၁။ ဆာလောင်မွတ်သိပ်၊ ဗိုက်အင့်မှု မရှိစေခြင်း။
အစာစားပြီးစ၊ ဆာလောင်မွတ်သိပ်ချိန်တွင် ပုတီးမစိတ်သင့်ပါ။

၂။ သန့်ရှင်းသန့်ပြန့်ရခြင်း။
မိမိကိုယ်ခန္ဓာ သန့်ရှင်းစင်ကြယ်ရမည်။ ပုတီးစိပ်သည့်နေရာ သန့်ရှင်းရမည်။

၃။ သင့်တော်မည့် အချိန်ရွေးချယ်ရခြင်း။
တိတ်ဆိပ်ငြိမ်သက်သည့် အချိန်၊ မိမိအား အနှောင့်အယှက် မပြုနိုင်သည့် အချိန်သည် အကောင်းဆုံးဖြစ်သည်။

၄။ နေရာယူ မှန်ကန်ခြင်း။
ဘုရားစင်ရှေ့သည် အကောင်းဆုံးဖြစ်သည်။ သစ်တစ်ပင်ရင်း၊ ဝါးတစ်ပင်အောက်လည်း စိပ်နိုင်သည်။ စိတ်ငြိမ်ပြီး သမာဓိရရန်သာ ဖြစ်သည်။

၅။ သရဏဂုံ တည်ဆောက်ခြင်း။
သြကာသ ကန့်တော့ချိုးဖြင့် ကန်တော့ပါ။ သီလယူပါ။ သရဏဂုံတည်ပါ။ ပြီးလျှင် "ငါသည် ယခုအချိန်၌ သရဏဂုံတည်သူ၊ သီလရှိသူ ဖြစ်နေပြီ" ဟု မိမိကိုယ်ကို မျက်စိမှိတ်၍ စိတ်ဖြင့် အာရုံပြုကာ သိဒ္ဓိတင်ပါ။

၆။ ခင်ပွန်းကြီးဆယ်ပါး ကန်တော့ခြင်း။
သရဏဂုံယူ၊ သီလခံပြီးနောက် ခင်ပွန်းကြီးဆယ်ပါးအား ကန်တော့ရမည်။ ကန်တော့ပုံမှာ -
တပည့်တော်သည် ဘဝအဆက်ဆက် သံသရာမှ ယနေ့ထိအောင် ရှည်လျားသော ကာလအတွင်း၌ မသိမိုက်မဲ၍ ခင်ပွန်းကြီးဆယ်ပါးကို ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း၊ သိလျက်နှင့်လည်းကောင်း၊ မသိ၍လည်းကောင်း၊ အမှတ်တမဲ့ဖြင့်လည်းကောင်း၊ အမှတ်ထင်ထင်ဖြင့်လည်းကောင်း၊ ပြစ်မှားကျူးလွန်ခဲ့သည်ရှိသော်၊ ထိုအပြစ်တို့မှ နားလည်ကျေအေး ခွင့်လွတ်ပေးပါရန် မာန်ကိုနှိမ့်ချ ရှိခိုးတောင်းပန်ပါ၏။ ကန်တော့ရသည့် အကျိုးအားကြောင့် ခင်ပွန်းဆယ်ပါးအပေါ် အပြစ်ဟူသမျှ တင်ရှိခဲ့လျှင် ထိုအကုသိုလ် ကံတို့မှ ကင်းစင်လွတ်မြောက် ပြေပျောက်ပြီး ဖြစ်ပါစေသတည်း။
အကုသိုလ်ရှိလျှင် ကျင့်စဉ်၌ အတားအဆီး ဖြစ်၍ ကင်းသွားအောင် လမ်းရှင်းခြင်းဖြစ်လေသည်။

