ညီမလေးမောင်လေးတွေမေးတဲ့ သောတာပန်နဲ့ပတ်သက်တဲ့အဖြေပါ ....

( ၁ ) သောတာပန်ဆိုတာဘာလဲ သောတာပန်အကြောင်း လေးသိချင်လို့တင်ပေးပါတဲ့ ...
( ၂ ) သောတာပန် ဘယ်နှစ်မျိုးရှိလဲ
( ၃ ) သောတာပန်ပြီး ( ၇ ) ဘဝပြည့်ရင်ကျွတ်တမ်းဝင်တယ်ဆိုတာအမှန်လား
( ၄ ) လူတစ်ယောက် သောတာပန်ဆိုတာကို ဘယ်လိုသိနိုင်လဲ ...
( ၅ ) ဘဝတစ်ခုမှ သောတာပန် ဖြစ်ပြီးသူတွေက လက်ရှိဘဝ မှာထူးခြားမှုရှိလား
( ၆ ) တစ်ချို့တွေသူ သူတို့ကိုယ်သူတို့သောတာပန်လို့ဘာလို့ပြောကြတာလဲ
( ၇ ) တရားကျင့်ပြီး မြင်တာကြားတာတွေကရောသောတာပန်ထက်အဆင့်မြင့်လား
( ၈ ) သိကြားမင်းကသောတာပန်လား ဒါဆိုဘုရားရှင်ရှိရက်နဲ့ သိကြားမင်းဖြစ်ရက်နဲ့ ဘာလို့နိဗ္ဗာန်မရောက်ရတာလဲ

အို ..... အများကြီးမှ အများကြီးပဲ မေးထားတာတွေများစုံလို့ .... များဆို သောတာပန်တွေကလဲ များလာတာ ကိုး ( Abegail Aung WannaSoe Mdy တို့မေးတာပါ ... )

★ တစ်ကယ်တော့ နူးကလဲ ၀ိပသနာ အကြောင်း တစ်ကယ်ကို ဘာဆို ဘာမှ မသိသေးပါဘူး ....
ဒီတော့ ကိုယ်ဖတ်ထားတဲ့ ဗဟုသူတလေးတွေကိုပဲ ပြန်ဖြေပေးလိုက်ပါတယ် ...
လုံးဝမသိသေး တာထက်စာရင် နဲနဲလေးသိရအောင်ပါ ....

★ သောတာပန်အကြောင်းကိုစပြောမယ်ဆိုရင် .... သောတာပန် ဆိုတာရဲ့ အဓိပါယ်ကို အရင်ပြောရမှာပေါ့

သောတာပန် ဆိုတာ သောတာပန္န ဆိုတဲ့ ပါဠိပုဒ်ကို မြန်မာမှုပြုထားတာပါ
သောတာပန္နဆိုတာကတော့
သောတ နဲ့ အာပန္န ပုဒ်နှစ်ခုကို ပေါင်းစပ်ထား တာပါ .... ဂင်္ဂွါ မြစ်ရေသည် သမုဒ္ဒရာထဲ ရောက်သည်ထိ ... မနားတမ်း တသွင်သွင် စီးဆင်သကဲ့သို့ ... နိဗ္ဗာန်သို့ရောက်သည့်တိုင် တသွင်သွင်စီးဆင်းခြင်း လို့ အဓိပါယ်ရမယ်ထင်ပါတယ် ...

ဘယ်လိုလူပုဂ္ဂိုလ် မျိုးတွေက သောတာပန်ဖြစ်အောင် ကြိုးစားနိုင်လဲ ဆိုရင် ....
လူပုဂ္ဂိုလ် ( ပုထုဇဉ် ) နှစ်မျိုးနှစ်စားရှိပါတယ် .....

