောင့်လည်း သူများနေရာမကျတာကို ပြောချင်နေပြီး ကိုယ်နေရာမကျတာကိုတော့ ပြုပြင်ဖို့ စိတ်ကူးထဲတောင်မထည့်မိကြပါဘူး။

ဝေဘူဆရာတော်ကြီးဆိုလို့ ကျွန်တော်လည်း ဝေဘူဆရာတော်ကြီးကို တစ်ကြိမ်ပဲ တွေ့ဆုံဖူးမြော်ခဲ့ဖူးပါတယ်။ ၁၉၇၁ လောက်ဆီကပေါ့။ ကျွန်တော့်သူငယ်ချင်း ဦးလှပြုံးဆိုတာရှိပါတယ်။ သူက ကျန်းမာရေးမှူးတစ်ယောက်ပါ။ သူ့ကျေးဇူးကြောင့် ဝေဘူဆရာတော်ကြီးကို ဖူးတွေ့ခွင့်ရခဲ့တာပါ။

ကျွန်တော့်ဘဝမှာ အဲဒီနေ့တစ်နေ့ကိုတော့ မှတ်မှတ်ရရပါပဲ။ ဝေဘူဆရာတော်ကြီးရဲ့အခန်းမှာ လူရှင်းနေပါတယ်။ ကျွန်တော်တို့နှစ်ယောက်နဲ့ ဆရာတော်ကြီးပဲရှိကြပါတယ်။ ဦးလှပြုံးက သူလာရခြင်းရဲ့အကြောင်းကို လျှောက်ထားရင်း စကားလက်ဆုံကျနေကြပါတယ်။ ပြန်ခါနီးမှာတော့ ဆရာတော်ကြီးက ကျွန်တော်တို့နှစ်ယောက်ကို ထူးထူးခြားခြား ငါးပါးသီလခံယူ ဆောက်တည်စေပါတယ်။

ကျွန်တော့်စိတ်ထဲမှာ ငါးပါးသီလပေးတာမျိုး၊ ဆောက်တည်နိုင်တာမျိုးကို သိပ်ပြီး အလေးအနက်မထားမိပါဘူး။ တခြား ဆရာတော်၊ သံဃာတော်တွေလည်း ဒီလိုပဲ ဥပုသ်စောင့်ရင်း ငါးပါးသီလ၊ ရှစ်ပါးသီလပေးနေကျပဲပေါ့။ အဲဒါကြောင့် အခုလို ငါးပါးသီလပေးတာလောက်ကို သိပ်ပြီးကျေနပ်အားရဖြစ်မိတယ်လို့မရှိခဲ့ဘူး။

ဆရာတော်ကြီးရဲ့စိတ်မှာ ဘာသဘောနဲ့ ဒီလိုငါးပါးသီလပေးခဲ့တယ်ဆိုတာ မသိရပေမယ့် ကျွန်တော့်မှာဖြင့် ဒီလိုနာမည်ကြီး ဆရာတော်ကြီးတစ်ပါးက ငါးပါးသီလပဲပေးရပါ့မလားဆိုပြီး စိတ်ထဲမှာတော့ ဘဝင်မကျဘူးပေါ့။ တကယ်ဆိုရင် ထူးထူးခြားခြား ဆုံးမသြဝါဒတွေ၊ မှတ်လောက်သားလောက်တဲ့သြဝါဒတွေ ပေးစေချင်တာပေါ့။ ဒါပေမဲ့လည်း ငါးပါးသီလပဲပေးတော့ ကျွန်တော်ဖြင့် ပြန်သာလာရတယ် စိတ်ထဲမှာ ဘဝင်မကျခဲ့ဘူး။ ဒီလိုနဲ့ မေ့မေ့ပျောက်ပျောက်ပဲဆိုကြပါစို့။

