၁။ ယမမင်း = အိုကွဲ့ယောကျ်ား၊ မောင်လူသား၊ ဘယ်တရားများ ကျင့်ခဲ့တယ်။
မောင်ဗာလ= ကျွန်တော်မျိုးမှာ၊ လျှောက်စရာ၊ ဘယ်ဟာကိုမျှ မရှိတယ်။

၂။ ယမမင်း =ကုသိုလ်ကောင်းမှု၊ တစ်ခုခု၊ မပြုခဲ့လားကွယ်။
မောင်ဗာလ= ယမရာဇာ၊ မေးသောခါ၊ ခမျာ မှိုင်၍နေရှာတယ်။

၃။ ယမမင်း =အမောင်ယောကျ်ား၊ သတိထား၊ စဉ်းစားပါဦးကွယ်။ ဗုဒ္ဓမြတ်စွာ၊ သာသနာ၊ မထွန်းပါလားကွယ်။
မောင်ဗာလ= ကျွန်တော်တို့ရွာ၊ သာသနာ၊ ထွန်းလှပါတော့တယ်။

၄။ ယမမင်း =ပဗ္ဗဇ္ဇိ၊ ဒုလ္လဘ၊ မရခဲ့လားကွယ်။
မောင်ဗာလ= သာသနာစက်၊ ရဟန်းဘက်၊ စိတ်မျှ မကွက်တယ်။

၅။ ယမမင်း =ရဟန်းဖြစ်မှာ၊ မင်းဆရာ၊ မဟောပါလားကွယ်။
မောင်ဗာလ= ကျွန်တော့်ဆရာ၊ ဟောပြရှာ၊ နားမှာမဝင်တယ်။
ကျွန်တော့်စိတ်မှာ၊ သည်အခါ၊ ရွာသာ ရောက်တော့တယ်။

၆။ ယမမင်း = ယောကျ်ားစစ်ပ၊ လှလှရ၊ မင်းဘဝကို နှမြောတယ်။
လူတို့ပြည်ရွာ၊ အမောင့်မှာ၊ ဘာများလုပ်ခဲ့တယ်။
မောင်ဗာလ= ကျွန်တော်မယား၊ စားဖို့များ၊ ကြိုးစား လုပ်ခဲ့တယ်။

၇။ ယမမင်း = အမောင်,အမောင်၊ ယောင်တောင်တောင်၊ အမောင် မှားခဲ့တယ်။
သဒ္ဓါဖြောင့်တန်း၊ ဒါနခန်း၊ ပြောစမ်းပါဦးကွယ်။
မောင်ဗာလ= သားကြီးရှင်ဖြစ်၊ ကျွန်တော်စစ်၊ ညှစ်၍ လှူခဲ့တယ်။

၈။ ယမမင်း = လှူသောအခါ၊ စေတနာ၊ သုံးဖြာညီလားကွယ်။
မောင်ဗာလ= သုံးချက်စေတနာ၊ နည်းလှပါ၊ မှန်စွာ လျှောက်တော့မယ်။
ကျွန်တော့်အလှူ၊ ကြွေးတွေပူ၊ ငွေကူ မျှော်မိတယ်။ ကူငွေနှင့်သာ၊ ငါလှူတာ၊ ထေမိပါရင် တော်ရော့မယ်။
ကျွန်တော်မျိုးမှာ၊ သည်လိုသာ၊ အောက်မေ့မိပါတယ်။

၉။ ယမမင်း = ယုတ်မြတ်မဟူ၊ စားသောက်သူ၊ ကြည်ဖြူပါလားကွယ်။
မောင်ဗာလ= ငွေကူများရာ၊ လူချမ်းသာ၊ မျက်နှာလိုက်၍ ကျွေးခဲ့တယ်။ မျက်နှာနည်းပါး၊ လူမွဲများ၊ မလွဲသာကျွေး ကျွေးခဲ့တယ်။
လူချမ်းသာပင်၊ မဏ္ဍပ်ဝင်၊ ဖျာလျှင်သင်ဖြူး ခင်းပေးတယ်။
သည်ကို ဟိုကို၊ ကြွပါဆို၊ ဗျို့ဗျာမစဲ ခေါ်ခဲ့တယ်။
ကွမ်းဆေးလက်ဖက်၊ ဆီစက်စက်၊ ဝက်နှင့်ကြက်သား ကျွေးခဲ့တယ်။
ကျွန်တော်မျိုးမှာ၊ ငွေမျက်နှာ၊ သည်လိုဟာမှ သဒ္ဓါတယ်။