★ ★ ( ၁ ) အန္ဓ ပုထုဇဉ်

ကံ ကံ၏ အကျိုးနဲ့ လောကရဲ့ ဖြစ်ခြင်း ပျက်ခြင်းသဘောတရားကို လုံးဝမသိသူ ... ဝေဖန် သုံးသပ်တတ်မှု ဉာဏ်မရှိသူ
((ခန္ဓာ ၊ အယတန ၊ ဓာတ် ၊ သစ္စာ ၊ ပဋိစ္စသမုပ္ပါဒ် သဘောတရားများကို သုတမယ ဉာဏ်ဖြင့်ပင် မသိသူ။))
တရားနဲ့ပတ်သက်တာတွေ ဖတ်ရင် တစ်ကြောင်းလောက်ဖတ်တာနဲ့ ရှည်လို့ ဆက်မကြည့်တော့တာ ... ဒါန သီလ ဘာဝနာဆိုတာကိုမသိတာ ကိုယ်ချင်းမစာတတ်တာ အပျော်အပါးကို ခုံမင်လွန်းတာ ထင်ပေါ် ကျော်ကြားမှုကို တပ်မက်လွန်းတာ ရန်လိုမှု ကြီးတာ ...... ကိုယ့်မှာ ဒီလိုစိတ်တွေ ရှိနေပြီဆို ကျိန်းသေပါပြီ ....

★ ★ (၂) ကလျာဏ ပုထုဇဉ်

ကံ ကံ၏ အကျိုးနဲ့ လောကရဲ့ ဖြစ်ခြင်း ပျက်ခြင်းသဘောတရားကို သိရှိသူ ... ဝေဖန် သုံးသပ်တတ်မှု ဉာဏ်ရှိသူ
(( ခန္ဓာ ၊ အယတန ၊ ဓာတ် ၊ သစ္စာ ၊ ပဋိစ္စသမုပ္ပါဒ် သဘောတရားများကို သုတမယ ဉာဏ်ဖြင့်် သိပြီး ၊ စိန္တာမယ ဉာဏ်ဖြင့်လည်း ဝေဖန်သုံးသပ် ဆင်ခြင်တွေးခေါ်နိုင်သော ဉာဏ်ရှိသူ ))
ဒီပုထုဇဉ် နှစ်မျိုးထဲကမှ ဒုတိယအမျိုးအစားက ကျင့်ကြံအားထုတ်ပြီး သောတပန် တည်နိုင် ပါတယ် ....

★ ★ ★ သောတာပန်

သောတာပန် ဆိုတာကတော့ ပထမမဂ်ဉာဏ်ရသော ပုဂ္ဂိုလ်ကို ခေါ်တာပါ

သမ္မာဒိဋ္ဌိစသောမဂ္ဂင်ရှစ်ပါးမှ အခြေခံဖြစ်သော ရှေးဦးစွာ ဖြစ်ပေါ်လာသည့် သောတာပတ္တိမဂ် ကိုရရှိခြင်းကို ဆိုလိုတာပါ ...

`သဟာဝဿဒဿနသမ္ပဒါယ၊တယဿုဓမ္မာဇဟိတာဘဝန္တိ။သက္ကာယဒိဋ္ဌိ၀ိစိကိစ္ဆိတ ဉ္စ၊သီလဗ္ဗတံဝါပိယဒတ္ထိကိ ဉ္စိ။´´ (((( သောတာပန်ဖြစ်သည်နှင့်တပြိုင်နက်`သက္ကာယဒိဋ္ဌိ၊၀ိစိကိစ္ဆာ၊သီလဗ္ဗတပရာမာသ´ တရားသုံးပါးနှင့် ကိလေသာအချို့ကို ပယ်ရှားအပ်ပြီး ဖြစ်၏ )))) တဲ့ ...

★ သောတာပန်ပုဂ္ဂိုလ်များ ရရှိတော်မူပြီးတဲ့ သောတာပတ္တိမဂ်ဆိုတာကတော့

ကိလေသာဆယ်ပါး (( ၁။ လောဘ = တပ်မက်ခြင်း ။၂။ ဒေါသ = အမျက်ထွက်ခြင်း ။၃။ မောဟ = တွေဝေမိုက်မဲခြင်း ။၄။ မာန = ထောင်လွှားခြင်း ။၅။ မိစ္ဆာဒိဌိ = အယူမှားခြင်း ။၆။ ၀ိစိကိစ္ဆာ =ယုံမှားခြင်း ။၇။ တိန = စိတ်ထိုင်းမှိုင်းခြင်း ။၈။ ဥဒ္ဓစ္စ = စိတ်ပျ့ံလွင့်ခြင်း ။၉။ အဟိရိက = မကောင်းမှုမှ မရှက်ခြင်း ။
၁၀။ အနောတ္တပ္ပ = မကောင်းမှုမှ မထိတ်လန့်ခြင်း )) ထဲက ...