ကျွန်တော်လည်း လုပ်ငန်းခွင်မှာပြည့်ပြည့်စုံစုံ ချမ်းချမ်းသာသာနဲ့ နေထိုင်နိုင်လာပါတယ်။ ကျွန်တော်ရတဲ့လစာက မပြောပလောက်ပေမယ့် ကျွန်တော်ခံစားနေရတဲ့စည်းစိမ်တွေက လုပ်အားထက်အဆမတန် များပြားနေတယ်။ ဒါကိုပဲ ကျွန်တော်ကကျေနပ်နေတယ်။ ပီတိဖြစ်နေတယ်။ သားမယားတွေကလည်း ကျွန်တော့်ကို လူရည်လည်တယ်ဆိုပြီး အထင်တွေကြီးလို့ပေါ့။ ဆွေမျိုးညာတိတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေဆိုရင်လည်း ကျွန်တော့်ဘဝကို အားကျနေခဲ့ကြတယ်။

အဲဒါကြောင့် တချို့ကပြောကြပါတယ်။ ‘‘ရာထူးက အရေးမကြီးဘူး။ ဌာနန္တရကအရေးကြီးတယ်’’တဲ့။

ရာထူးကြီးပြီး ဆင်းရဲနေတဲ့ အရာရှိကြီးတွေလည်းအများကြီးပါ။ ရာထူးက အောက်ဆုံးအဆင့်မှာ ရှိနေပေမယ့်လည်း နေရာကောင်းလို့‘‘ထော’’နေတဲ့သူတွေလည်း အများကြီးရှိကြပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်ကိုက အဲဒီလို အကျင့်ပျက်နေတာကို အထင်ကြီး လေးစားနေကြတာကိုး။ ဒီတော့လည်း ဘွဲ့ရလို့ လုပ်ငန်းခွင် ဝင်မယ်ဆိုရင်တောင် ‘အကြံအဖန်’ ကောင်းတဲ့ဌာနမျိုးကိုပဲ ငွေပေးပြီး ရွေးချယ်တတ်ကြပါတယ်။ ကျွန်တော်တို့ခေတ်က အောက်တန်းစာရေးလစာ ၁၃၀ လေးရဖို့တောင် ငွေကိုသိန်းချီပေးတဲ့သူတွေရှိကြတယ်။

အဲဒီလောက်အထိပေးတဲ့သူကလည်း စည်းပျက်တယ်။ ယူတဲ့သူကလည်း စည်းပျက်ခဲ့ကြပါတယ်။ ပတ်ဝန်းကျင်တစ်ခုလုံး စည်းပျက်ကမ်းပျက်ဖြစ်လာကြတဲ့နောက် ကျွန်တော်တို့နိုင်ငံကြီးဟာလည်း အဆင်းရဲဆုံးနိုင်ငံအဖြစ် ရောက်ရှိသွားခဲ့ရပါတယ်။

ဝေဘူဆရာတော်ကြီးဆုံးမခဲ့သလိုပါပဲ။ ကျွန်တော်ကိုက ကိုယ်နေရာမကျတာကို နေရာကျတယ်လို့ထင်နေခဲ့မိတာကိုး။ ကိုယ်ကိုယ်တိုင်နေရာမကျမှန်းသိနေပေမယ့်လည်း အဲဒီလိုနေရာမကျတာကိုပဲ ကျေနပ်နေမိတယ်။ ကျွန်တော့်ကိုပေးခဲ့တဲ့စုတ်တွေ၊ လာဘ်တွေကို ကျွန်တော်ကျေနပ်နေမိတယ်။ ကိုယ့်ကိုယ်ကိုယ် တစ်ကွက်ချန်ပြီးတွေးခဲ့တယ်။ ‘သူတို့ သိတတ်လို့ပေးတာ’ဆိုပြီး သာဓုခေါ်လက်ခံခဲ့တယ်။ ‘ပူဇော်ထိုက်သူကို ပူဇော်တာပဲလေ’လို့လည်း ကိုယ့်ကိုယ်ကိုယ် ‘ဖော့’ပြီး နှစ်သိမ့်ခဲ့မိပါတယ်။ ဇနီးမယား၊သမီးသားတွေကတော့ ပျော်လို့မော်လို့ပေါ့လေ။

