အစမထင် သံသရာတစ်ခွင်လုံးမှာ ဒီခန္ဓာကိုယ်ကြီးကို ငါ သူတစ်ပါး ယောက်ျား မိန်းမ စတဲ့ ပညတ်အမြင်နဲ့သာ မြင်ခဲ့ကြပါတယ်။ ပုဂ္ဂိုလ် သတ္တဝါ ငါ သူတစ်ပါး ယောက်ျား မိန်းမလို့မြင်တာ သိတာကို ပညတ်အမြင်လို့ခေါ်တယ်။

သမုတိ-သမုတ်ထားတယ်၊ ပညတ်-သိအောင် မှည့်ခေါ်ထားတယ်ဆိုတာတွေဟာ အတူတူပဲ ဖြစ်ပါတယ်။ သူ့နည်းနဲ့သူ မှန်ကန်တဲ့အတွက် ်“သမုတိသစ္စာ” အနေနဲ့ မြတ်စွာဘုရားက လက်ခံတော်မူပါတယ်။

ပညတ်အမြင်နဲ့မြင်ထားတဲ့ ငါ သူတစ်ပါး ယောက်ျား မိန်းမဆိုတာတွေကိုလည်း နိစ္စ-မြဲတယ်၊ သုခ-ချမ်းသာတယ်၊ အတ္တ-အနှစ်သာရရှိတယ်၊ သုဘ-တင့်တယ်တယ်လို့ ထင်မြင်စွဲလမ်းခဲ့ပါတယ်။ “အမှားကြာတော့ အမှန်ဖြစ်” ဆိုသလို တစ်သံသရာလုံး အမြင်မှားခဲ့ကြတဲ့အတွက် အမှန်လိုလို ဖြစ်ခဲ့ကြပါတယ်။

ဒီတော့ ပညတ်အမြင်နဲ့ ပုဂ္ဂိုလ်ပဲ သူပဲ ငါပဲ စသည်ထင်မြင်နေရင် “အဘယ်သူ ကျမ်းမာပါစေ၊ ချမ်းသာပါစေ၊ ဦး–ကျမ်းမာပါစေ၊ ချမ်းသာပါစေ၊ ဒေါ်—ကျမ်းမာပါစေ၊ ချမ်းသာပါစေ။” စသည်ဖြင့် မေတ္တာပွားပေးပါ။

လောကကြီးကို ပညတ်အမြင်နဲ့ ရှု့မြင်ရင် မေတ္တာပွားရပါတယ်၊ “ပညတ်မြင်ရင်-မေတ္တာပွားပါ”

မြတ်စွာဘုရားရှင် ပွင့်တော်မူလို့ (ဝိ-အထူး၊ပဿနာ-ရှု့မြင်သုံးသပ်ခြင်း၊) ဝိပဿနာပညာကို ပေးသနားတော်မူတဲ့အခါကျမှ-

“ငါ သူတစ်ပါး ယောက်ျား မိန်းမ ဆိုတာတွေဟာ တကယ်အရှိတရားတွေ မဟုတ်ပဲ ခေါ်ဖြစ်အောင် အမည်ပေးထားတဲ့ ပညတ်တရားများသာ ဖြစ်တယ်၊ တကယ်အရှိတရားကတော့ ရုပ်နာမ် တရားမျှသာ ဖြစ်တယ်၊ ဒီရုပ်နာမ်တရားများဟာ- အနိစ္စ-မမြဲဘူး၊ ဒုက္ခ-ဆင်းရဲတယ်၊ အနတ္တ- အနှစ်သာရမရှိဘူး၊ အသုဘ-မတင့်တယ်ဘူး။” လို့အမှန်တရားကို နားလည်သိခွင့်ရပါတယ်။

ပုဂ္ဂိုလ် သတ္တဝါ ငါ သူတစ်ပါး အနေနဲ့မမြင်တော့ပဲ ရုပ်တရား နာမ်တရားအနေနဲ့ရှု့မြင်ခြင်းကို “ပရမတ်အမြင်” လို့ခေါ်ပါတယ်။ တကယ်ရှိနေတဲ့တရားကတော့ ဟိုသိ ဒီသိ သိတတ်တဲ့ နာမ်ခန္ဓာအစုအဝေးရယ်၊ ဘာမှမသိတတ်တဲ့ရုပ်ခန္ဓာအစုအဝေးရယ် ဒီနှစ်မျိုးကိုပဲ “ပရမတ္ထသစ္စာ” အနေနဲ့တွေ့ရပါတယ်။
ဒီလိုရုပ်နာမ်အစုအဝေးလို့မြင်တာကို ပရမတ်အမြင် လို့ခေါ်ပါတယ်။

ပရမတ်အမြင်နဲ့ရှု့မြင်ဆင်ခြင်ရင် “ဒီရုပ်နာမ်တွေဟာ မမြဲသောသဘော၊ ဆင်းရဲသောသဘော၊ အနှစ်သာရကင်းမဲ့သောသဘော များပါတကား”လို့ ဝိပဿနာရှု့ရပါတယ်။
ဒါကြောင့်“ ပရမတ်မြင်ရင်ဝိပဿနာပွားပါ”။

လောကကြီးမှာ ပညတ်အမြင်၊ပရမတ်အမြင်နှစ်မျိုးသာရှိတဲ့အတွက် ပညတ်အမြင်နဲ့မြင်တဲ့အခါမှာ မေတ္တာတရားပွားလိုက်ပါ။ ပရမတ်အမြင်နဲ့မြင်တဲ့အခါ ဝိပဿနာပွားလိုက်ပါ။လို့ဆိုလိုက်ရပါတယ်။

ဒီလိုသာပြုကျင့်မယ်ဆိုရင်- ဘယ်အမြင်နဲ့မြင်မြင် အကုသိုလ်ကင်းစင်ပြီး ကုသိုလ်တရား တိုးပွားတဲ့အတွက် မှတ်သားလိုက်နာထိုက်ပါတယ်၊

ဒီညွှန်ကြားချက်ဟာ-
အဘိဓဇ မဟာရဋ္ဌဂုရု ပဋ္ဌာန်းဆရာတော် ဦးဝိသုဒ္ဓ(မစိုးရိမ်ဆရာတော်ဘုရားကြီး) ရဲ့ညွှန်ကြားချက် ဖြစ်ပါတယ်၊ပိဋကတ်ကို ခြုံမိ ငုံမိတဲ့ညွှန်ကြားချက် ဖြစ်တဲ့အတွက် တစ်သက်လုံး စွဲမြဲစွာ လိုက်နာ ကျင့်သုံးထိုက်ပါတယ်လို့မျှဝေပေးလိုက်ပါတယ်။