ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ၏ နောက်ဆုံးအမွေ။
============================
လောကမှာ မြင်မြင်သမျှ သတ္တဝါတွေဟာ ငါပဲဖြစ်ဖြစ် သူပဲဖြစ်ဖြစ် ကိုယ်လုပ်သမျှ
ဟာ ကိုယ်နဲ့သာ သက်ဆိုင်ပါတယ်။ “ကမ္မဒါယာဒ” တို့တစ်တွေ လုပ်ခဲ့တဲ့ လုပ်ရပ်တွေကို
တို့တစ်တွေ ့နောက်ဆုံး အမွေခံရမှာ ဖြစ်ပါတယ်။ ဒါကိုလည်း ဆင်ခြင်စဉ်းစားပေးရပါမယ်၊
“ကောင်းတာလုပ်ရင်လည်း ကောင်းတဲ့အမွေ အကျိုးခံစားရပြီး၊ မကောင်းတာလုပ်ရင်လည်း
မကောင်းတဲ့အမွေ ဆိုးကျိုးခံစားကြရမှာ ပဲ” လို့-ဒီလိုဆင်ခြင်စဉ်းစားပေးခြင်းဖြင့် မကောင်း
တာ မလုပ်ဖြစ်အောင် ရှောင်ရှားရပါမယ်။ မကောင်းတဲ့အမွေဆိုတာ ဘယ်သူမှ မခံချင်ကြပါ။
ကောင်းတဲ့အမွေသာ ခံချင်တာ ဖြစ်ပါတယ်။ ဒါကြောင့် မကောင်းတာကို သတိထားပြီး
ရှောင်ကြဉ်လာတယ်၊ ကောင်းတာတွေကို ကြိုးစားပြီး လုပ်ဖြစ်လာတယ်၊ ဒါဟာ ကြီးမားတဲ့
အမြတ်ကြီး တစ်ခုပါပဲ။
နောက်တစ်ခု ဆင်ခြင်သင့်တာက မိသားစုနဲ့ပဲ နေနေ၊ မိတ်ဆွေသင်္ဂဟတွေနဲ့ပဲနေနေ
ပစ္စည်းဥစ္စာတွေ ပိုင်ဆိုင်တာပဲဖြစ်ဖြစ် “ငါမြတ်နိုးတဲ့ ပုဂ္ဂိုလ်တွေ၊ ငါမြတ်နိုးတဲ့ပစ္စည်းဥစ္စာတွေ
တစ်နေ့ကျလို့ရှိရင် ငါနဲ့ ကွဲသွားမှာပဲ၊ ခွဲခွာရမှာပဲ” လို့ ဒီသဘောကို ဆင်ခြင်စဉ်းစားပေးရပါ
မယ်။ အဲဒီလို ဆင်ခြင်စဉ်းစားပေးခြင်းအားဖြင့် တွယ်တာမှုတွေကို လျှော့ချ ပေးပါတယ်၊
တွယ်တာမှုကို လျှော့ချပေးလိုက်နိုင်တာနဲ့ တစ်ပြိုင်တည်း သောကဆိုတာ လျော့ကျသွားပါ
တယ်။ တွယ်တာမှုကို မလျှော့ဘဲနဲ့ သောကကို လျော့ကျသွားအောင် လုပ်လို့မရပါ။ တို့တစ်
တွေက များသောအားဖြင့် တွယ်တာမှုကို မလျှော့ဘဲနဲ့ သောကလျှော့ဖို့ ကြိုးစားနေကြပါတယ်၊
တွယ်တာမှုကြောင့် သောကဖြစ်တယ်လို့ သိပ်မသိကြပါ။
သားသမီးအပေါ် တွယ်တာတာတို့၊ ပစ္စည်းဥစ္စာ အပေါ် တွယ်တာတာတို့၊ မိတ်ဆွေ
သင်္ဂဟအပေါ် တွယ်တာတာတို့ ရှိနေသရွေ့ တွယ်တာမှုမှန်သမျှ သောကကိုဖြစ်စေ တတ်ပါ
တယ်။ အဲဒီ တွယ်တာမှုတွေကို လျှော့ချပြီး တွယ်တာမှုကို မေတ္တာနဲ့ အစားထိုးရပါမယ်၊
မေတ္တာဆိုတာ တွယ်တာတာ မဟုတ်ပါ။ မေတ္တာက အကျိုးစီးပွားကို လိုလားတာပါ၊ မိတ်ဆွေ
တွေ အပေါ်မှာထားတဲ့ စိတ်ဓာတ်မျိုး ထားတယ်၊ အင်မတန်မှ သန့်ရှင်းပါတယ်။