အသက်ကလေးကလည်း ထောက်လာ၊ သေခြင်းတရားဆိုတာကလည်း ကိုယ်နဲ့လက်တစ်ကမ်းအလိုရောက်လာမှ ယောင်တီးယောင်အနဲ့ ရိပ်သာတွေသွား၊ တရားတွေရှာပြီး ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့ကြိုးစားရကောင်းမှန်း သိလာတော့တယ်။ ပြောရရင် ‘ကြီးမှ လက်ပေးသင်သလို’ ဖြစ်နေပြီလား မပြောတတ်တော့ပါဘူး။ မိုးကုတ်ဆရာတော်ဘုရားကြီးကတော့ ငယ်စဉ်ကာလ ဉာဏ်မီးတောက်တုန်းမှာ တရားအားထုတ်ဖို့ ဆုံးမခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း ငယ်စဉ်ကာလ တရားအားထုတ်ဖို့လမ်းညွှန်တာကို ကိုယ်နဲ့ မဆိုင်သလိုနေခဲ့မိတယ်။ အသက်တွေကြီးလို့ ဉာဏ်မီးတွေငြိမ်းခါမှ နိဗ္ဗာန်စခန်းကို ဖြတ်လမ်းကသွားချင်စိတ် ပေါက်လာမိတယ်။

ဒါပေမဲ့လည်း အချိန်တွေ နှောင်းခဲ့ပါပြီ။ လူငယ်တွေရဲ့တစ်ရက်စခန်းကို ကိုယ်က တစ်နှစ်လောက်လှမ်းနေရပြီ။ ဝင်လေသိ၊ ထွက်လေသိလို့ စိတ်ကမှတ်နေပေမယ့်လည်း စိတ်ကတခြားကို ရောက်နေတတ်တယ်။ ‘ရှင်လောင်းလှည့်တုန်းက ရွှေထီး ဆောင်းခဲ့ရတာတွေ’ ကို ပြန်ပြီးသတိရလာနေတယ်။ ကိုယ့်လက်အောက်ငယ်သားတွေနဲ့ ပျော်ခဲ့ပါးခဲ့ ပွေခဲ့ရှုပ်ခဲ့တာတွေကိုပဲ အတွေးထဲမှာ ပေါ်ပေါက်လာတယ်။ အချိန်မီသတိရလို့ သတိကပ်မိပြန်တော့လည်း ခဏပဲ။ စိတ်ဆင်ရိုင်းက မကြာခဏထွက်ပြေးသွားပြန်တယ်။

စိတ်ဆိုတာ မျောက်နဲ့တူပါသတဲ့။ ဘယ်တော့မှ ငြိမ်ငြိမ်မနေဘူးလို့ဆိုပါတယ်။ ဟုတ်မှာပါ။ ကျွန်တော်ဖြင့် စိတ်ကို နှာသီးဝမှာထားပြီး စိုက်ရှူပြန်တော့လည်း စက္ကန့်ပိုင်းလေးပဲရတယ်။ ပြီးတော့ တမေ့တမောတွေးချင်ရာတွေး၊ ငေးချင်ရာငေးနေမိပြန်တယ်။ အဲဒီလိုအချိန်အကြာကြီး တွေးနေငေးနေမိလို့ သတိပြန်ဝင်လာတော့မှ မူလချည်တိုင်ဖြစ်တဲ့ ‘နှာသီး ဝမှာ’ ပြန်ပြီး သတိကပ်လိုက်ရတယ်။ ဒါပေမဲ့လည်း ဒါပေမဲ့ပေါ့။