နံပါတ် ( ၅ ) ဒိဋ္ဌိ (အယူလွဲမှားမှု)နဲ့
နံပါတ် ( ၆ ) ၀ိစိကိစ္ဆာ (ရတနာသုံးပါး ကံကံ၏အကျိုးတရားများအပေါ် ယုံမှားသံသယရှိမှု) ဆိုတဲ့ ကိလေသာ နှစ်ပါးနဲ့ အပါယ်လားစေနိုင်တဲ့ အကုသိုလ်တရားတို့ကို အကြွင်းမဲ့ ပယ်သတ်ပြီးဖြစ်တဲ့အပြင်

★ သောတာပန်အင်္ဂါလေးပါး လို့ ခေါ်တဲ့

၁။ ဗုဒ္ဓေ အဝေစ္စ ပသာဒ သမန္နာဂတာ ... ဘုရားရှင်၌ မတုန်မလှုပ်ကြည်ညိုလေးစားခြင်း
၂။ ဓမ္မေ အဝေစ္စ ပသာဒ သမန္နာဂတာ ... တရားတော်၌ မတုန်မလှုပ်ကြည်ညိုလေးစားခြင်း
၃။ သံဃေ အဝေစ္စ ပသာဒ သမန္နာဂတာ ... သံဃာတော်၌ မတုန်မလှုပ်ကြည်ညိုလေးစားခြင်း
၄။ အရိယကန္တ သီလေဟိ သမန္နာဂတာ ... အရိယကန္တသီလ ( ငါးပါးသီလ ) တို့ကို စောင့်ထိန်းရာ၌ အသက်သေလျှင် သေပါစေ သီလ၌ ညစ်နွမ်းမှု မရှိစေရအောင် ပြည့်စုံစွာစောင့်ထိန်းခြင်း တို့ဖြစ်ပါတယ် ။ သောတာပန် ပုဂ္ဂိုလ်ဟာ ငါးပါးသီလ ခါးဝတ်ပုဆိုးလိုမြဲ ပါတယ်။

(မဟာဝဂ္ဂသံယုတ်ပါဠိတော်)

★ ★ သောတာပန် နှစ်မျိုးရှိပါတယ်

★ ★ (၁)စူဠသောတာပန်

ကံ ကံ၏ အကျိုးနဲ့ လောကရဲ့ ဖြစ်ခြင်း ပျက်ခြင်းသဘောတရားများကို သိရှိပြီး ဉာဏ်ဖြင့်လည်း ဝေဖန်သုံးသပ် ဆင်ခြင်တွေးခေါ်နိုင်ပြီး ဖြစ်မှု ၊ပျက်မှု သဘောတရား ကို မြင်သော ပုဂ္ဂိုလ်ကို စူဠ သောတာပန်လို့သတ်မှတ်ပါတယ်

((( ခန္ဓာ ၊ အယတန ၊ ဓာတ် ၊ သစ္စာ ၊ ပဋိစ္စသမုပ္ပါဒ် သဘောတရားများကို သုတမယ ဉာဏ်ဖြင့်် သိပြီး ၊ စိန္တာမယ ဉာဏ်ဖြင့်လည်း ဝေဖန်သုံးသပ် ဆင်ခြင်တွေးခေါ်နိုင်သူ ... ၀ိပဿနာ ရှု၍ ဥဒယ-ဘယ ဉာဏ် ကိုရောက်ရင် ကို အကျိုးများပါတယ် )))

★ စူဠသောတာပန်တွေဟာ ....

တစ်ဘဝ နှစ်ဘဝ အပါယ်မလားပါဘူး ....
ညာတပရိဉာ ဆိုတဲ့ ဓမ္မကို အဓမ္မ ကို စဉ်းစားချင့်ချိန်နိုင်တဲ့ အသိတရားရှိပါတယ်
ဒါပေမယ့် တရားအားထုတ်မှုမှာတော့ ဒိဌိ မပြုတ်သေးတဲ့ ဒုဗ္ဗလ ( အားနည်းသော ၀ိပသနာ ) အဆင့်ပဲရှိပါသေးတယ် ....