၁ဝ။ ယမမင်း = မင့်အလှူမှာ၊ ငွေတွေဟာ၊ နှမြောပါဘိကွယ်။
မောင်ဗာလ= ပရိက္ခရာ၊ ဆောင်ရန်မှာ၊ ကောင်းစွာ လှူလားကွယ်။ ပရိက္ခရာ၊ ညံ့လှစွာ၊ ဖိုးချိုတာမှ ဝယ်ပေးတယ်။

၁၁။ ယမမင်း = လှှူသောအခါ၊ ပစ္စည်းမှာ၊ စင်ကြယ်ပါလားကွယ်။
မောင်ဗာလ= ကျွန်တော်လှှူတာ၊ ပစ္စည်းမှာ၊ ခိုးတာများခဲ့တယ်။

၁၂။ ယမမင်း = ပစ္စည်းကုန်မှာ၊ မင်းလှူတာ၊ ဝမ်းနည်းပါလေတယ်။
မောင်ဗာလ= ဘုန်းကြီးပင့်ခန်း၊ အလမ်းလမ်း၊ ပြောစမ်းပါဦးကွယ်။
အကျင့်သိက္ခာ၊ ရွေးချယ်ကာ၊ မြတ်ရာ ကိုယ်တော် ပင့်လားကွယ်။
သည်လိုဟာမှာ၊ မလေ့လာ၊ မျက်နှာ,နာမှ ပင့်ခဲ့တယ်။
နှုတ်ဆက်ခေါ်ငင်၊ မျက်နှာရွှင်၊ ပုဂ္ဂိုလ်ကောင်းလို့ ထင်ခဲ့တယ်။
သည်လိုဆရာ၊ ကျွန်တော့်မှာ၊ များစွာပင့်ခဲ့တယ်။
တို့အမျိုးပါ၊ တို့ဆရာ၊ တို့ရွာကိုယ်တော် ပင့်ဦးမယ်။
ပြောင်းနှင့်စပါး၊ မင်းတို့များ၊ ဘယ်လောက်ရလားကွယ်။
ကျောင်းကိုများသွား၊ ရယ်ဟားဟား၊ လက်ဖက် ကွမ်းစားတယ်။
ငှက်ပျော အုန်းသီး၊ ဒကာကြီး၊ မြည်းစမ်းပါဦးကွယ်။
သည်လိုခေါ်ဆို၊ မျက်နှာချို၊ ထိုပုဂ္ဂိုလ်ကိုမှ ပင့်ခဲ့တယ်။ ကျွန်တော်တို့ရွာ၊ လှူကြတာ၊ သည်လိုချည်းသာ ပင့်ကြတယ်။

၁၃။ ယမမင်း = အမောင်လှှူတာ၊ ဗလချာ၊ တန်ပါဦးတော့ကွယ်။
အင်္ဂ ါငါးလီ၊ ပဥ္စသီ၊ ဆောက်တည်မြဲလားကွယ်။
မောင်ဗာလ= သီလငါးပါး၊ ကျင့်တရား၊ ပျက်ပြားများခဲ့တယ်။ သက်သတ်ခိုးမှု၊ ကာမေသု၊ တစ်ခုမကျန် ပေါက်ခဲ့တယ်။
မုသားသေရည်၊ ဤနှစ်လီ၊ ဝသီရှိတိုင်း ကျင့်ခဲ့တယ်။

၁၄။ ယမမင်း = ဖြစ်ခဲလေစွ၊ လူ့ဘဝ၊ သနားလှတော့တယ်။
မောင်ဗာလ= ကျွန်တော်ချည်းသာ၊ မဟုတ်ပါ၊ လူတကာလည်း ပျက်ကြတယ်။
မိန်းမတွေဟာ၊ ပျက်လိုက်တာ၊ စျေးဝယ်တာတောင် ရန်ဖြစ်တယ်။

၁၅။ ယမမင်း = သည်မှတစ်ခန်း၊ ရှေ့သို့လှမ်း၊ မေးစမ်းပါဦးမယ်။
ဘုရား တရား၊ သံဃာများ၊ ဝပ်တွားပါလားကွယ်။
မောင်ဗာလ= ဘုရားဖူးများ၊ တဟားဟား၊ ပျော်ပါးရအောင်လိုက်ဖူးတယ်။

၁၆။ ယမမင်း = လိုက်သောအခါ၊ မြတ်ဗုဒ္ဓါ၊ ကြည်ညိုလှစွာ ဖူးလားကွယ်။
မောင်ဗာလ= ဗုဒ္ဓဂုဏော၊ စိတ်မစော၊ ရယ်မော စားသောက် ပြန်ခဲ့တယ်။

၁၇။ ယမမင်း = မာတာပိတ၊ မိနှင့် ဖ၊ ညွတ်တွား ခယ ပါလားကွယ်။
မောင်ဗာလ= မညွတ်ခ,ဘဲ၊ ကျွန်တော်လည်း၊ ဆဲတောင် ဆဲသေးတယ်။