ရှေးလူကြီးမိဘတွေကတော့ ပြောပါတယ်။ ‘ရေဘူးနဲ့ ဖိနပ်မပါ နွေခါမှသိ’တဲ့။ ‘ဒါနနဲ့ သီလမပါ သေခါမှသိ’လို့ပြောကြပါတယ်။ ကျွန်တော့်အသိမှာတော့ ဒါနနဲ့ သီလပါရုံနဲ့မလုံလောက်တော့ပါဘူး။ ဒါနနဲ့သီလဆိုတာမျိုးကလည်း ပုညာဘိသင်္ခါရနဲ့ အကျုံးဝင်လေတော့ သံသရာကိုလည်စေဦးမှာပဲ။ အဲဒါကြောင့် သံသရာကပြတ်နိုင်မယ့် ဝိပဿနာဘာဝနာကို အရောက်လှမ်းမယ်လို့ ဇွဲနဲ့ချီတက်ခဲ့ပေမယ့်လည်း ‘အာစိဏ္ဏကံ’ မဖြစ်ခဲ့လေတော့ သံသရာမှာနစ်ရဦးမှာပါလားလို့ ရင်များတောင် မောမိပါတယ်။

ဒီတော့မှ ဝေဘူဆရာတော်ကြီးဆောက်တည်ခိုင်းတဲ့ ငါးပါးသီလရဲ့သဘောကို နားလည်သဘောပေါက်စပြုမိတော့တယ်။ ငါးပါးသီလဆိုတာ အချိန်ပိုင်းနဲ့ စောင့်ထိန်းရမယ့် သီလမျိုးမှမဟုတ်ပဲ။ ခါးဝတ်ပုဆိုးလို မြဲနေရမယ့်သီလမျိုးပဲ။ လောကီနယ်မှာ တကယ်အရေးကြီးတာက ‘ငါးပါးသီလ’ပါ။ ဒီသီလတွေလုံခြုံပြီဆိုရင် လူ့လောကကြီး သာယာအေးချမ်းသွားနိုင်သလို နောင်သံသရာအတွက်လည်း အထောက်အပံ့ကောင်းတွေအများကြီးရနိုင်တာပေါ့။ ဒီသီလလောက်မှ လုံခြုံမှုမရှိရင် ကျွန်တော်တို့အဖို့ တရားထူးတရားမြတ်ရနိုင်ဖို့ အခွင့်အလမ်းဆိုတာ ဝေးနေဦးမှာပါ။ ဒါကြောင့် ဝေဘူဆရာတော်ကြီးမိန့်ခဲ့ဖူးသလို ငါးပါးသီလကိုပဲ လုံခြုံအောင် မနည်းစောင့်ထိန်းနေရပါတယ်။

တကယ်တော့ ငါးပါးသီလလောက်ကိုသာ လူတိုင်းစောင့် ထိန်းနိုင်ကြမယ်ဆိုရင် ကမ္ဘာလောကကြီးဟာ ငြိမ်းချမ်းမှု၊ အေးချမ်းမှု၊တည်ငြိမ်မှုတွေရှိလာမှာပါ။

စဉ်းစားကြည့်လေ၊ ကိုယ့်အသားနာတာလောက်တောင် မကြိုက်မှဖြင့် သူ့အသက်ကိုလည်း မသတ်နဲ့ပေါ့။ သူ့အသက်ကိုတော့ သတ်ချင်တယ်။ ကိုယ်ကျတော့ အသားတောင်အနာမခံချင်ဘူးဆိုရင် တရားမျှတမှုရှိပါ့မလား။ ကိုယ်ချင်းစာစိတ်ဆိုတာ လူ့ယဉ်ကျေးမှုတစ်ရပ်ပါ။