★ ★ ( ၂ ) မဟာသောတာပန်

ကံ ကံ၏ အကျိုးနဲ့ လောကရဲ့ ဖြစ်ခြင်း ပျက်ခြင်းသဘောတရားများကို သိရှိပြီး ဉာဏ်ဖြင့်လည်း ဝေဖန်သုံးသပ် ဆင်ခြင်တွေးခေါ်နိုင်ပြီး ဖြစ်မှု ၊ပျက်မှု သဘောတရား ကို မြင်ရုံသာမကဘဲ ၊

ဘာဝနာမယဉာဏ်ဖြင့် ကြိမ်ဖန်များစွာ ကြိုးစားပွားများနေသောကြောင့် ခန္ဓာ(၅)ပါး ၊ ရုပ်နာမ် (၂) ပါး၏ ဖြစ်ပျက်ကို မြင်၊ ဖြစ်ပျက်ကို မုန်း ၊ ဖြစ်ပျက်၏ဒုက္ခ ချုပ်ငြိမ်းမှုကိုပါ မြင်သော ပုဂ္ဂိုလ် ကို ခေါ်တာပါ ...

(( ခန္ဓာ ၊ အယတန ၊ ဓာတ် ၊ သစ္စာ ၊ ပဋိစ္စသမုပ္ပါဒ် သဘောတရားများကို သုတမယ ဉာဏ်ဖြင့်် သိပြီး ၊ စိန္တာမယ ဉာဏ်ဖြင့်လည်း ဝေဖန်သုံးသပ် ဆင်ခြင်တွေးခေါ်ရုံသာမကဘဲ ၊ ဘာဝနာမယဉာဏ်ဖြင့် ကြိမ်ဖန်များစွာ ကြိုးစားပွားများသူ ))

★ ★ သောတာပန် ပုဂ္ဂိုလ်ဟာ ရရှိတဲ့မဂ်ဖိုလ်ဉာဏ် အဆင့်အတန်းကိုလိုက်ပြီး သုံးမျိုးသုံးစား ကွဲပြားပါတယ်။ အဲဒီ သောတာပန် ပုဂ္ဂိုလ်သုံးမျိုးကတော့ ...

★ ၁။ ဧကဗီဇသောတာပန်

ကာမဘုံ၌ တစ်ကြိမ်သာ ပဋိသန္ဓေနေပြီး ရဟန္တာဖြစ်မည့် ပုဂ္ဂိုလ်
လက်ရှိဘဝ မှာ ကျင့်ကြံအားထုတ်ပြီး ရဟန္တာ အဖြစ်ကို ရောက်ရှိ စံဝင်တော် မူ သူတွေပါ

★ ၂။ ကောလံကောလသောတာပန်

ကာမဘုံ၌ နှစ်ကြိမ်မှ ခြောက်ကြိမ်အတွင်းသာ အမျိုးကောင်းတစ်မျိုးမှ အမျိုးကောင်းတစ်မျိုးသို့ ပြောင်းရွေ့ ပဋိသန္ဓေနေပြီး ရဟန္တာဖြစ်မည့် ပုဂ္ဂိုလ်

လက်ရှိဘဝမှာ သောတမတ္တဉာဏ်ကို ရရှိပြီး ... ( ၂ ) ဘဝ မှ ( ၆ ) ဘဝ တိုင်တိုင်တိုင် ( လူ နတ် ဗြဟ္မာ ) စသော ဘုံစဉ် တစ်ဆင့်ပြီး တစ်ဆင့် တက်ပြီးနောက်ဆုံး စံဝင်တော် မူသော ပုဂ္ဂိုလ်များပါ ( ဗိမ္ဗိသာရ ၊ ၀ိသာခါ ၊ သိကြားမင်း ၊ အနာတပိဏ် ... စ သည် ... )

★ ၃။ သတ္တက္ခတ္တုပရမသောတာပန်

ကာမဘုံ၌ ( ၇ ) ကြိမ်ပဋိသန္ဓေနေပြီး ရဟန္တာဖြစ်မည့် ပုဂ္ဂိုလ် တို့ဖြစ်ပါတယ်။

(မဟာဝဂ္ဂသံယုတ်၊ ပါ။ ၁၈၀)

★ ★ ဘုရားရှင်စံဝင်တော်မူပြီး နှစ်ပေါင်း ( ၂၀၀၀ ) နောက်ပိုင်း သောတာပန် အများစု ကတော့ နံပါတ် ( ၃ ) သတ္တက္ခတ္တုပရမသောတာပန် များပဲဖြစ်ပါတယ် ....