၁၈။ ယမမင်း = မှားစွမှားစွ၊ မောင်ဗာလ၊ သနားပါဘိကွယ်။
တရားတော်မှာ၊ ဒေသနာ၊ ကြားနာရဲ့လားကွယ်။
မောင်ဗာလ= စိတ်ကမပါ၊ ရှက်လိုက်တာ၊ လူဆိုမှာကြောင့် နာဖူးတယ်။

၁၉။ ယမမင်း = နာသောအခါ၊ မင်းစိတ်မှာ၊ သဒ္ဓါကြည်နူး ရှိလားကွယ်။
မောင်ဗာလ= ကယောင်ချောက်ချား၊ စိတ်ကသွား၊ တောထဲများတောင် ရောက်သေးတယ်။

၂ဝ။ ယမမင်း = ပုဂ္ဂိုလ််များစွာ၊ ဟောကြားပါ၊ သည်တစ်ခါလားကွယ်။
မောင်ဗာလ= ကျွန်တော်မျိုးမှာ၊ သည်တစ်ခါ၊ လူမျက်နှာကြောင့် လိုက်သေးတယ်။

၂၁။ ယမမင်း = သည်တစ်ခါ,နာ၊ အမောင်မှာ၊ ကြည်ညိုပါလားကွယ်။
မောင်ဗာလ= တရားလည်းချ၊ အိပ်ရေးဝ၊ ထ၍ ပြန်ခဲ့တယ်။
မိန်းမတွေဟာ၊ ငိုက်လိုက်တာ၊ ကျွန်တော့်ထက်တောင် သာသေးတယ်။

၂၂။ ယမမင်း = စံကျောင်းဝိဟာ၊ မြတ်သံဃာ၊ ဆည်းကပ်ပါလားကွယ်။
မောင်ဗာလ= ဆွမ်း မုန့် ငှက်ပျော၊ ကျောင်းမှာပေါ၊ ရော၍လိုက်ဖူးတယ်။

၂၃။ ယမမင်း = လိုက်သောအခါ၊ ထေရ်သံဃာ၊ ရဟန္တာသို့ ထင်လားကွယ်။
မောင်ဗာလ= ဘုန်းကြီးနားမှာ၊ မရောက်ပါ၊ တော်ရာချောင်က ခိုခဲ့တယ်။

၂၄။ ယမမင်း = ခိုသောအခါ၊ မင့်စိတ်မှာ၊ ကြည်ညိုပါလားကွယ်။
မောင်ဗာလ= ကြည်ညိုဝေးကွာ၊ ကျွန်တော့်မှာ၊ စားစရာသာ ကြည့်ခဲ့တယ်။
သူရကာယ်ပင်၊ ကျိုးမမြင်၊ ဘုန်းကြီးကပင် နှမြောတယ်။
သည်လိုများပေ၊ ကျွန်တော်လေ၊ ဆိုတောင်ဆိုမိတယ်။
ကျွန်တော်ချည်းသာ၊ မဟုတ်ပါ၊ သူတကာလည်း ဆိုကြတယ်။

၂၅။ ယမမင်း = ကျောင်းပစ္စည်းများ၊ အမောင်အား၊ မစားမသောက် ကင်းလားကွယ်။
မောင်ဗာလ= စားသည့်ထမင်း၊ ဝမ်းတောင့်တင်း၊ ကျောင်းကအနိုင် ဆင်းခဲ့တယ်။

၂၆။ ယမမင်း = စားသည်မယွင်း၊ ကျောင်းတလင်း၊ ခတ်ခြင်း တံမြက် လှည်းလားကွယ်။
မောင်ဗာလ= မလှည်းမိပါ၊ ကျွန်တော့်မှာ၊ စားပြီး သောက်ခါ ပြန်ခဲ့တယ်။
ကျွန်တော်တို့ရွာ၊ လူတွေဟာ၊ သည်လိုချည်းသာ စားကြတယ်။

၂၇။ ယမမင်း = အမောင် ယောကျ်ား၊ မင်းဖြစ်ငြား၊ သနားပါဘိတယ်။
ဥပုသ်စောင့်ခန်း၊ ရှေ့သို့လှမ်း၊ မေးစမ်းပါဦးမယ်။
ဥပုသ်အင်္ဂ ါ၊ အရိယာ၊ ဖြူစွာသီလ စောင့်လားကွယ်။
မောင်ဗာလ= ဘုန်းကြီးများထံ၊ သီလခံ၊ ကြွက်ဆူညံအောင် ပြောခဲ့တယ်။