ဒီလိုပဲ ကိုယ့်ပစ္စည်းကို မပေးချင်ရင် သူ့ပစ္စည်းကိုလည်း မလိုချင်နဲ့ပေါ့။ ကိုယ်ပစ္စည်းကျတော့ လျော့နည်းကုန်ဆုံးပျောက်ပျက်သွားမှာ စိုးရိမ်လိုက်ကြတာ။ သူတစ်ပါးပစ္စည်းကျတော့ နိုင်လိုမင်းထက်အနိုင်ကျင့်ပြီး ယူချင်ကြတယ်။ ဒါတွေဟာ တကယ်တော့ ‘လောကပါလတရားနဲ့ ဆန့်ကျင်ဘက်ကြီးပဲ။ လောကပါလတရားနှစ်ပါးကတော့ မဟုတ်တာ၊ မမှန်တာလုပ်ရတာကို ရှက်တတ်ရမယ်။ ကြောက်တတ်ရမယ်’တဲ့။ ဒီလောကပါလတရားနှစ်ပါး ပျောက်ကွယ်သွားရင် ကမ္ဘာလောကကြီးလည်း တိရစ္ဆာန်တွေနဲ့မခြား မျိုးတုံးပျောက်ကွယ်သွားနိုင်တယ်ဆိုပဲ။

တတိယအချက်ဖြစ်တဲ့ ‘ကာမေသုမိစ္ဆာစာရကံ’ဆိုတာကတော့ တကယ့်ကို ဦးထိပ်ပန်ဆင်ပါပြီ။ ဒီခေတ်မှာ သူ့မယားကိုယ့်မယား တန်ဖိုးမထားကြလေရော့သလားမသိ။ အိမ်ထောင်ရေးဖောက်ပြန်မှုတွေကို မကြားချင်အဆုံး၊ မမြင်ချင်အဆုံး တွေ့ကြုံနေရပါပြီ။ ကိုရီးယားဇာတ်လမ်းတွေကပေးတဲ့ ပညာပေးဇာတ်လမ်းတွေလို့ပဲ ဆိုရမလားမသိဘူး။ အိမ်ထောင်ရေးဖောက်ပြန်မှုပညာတွေပေးလိုက်ကြတာ၊ သူ့နိုင်ငံ သူ့ယဉ်ကျေးမှုကြီးကို ကိုယ့်နိုင်ငံ ကိုယ့်ယဉ်ကျေးမှုထဲ ဆွဲသွင်းလာတယ်။ လူဆိုတာ မကောင်းမှုမှာပဲ ပျော်မွေ့တတ်တယ်လေ။ ကောင်းတဲ့အမူအကျင့်ကို အတုမခိုးဘဲ မကောင်းတဲ့အမူအကျင့်တွေကို အတုယူ၊ အတုခိုးမှားတော့ ဒီနေ့ မြန်မာနိုင်ငံတော်ကြီးမှာ လူမှုရေးဖောက်ပြန်မှုတွေရှေ့တန်းရောက်လာတာ အဆန်းမဟုတ်တော့ဘူးပေါ့။ ဆရာကြီးဦးသုခရဲ့ ‘တစ်ပါးသီလ’ဆိုတဲ့ ဇာတ်လမ်းကိုကြည့်ပြီး သာဓုခေါ်ခဲ့မိတယ်။ လင်ရှိမယားကိုပြစ်မှားမိဖို့ အခြေအနေပေးနေပေမယ့်လည်း တစ်ပါးတည်းသော သီလကိုစောင့်ထိန်းနိုင်ခြင်းနဲ့ အကျိုးကိုလက်တွေ့ပြသွားတဲ့ ဇာတ်လမ်းလေးပါ။ အင်မတန်အတုယူဖို့ကောင်းပါတယ်။ ဒါပေမဲ့လည်း ကိုရီးယားဇာတ်လမ်းတွဲတွေကို မထိုးဖောက်နိုင်လေတော့ ဝမ်းနည်းစရာကောင်းလှသပေါ့။