သောတာပန်ပုဂ္ဂိုလ်သည် ကိလေသာများ ကြွင်းကျန်သေး သော်လည်း အပါယ်လားကြောင်း မကောင်းမှု တို့ကို ပြုလုပ်ခြင်း မရှိသောကြောင့်

★ အဝိနိပါတဓမ္မော
အပါယ်သို့လားရခြင်းသဘောမရှိတော့။

★ နိယတော
မဂ်ဟူသောနိယာမဖြင့်မြဲသောသဘောရှိ၏။

★ သမ္ဗောဓိပရာယဏော
အထက်မဂ်သုံးပါးလျှင်လည်းလျောင်းရာရှိ၏။အထက်မဂ်ကိုသာရဖို့ရှိ၏။ အောက်သို့ (လောကီ စျာန်များ ကဲ့သို့) လျောကျရိုး ထုံးစံမရှိပါ ။

★ ဒါကြောင့် ယခင်ဘဝက သောတာပန်ဖြစ်ပြီးသူသည် မဂ်၏ နိယာမ သဘော အရ မွေးကတည်း က သောတာပန် အဖြစ် မွေးလာ တဲ့ အတွက် ယခုဘဝ၌ မဂ်ဖိုလ် ရမည် မှန်လျှင် သကဒါဂါမိ မဂ်ဖိုလ်ကို သာ ရဖို့အကြောင်းရှိပါတယ် သောတာ ပတ္တိ မဂ်ဖိုလ်ကို တဖန် ထပ်၍ရဖွယ်မရှိပါ ..

★ထို့ကြောင့် မြတ်စွာဘုရား လက်ထက်က တရားတစ်ပုဒ် ဟောပြီး တိုင်း သောတာ ပန်ဖြစ်ကြသော ပုဂ္ဂိုလ်တို့တွင် ယခင်ဘဝက သောတာပန်ဖြစ်ပြီးသူများမပါ ပါ ။

သကဒါဂါမ်၊အနာဂါမ်၊ရဟန္တာဖြစ်ကြသောပုဂ္ဂိုလ်တို့တွင်ကားပါနိုင်ပါသည်။

★ ယခင်ဘဝက သောတာပန်ဖြစ်ပြီးသူသည်ယခုဘဝ၌မိမိ၏ သောတာပန် အဖြစ်ကို မသိသော်လည်း မဂ်၏မပြောင်းမလဲ တည်မြဲသော နိယာမသဘောအရ အရိယကန္တသီလ ( ငါးပါးသီလ ) ကိုညစ်နွမ်းမှု မရှိစေရအောင် ပြည့်စုံစွာစောင့်ထိန်းနေတတ်ကြပါတယ် ...

★ ★ ယခုဘဝ၌ ဘုရားတရားသံဃာ ဟူသော ရတနာသုံးပါးထင်ရှားရှိလျှင် ဘာသာခြား ၌ မွေးသော် လည်း အရွယ်ရောက်သောအခါ ရတနာသုံးပါးကိုသာ ယုံကြည် ကိုးကွယ်ရာ၏။

★ မိမိ၏သဘောဆန္ဒအရသော်လည်းကောင်း၊ သူတစ်ပါး၏ တိုက်တွန်း ချက်ကြောင့် သော် လည်းကောင်း ပါဏာတိပါတစသော အမှုတို့ကို မပြုလုပ်တော့။

★ ★ သောတာပန်အဖြစ် မွေးဖွားလာသောပုဂ္ဂိုလ်၌အခြား သိသာသောအချက်များကတော့ ...

