ထမင်းအိုးကို ရဲနေတဲ့မီးကျီးစုပေါ် တင်ထား၊ ”နပ်ပါစေ_ နပ်ပါစေ”လို့ ဆုတောင်းရသေးလား (မတောင်းရပါဘုရား) တောင်းနေဖို့မလိုပါဘူး၊ မီးကျီးတွေ အေးမကုန်အောင် ယပ်သာခတ်ပေး (မှန်ပါ) မီးထိုးပေးနေရုံပဲ (မှန်ပါဘုရား)

အချိန်ကျရင် ထမင်းဟာ နပ်လာမှာပဲ (မှန်ပါ) ဆုတောင်းလို့ နပ်တာလား (မဟုတ်ပါ ဘုရား) ဆုတောင်းလို့ နပ်တာ မဟုတ်ပါဘူး_ တဲ့၊ မီးအပူရှိန် လျော့မသွားအောင်၊ ရဲနေအောင် ယပ်ခတ်ပေးနေလို့ပါ (မှန်ပါဘုရား)

ဒီမှာလဲ ထို့အတူပဲတဲ့၊ အရှုခံတစ်ခုခုပေါ်မှာ ဝိပဿနာဉာဏ်နဲ့သာ ရှုပေးနေပါ၊ (မှန်ပါ) ကြိမ်ဖန်များစွာသာ ရှုပေးနေပါ (မှန်ပါ) ရှုဖန်များလာတော့ ဖြစ်_ပျက်တွေ မြင်လာလိမ့်မယ် (မှန်ပါဘုရား)

ဒီလို ဖြစ်_ပျက်တွေ မြင်လာတာဟာ ဆုတောင်းလို့ မြင်တာလား၊ အလုပ်_လုပ်လို့ မြင်တာလား (အလုပ်လုပ်လို့ မြင်လာတာပါ ဘုရား) ဟုတ်တယ်၊ အလုပ်သာ လုပ်နေပါ (မှန်ပါ)

ကြာတော့ ဖြစ်_ပျက်တွေကို မုန်းလာလိမ့်မယ် (မှန်ပါ)၊ မုန်းလာလဲ မလျှော့နဲ့၊ ဆက်သာရှုနေ၊ (မှန်ပါ) ဒီမှာ အရေးကြီးလာပြီ၊ မလျှော့နဲ့ (မှန်ပါ) နောက်တော့ လောကီဝိပဿနာဉာဏ်ငါးပါးဟာ ရင့်လာတဲ့အခါကျတော့ မဂ္ဂင်ရှစ်ပါးဖြစ်လာ (မှန်ပါ) ဖြစ်လာပြီးတော့ ဖြစ်ပျက်တွေမရှိတဲ့ နိဗ္ဗာန် ဘက်ကို သူ့ဟာသူ ကူးသွားလိမ့်မယ် (မှန်ပါဘုရား)

ဖြစ်ပျက်တွေမရှိတာက နိရောဓသစ္စာပေါ့ဗျာ (မှန်ပါ) ဖြစ်ပျက်တွေက ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)

ဉာဏ်တွေဟာ မရင့်သေးခင် ဖြစ်ပျက်ဒုက္ခသစ္စာ တွေဘက်မှာ ရှိနေမယ် (မှန်ပါ) ရင့်လာတဲ့အခါကျတော့ ဖြစ်ပျက်တွေ မရှိတဲ့ နိရောဓသစ္စာဘက်၊ နိဗ္ဗာန်ဘက်ကို ပြေးဝင်သွားလိမ့်မယ် (မှန်ပါဘုရား)

မိုးကုတ်ဆရာတော်ဘုရားကြီး