နောက်ကံတစ်ခုဖြစ်တဲ့ လိမ်ညာပြောဆိုခြင်းကလည်း အရေးကြီးတာပါပဲ။ မုသာဝါဒါကို အရည်ကျိုသောက်ထားကြသူတွေအဖို့ လိမ်ပြောရမှာလည်း မရှက်ဘူး။ ညာပြောရမှာလည်း မကြောက်ဘူး။ ကတိကဝတ်တွေချိုးဖောက်လိုက်ရမှာလည်း မရှက်မကြောက်တော့ပါဘူး။ အဲဒီလို စကားကို အတည်တကျ မပြောကြလေတော့ စီးပွားရေးလောကမှာပဲဖြစ်ဖြစ်၊ နိုင်ငံရေးလောကမှာပဲဖြစ်ဖြစ်၊ ဘာသာရေးလောကမှာပဲဖြစ်ဖြစ် အားလုံးအလိမ်အညာတွေဖြစ်ပြီး လောကပါလတရားတွေဆိုတာ ပျက်စီးသွားရပြီပေါ့။

နောက်ဆုံးကံတစ်ခုဖြစ်တဲ့ သေရည်၊ သေရက်၊ မူးယစ်ဆေး ဝါးသုံးစွဲခြင်းဟာလည်း ရှောင်သင့်တာပါပဲ။ ဘာသာတရားတိုင်းက အရက်သေစာသောက်စားခြင်းကို အထူးတားမြစ်တတ်ကြပါတယ်။ အရက်ကြောင့် အသိစိတ်ပျောက်ပြီး ရှောင်ကြဉ်သင့်တာကိုမရှောင်နိုင်ခဲ့လို့ ကိုယ့်ဘဝသာမက မိသားစုဘဝတွေပါပျက်စီးသွားစေနိုင်ပါတယ်။ တောင်ငူခေတ် တပင်ရွှေထီးမင်းဟာ အရက်ကြောင့် အသက်ဆုံးရှုံးခဲ့ရဖူးတာကို သမိုင်းမှာအထင်အရှားတွေ့ရပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံမှာ အဲဒီသေရည်သေရက် မူးယစ်ဆေးဝါးတွေကြောင့် အရွယ်မတိုင်မီ သေဆုံးကုန်ကြရတယ်။ ကျန်ရစ်တဲ့မိသားစုရဲ့ ဘဝတွေဟာလည်း ပူဆွေးသောကတွေနဲ့ ဝမ်းနည်းစရာအဖြစ်မျိုးစုံကြုံနေကြရတယ်။ နောက်ဆုံးတိုင်းပြည်ရဲ့လူ့အရင်းအမြစ်တွေပါ ဆုံးရှုံးခဲ့ရတယ်။

စေ့စေ့တွေးတော့ ရေးရေးပေါ်ဆိုသလိုပါပဲ။ ဒီကံငါးပါးကိုသာ လုံခြုံအောင်စောင့်ထိန်းနိုင်မယ်ဆိုရင် လောကီ၊ လောကုတ္တရာ နှစ်ဖြာသောအကျိုးကို ရနိုင်ပါတယ်။ ဒါကြောင့်လည်း ဝေဘူဆရာတော်ဘုရားကြီးက ကျွန်တော်တို့ကို လမ်းညွှန်မိန့်ကြားခဲ့တာဖြစ်မှာပါ။ ကျွန်တော်ကတော့ သေတွင်းသေဝရောက်ခါနီးမှ ဆရာတော်ကြီးရဲ့ဆိုလိုရင်းအဓိပ္ပာယ်ကို သဘောပေါက်မိတော့တယ်။ အဲဒါကြောင့်လည်း နိဗ္ဗာန်ကို မရောက်နိုင်သေးခင်စပ်ကြား သံသရာမှာ မျောပါနေရဦးမယ့် အတူတူ မီရာမြက်တစ်ပင်ကို ဖမ်းဆုပ်နိုင်ဖို့ ရိပ်သာကို အရောက်လှမ်းလိုက်မိပါတော့တယ်ခင်ဗျာ။

စိတ်ကူးပျော်ရာ မှ