★ သမ္မာအာဇီဝ နည်းဖြင့်သာ စီးပွားရှာခြင်း၊ သူတစ်ပါးကြီးပွားချမ်းသာသည်ကို မနာလိုငြူစူသော ဣဿာ၊ မိမိစီးပွား မိမိရပိုင်ခွင့် များကို နှမြောတွန့်တိုသော မစ္ဆရိယများမရှိခြင်း၊

★ အဂတိလေးပါးမလိုက်စားခြင်း၊ ဘုရားရှင်ကိုအကြောင်းပြု၍ ဒေါမနဿ မဖြစ်ခြင်း၊ လွန်ကျူးမိသော အပြစ်များကို ဖုံးကွယ်ထားမှု မရှိခြင်း စသည်တို့ ဖြစ်၏။

(ယခုခေတ် ရိပ်သာ အမည်ခံဌာန အချို့မှ အလွယ်တကူ သောတာပန်ဖြစ်လာသူများကိုလည်း အထက်ပါ အချက်များဖြင့် တိုက်ဆိုင်ကြည့်နိုင်ပါသည်။)

★ ★ ပုဂ္ဂိုလ် တစ်ယောက်ကို သောတာပန် စစ် မစစ် ဘယ်လိုစစ်မလဲတဲ့ ....

★ ယ္ခုခေတ် သောတာပန်များကိုတော့ အပေါ်ကနည်းအတိုင်းစစ်ပါရှင် ....

တစ်ကယ့်သောတာပန် တော်မူ သူတွေ ကိုတော့ ....

သောတာပန် ဖြစ်မဖြစ် ငါးပါးသီလလုံခြုံတာနဲ့ စစ်လို့မရပါဘူး။
ပုထုဇဉ်ပုဂ္ဂိုလ်တွေထဲမှာလည်း ငါးပါးသီလလုံခြုံတဲ့ သူတွေရှိပါတယ်။

ဒါပေမယ့် ပုထုဇဉ်ပုဂ္ဂိုလ်တွေဟာ သဒ္ဓါတရား မခိုင်မြဲသေးတဲ့အတွက် ငါးပါးသီလကို အသက်နဲ့လဲပြီး လုံခြုံအောင်စောင့်ထိန်းဖို့က မလွယ်ပါဘူး။

သောတာပန်ပုဂ္ဂိုလ်ကတော့ သဒ္ဓါတရားခိုင်မြဲသွားပြီဖြစ်တဲ့အတွက် အသက်သာအသေခံမယ် သီလတော့ အပျက်မခံပါဘူး။

ဒီအချက်ကို ကြည့်ရင်လည်း သောတာပန်ဖြစ်မဖြစ် သိနိုင်ပါတယ်။

★ နောက် တစ်ခုက မဂ်စစ်မစစ် ဖိုလ်နဲ့စစ်ဆိုတာကိုပါ ....

အဲဒါက ပိဋကတ် စာပေတွေမှာ ဆိုလေ့ရှိပါတယ် ....
မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ဆိုတာ .... မဂ်ပေါက် ဖိုလ်ဝင် နိဗ္ဗာန်ဝင်တဲ့ ....
မဂ်ရပြီဆိုတာနဲ့ ဖိုလ်လည်း တစ်ခါတည်းနောက်က ရလာပါတယ် ...
မဂ်ဖိုလ်ရပြီဆိုရင် နိဗ္ဗာန်လည်း ရပြီပေါ့။

★ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်ဟာ အားထုတ်စဉ်ကာလမှာ မဂ်အစစ်ကို မရခင် မဂ်အတုလို့ခေါ်တဲ့ သြဘာသ၊ ပီတိ ပဿ ဒ္ဓိ (အရောင်အလင်း၊ ငြိမ်းချမ်းမှုပီတိ) စတဲ့ အရသာတွေကို ခံစားရတတ်ပါတယ်။

★ ဒီဟာတွေကို ကျော်လွန်သွားအောင် တရားအားထုတ်နိုင်မှသာ စစ်မှန်တဲ့သောတာပတ္တိမဂ် ကို ရနိုင်ပါတယ်။

★ အချို့ယောဂီများဟာ မဂ်အတုလို့ခေါ်တဲ့့ အရောင်အလင်းပီတိစတာတွေကို ခံစားပြီး မိမိကိုယ်ကို သောတာ ပန် ဖြစ်ပြီလို့ ထင်သွားတတ်တာတွေလည်း ရှိပါတယ်။