၂၈။ ယမမင်း = ပြောသောစကား၊ မင်းဖြစ်ငြား၊ တရားကြောင်းလားကွယ်။
မောင်ဗာလ= လယ်,ယာ,ကျွဲ,နွား၊ ပြောင်းစပါး၊ သားမယားကြောင်း ပြောခဲ့တယ်။
စပ်မိစပ်ရာ၊ ပြောလိုက်တာ၊ နွားချင်းလဲရာ ရောက်သေးတယ်။
စကားမဆုံး၊ တစ်နေ့လုံး၊ အုံးအုံးကြွက်အောင် ပြောခဲ့တယ်။
သည်လိုနှင့်ပင်၊ နေသာဝင်၊ အိမ်လျှင်ပြန်ခဲ့တယ်။
ဥပုသ်စောင့်ရာ၊ ပြောကြတာ၊ မိုးမရွာကြောင်းသာ များကြတယ်။

၂၉။ ယမမင်း = သီလပြောက်ကြား၊ စောင့်လေငြား၊ မိုးကား ကွက်ကြားရွာတတ်တယ်။
မင်းတို့လူ့ဘောင်၊ သီလကြောင်၊ မိုးရှောင်ကွင်းတတ်တယ်။
မင်းတို့ဖြစ်ပုံ၊ အလုံးစုံ၊ အကုန်တွေးပကွယ်။
မင်းတို့စောင့်တာ၊ ဥပုသ်မှာ၊ ထမင်းဆာတာ သနားတယ်။
ဘာဝနာလမ်း၊ ကမ္မဋ္ဌာန်း၊ စီးဖြန်းပါလားကွယ်။
မောင်ဗာလ= ဘာဝနာလမ်း၊ ကမ္မဋ္ဌာန်း၊ စီးဖြန်းနည်းခဲ့တယ်။

၃ဝ။ ယမမင်း = တရားစကား၊ အမောင့်အား၊ ဆွေးနွေးပါလားကွယ်။
မောင်ဗာလ= တတ်သည်ဆိုလျှင်၊ ကျွန်တော်ပင်၊ အလွန်မေးချင်တယ်။

၃၁။ ယမမင်း = မေးသောအခါ၊ မင်းစိတ်မှာ၊ ဘာဝနာလားကွယ်။
မောင်ဗာလ= မဖြေနိုင်က၊ အရှက်ရ၊ နာမည်ပျက်အောင် မေးခဲ့တယ်။
တစ်ခါတစ်ခါ၊ ကျုပ်တို့ရွာ၊ စာ စကားသာ ပြောကြတယ်။
သင်္ဂြိုဟ်ဘေးပေါက်၊ ကောက်သင်းကောက် ရောက်မိရောက်ရာ ငြင်းကြတယ်။
ကျွန်တော်ကတောင်၊ တတ်ဟန်ဆောင်၊ ဖောင်ဖောင်လန်အောင် ငြင်းခဲ့တယ်။

၃၂။ ယမမင်း = ငြင်းသောအခါ၊ မင်းစိတ်မှာ၊ ဘယ်လိုပါလဲကွယ်။
မောင်ဗာလ= ကျွန်တော်ကပင်၊ ဂုဏ်လိုချင်၊ တတ်သည်ထင်အောင် ငြင်းခဲ့တယ်။
ကျွန်တော်တို့ရွာ၊ လူတွေဟာ၊ စာငြင်းတာနှင့် ရန်ဖြစ်တယ်။

၃၃။ ယမမင်း= အမောင်ယောကျ်ား၊ လျှောက်စကား၊ အမှားတွေသာ များခဲ့တယ်။
အားကိုးစရာ၊ ကုသိုလ်မှာ၊ ဘယ်ဟာကိုမျှ မရှိတယ်။
တစ်ခုကိုမျှ၊ မေးမရ၊ ဝမ်းနည်းလှချေတယ်။
အမောင့်ဖြစ်ထွေ၊ သနားလေ၊ လူ့ပြည်မယား မကယ်တယ်။
မကယ်ဖြစ်တာ၊ မင်းတစ်ခါ၊ ကြမ္မာမှောက်တော့မယ်။
အမောင့်ဖြစ်ပုံ၊ အလုံးစုံ၊ အကုန်သနားတယ်။
ယမရာဇာ၊ မေးသောခါ၊ ခမျာမှိုင်၍ နေတော့တယ်။
သည်သောအခါ၊ ငရဲရွာ၊ ဆွဲကာချတော့တယ်။

ယမမင်းထံ အစစ်ခံ သံပေါက် နိဋ္ဌိတံ။

ဘုန်းဘုန်းဦးလောကနာထ ဘလော့မှကူးယူဖေါ်ပြပါသည်။

လင်္ကာရေးသူ အမတ်ကြီး ဦးပေါ်ဦး။
၆ - ဒေဝဒူတသုတ် မှ၊ ဒေဝဒူတဝဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်။