လောကမှာ မိသားစုမှာလည်းပဲ သံယောဇဉ်နဲ့ မနေဘဲနဲ့ မေတ္တာနဲ့နေလို့ရပါတယ်၊
မေတ္တာနဲ့ နေတာက ပိုပြီးတော့ အဆင်ပြေပါတယ်၊ သူ့ကောင်းကျိုးကို လိုလားတယ်၊ ပတ်
ဝန်းကျင်ကောင်းအောင် အာရုံစိုက်တယ်။ သံယောဇဉ်ဆိုတာက သူ့ကို မြင်နေရမှ၊ မမြင်
ရလို့ရှိရင် ကိုယ့်စိတ်ထဲမှာပူနေပါတယ်၊ ကိုယ့်မျက်စိအောက်က ပျောက်နေလို့ရှိရင် ပူနေတယ်၊
တစ်စုံတစ်ခုများ ဖြစ်သလားလို့တွေးပူကြပါတယ်၊ ဒီလို-သောကတွေကို ဝေစေတတ်ပါတယ်။
ဒါကြောင့် အဲဒီ သောကဆိုတာတွေကို လျှော့ချချင်လို့ရှိရင် ပစ္စည်းအပေါ် တွယ်တာတာပဲ
ဖြစ်ဖြစ်၊ လူအပေါ် တွယ်တာတာပဲဖြစ်ဖြစ် အဲဒီ-တွယ်တာမှုကို လျှော့ချနိုင်ရပါမယ်။
(၁၀)ရက် တရားစခန်း ဝင်လိုက်တယ်၊ အာရုံတစ်ခုအပေါ်မှာ စိတ်ကို တည်ငြိမ်အောင်
ကြိုးစားတယ်၊ တစ်ခါတစ်ရံကျတော့ (၁၀)ရက်သာ ပြည့်သွားတယ် အာရုံစူးစိုက်မှု ဟုတ်တိ
ပတ်တိ မရခဲ့ဘူး၊ တရားစခန်းမှ ပြန်ထွက်လာတယ်၊ အသိဉာဏ် ပါမလာဘူး၊ ဒုန်ရင်းအတိုင်းပဲ
ပြန်ဖြစ်သွားတယ်၊ တိုးတက်မှု မရှိဘူးဆိုရင် အရှုံးကြီး ရှုံးပါတယ်။
ဒါကြောင့်မို့လို့ ဘယ်လို ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် နောက်ဆုံး အမွေခံအဖြစ် ကောင်းတာလုပ်ရင်
လည်း ကောင်းတဲ့အမွေ၊ မကောင်းတာလုပ်ရင်လည်း မကောင်းတဲ့အမွေ ရကြမှာဖြစ်တယ်လို့ သိ
ရှိနားလည်ပြီးတော့ ကိုယ့်သန္တာန်မှာ ကုသိုလ်ဖြစ်အောင် နှလုံးသွင်းဆင်ခြင်မှု၊ မိမိစိတ်ကလေးမှာ
အကုသိုလ်တွေ မဖြစ်ရလေအောင်၊ အကုသိုလ်တွေနဲ့ ဆိုင်ရာတွေ မတွေးတောလေအောင်
ကောင်းတဲ့အာရုံနဲ့ အစားထိုးတာ ဖြစ်တယ်လို့ သိရှိနားလည်ပြီးတော့ ကိုယ့်သန္တာန်မှာ အကုသိုလ်
မဖြစ်အောင် သတိဆောင်၍ ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေသတည်း။ ။
{ ၁၃၇၂-ခုနှစ်၊ တပို့တွဲလဆန်း(၃)ရက်၊ ၆-၂-၂၀၁၁၊ ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ
ဗုဒ္ဓသာသနာပြု တက္ကသိုလ်၊ ထေရဝါဒပသာရဏီ သိမ်တော်ကြီးအတွင်း ဒေါက်တာ အရှင်နန္ဒမာ
လာဘိဝံသ ဟောကြားသော ကုသိုလ်ဖြစ်ပွား နှလုံးသွင်းတရား- တရား ဒေသနာတော်မှ ကောက်
နုတ်ရေးသား ပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

ဦးသိန်းဝေ။