★ နောက်တစ်ခုက တစ်ချို့ယောဂီများကျတော့ ... တရားအားထုတ်နေစဉ် နှလုံးသွင်းမှားပြီး တစ်ယောက်ယောက် စကားလာပြောနေသံကြားတာ ... မျက်စိထဲ အနိဌာရုံတွေ မြင်တတ် တာ ဖြစ်တတ် ပါတယ် ... ဒါကို နှလုံးသွင်းမှားလို့ဖောက်ပြန်သွားတာလို့ခေါ်ပါတယ် ....

ပြောလိုတာက စစ်မှန်တဲ့ သောတာပတ္တိမဂ်ကို ရပြီဆိုရင် ဖိုလ်နဲ့ စစ်စရာမလိုတော့ပါဘူး။ ဖိုလ်လည်း နောက်ကလိုက်ပြီး ရသွားပါပြီ။

★ တကယ်တော့ တရားတကယ်အားထုတ်တဲ့ ပုဂ္ဂိုလ်ဟာ ကိုယ်ဘယ်အဆင့် ရောက်တယ်ဆိုတာ သိပါတယ်။ တကယ်လက်တွေ့ တရားအားထုတ်ဖြစ်ဖို့ပဲ လိုပါတယ်။

တရားအားထုတ်ရင်းနဲ့ ကိုယ်ရရှိတဲ့ ဉာဏ်တွေကိုလည်း သိလာနိုင်ပါတယ်။

★ ★ ★ ဒီတော့ .... နူးပြောချင်တာက ကိုယ် က ကိုယ်တိုင် ဘာမှ အသိမရှိ ...ဘာတရားမှ အားမထုတ်ပါပဲနဲ့ ...

သူတစ်ပါးသောတာပန် ဖြစ်မဖြစ် သိချင်တယ် ဆိုပြီး စပ်စုတာက သဘာဝမကျပါဘူး ... သိချင်တယ်ဆို .. သိလောက်တဲ့ ရင့်သန်မှု ရအောင်ကိုယ်တိုင်ကြိုးစာရပါမယ် ....

သူတပါးကို သိဖို့ထက်ကိုယ့်ကိုယ်ကို သိဖို့ပိုပြီးလိုအပ်ပါတယ်။

ကိုယ့်ကိုယ်ကိုသိဖို့အတွက် ကိုယ်ကိုယ်တိုင် အားထုတ်ကြည့်ဖို့လည်း လိုအပ်ပါတယ်။

ကိုယ်တိုင်က တကယ်အားမထုတ်ဖြစ်ဘဲနဲ့တော့ သူတစ်ပါးသောတာပန် ဖြစ်မဖြစ်၊ ဘယ်ဉာဏ်ကို ရမရ ဆိုတာ သေချာပေါက် မပြောနိုင်ပါဘူး။ သိလည်း မသိနိုင်ပါဘူး။

★ ★ ★ မှတ်ချက်အနေနဲ့ တစ်ခုပြော စရာရှိပါတယ် ....

မိုးကုတ်ဝိပသနာ တရားစခန်းတွေနဲ့ မြန်မာနိုင်ငံရှိ လက်ရှိဆရာတော်များကတော့ ပိဋကတ်တော်လာ သောတာပန် ( ၃ ) မျိုး ..သောတာပန် အင်္ဂါ ( ၄ ) ပါးအစား .... သောတာပန် ( ၄ ) မျိုး သောတာပန်အင်္ဂါ ( ၇ ) ပါး လို့လဲ ဟောကြပါတယ် ... နှစ်ခုလုံးမှတ်သားသင့်ပါတယ် .....

ကျမ်းကိုးများ ....

အရှင်ကောဝိဒ ( ယောဆရာတော် ) ... သောတပန်ပြသနာ
ကာမာနံမာ ဒိနပဋိသံယုတ္တကထာ
မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)
မဟာဝဂ္ဂသံယုတ်
ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ ( သောတာပန်တို့နေ့စဉ်ဘဝနေထိုင်ကြပုံ )