၇။ မေတ္တာပို့ခြင်း။
ခင်ပွန်းကြီးဆယ်ပါး ကန်တော့ပြီးနောက် မေတ္တာပို့ရ၏။ ရှေးဦးစွာ စိတ်ကိုတည်ငြိမ်အောင် ဆောက်တည်ပါ။ မေတ္တာပို့လိုသူအပေါ် တစ်ဦးတည်းသော သားအပေါ် ထားရှိသည့် မိခင်၏စိတ်မျိုး မွေးမြူရမည်ဟု မေတ္တာသုတ်၌ဆို၏။ ဤကဲ့သို့ စိတ်ကို တည်ငြိမ်အောင်ထားပြီး စိတ်ကို ညွတ်၍
" (၁) မိမိကိုယ်သည် ဘေးရန်ကင်းပါစေ။ စိုးရိမ်ကြောင့်ကြ ကင်းပါစေ။ ဆင်းရဲဒုက္ခကင်းပါစေ။ ချမ်းသာသုခ ရှိပါစေ။
(၂) (မေတ္တာပို့လိုသူ) သည် ဘေးရန်ကင်းပါစေ။ စိုးရိမ်ကြောင့်ကြ ကင်းပါစေ။ ဆင်းရဲဒုက္ခကင်းပါစေ။ ချမ်းသာသုခ ရှိပါစေ။
(၃) အနန္တစကြာဝဠာ အနန္တသတ္တဝါတွေ ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။"

၈။ ဘုရားပင့်ခြင်း။
မေတ္တာပို့ပြီးနောက် မိမိ၏ဦးခေါင်းထက်သို့ မြတ်စွာဘုရားအား ပင့်ယူရမည်။ ပင့်ယူပုံမှာ
သိရသ္မိံ မေ ဗုဒ္ဓသေဋ္ဌော၊ သာရိပုတ္တောစ ဒက္ခိဏေ၊
ဝါမအံသေ မောဂ္ဂလ္လာနော၊ ပုရတော ပိဋကတ္တယံ။
ပစ္ဆိမေ မမ အာနန္ဒော၊ စတုဒိသာ ခိဏသဝါ၊ယရ
သမန္တာ လောကပါလာစ၊ ဣန္ဒာဒေဝါ သဗြဟ္မကာ။
ဧတေတံ အာနုဘာဝေန၊ ဟိတွာ သဗ္ဗရောဂါ ဥပဒ္ဒဝါ၊
အနေက အန္တရာယာပိ၊ ဝိနဿန္တု အသေသတော။
"လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ကိုးကွယ်ရာ အစစ်ဖြစ်တော်မူသော၊ သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် ဆရာမတင် ကိုယ်တော်တိုင် သိမြင်တော်မူသော၊ ဣဿရိသ ဓမ္မယဿ သီရိကာမ ပယဋ္ဌဟု ဘုန်းတော်ခြောက်ဆူ ဘော်ကြူငွေနှစ် ဇမ္ဗူရာဇ်နီဖလံ မင်းစံရောင်ညီး ရွှေတောင်ကြီးအလား ထင်ရှားတော်မူသော ရှင်ပင်ထွဋ်ထား မြတ်ဘုရားသည် တပည့်တော်၏ ဦးခေါင်းထက်၌ မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့ ကြွရောက်တည်နေတော်မူပါ ရောင်ခြည်တော် နေတနှုံးကဲ့သို့ ရွှေဘုန်းတော်သခင် အရှင်မြတ်ကြီးဘုရား။"

၉။ မိမိခန္ဓာကိုယ်ကို လှူဒါန်းခြင်း။
"ရုပ်နှင့်နာမ်သာ ထိုနှစ်ဖြာကို သက္ကာရစွဲ အထင်လွဲ၍ ငါဘဲသမုတ် အကျွန်ု၏ ခန္ဓာငါးပါး အပေါင်းအစုမျှသာဖြစ်သော ဤခန္ဓာကိုယ်ကို မြတ်စွာဘုရားအား လှူဒါန်းပါ၏။" (သုံးကြိမ်ဆို၍ လှူပါ။)

၁ဝ။ ပုတီးစိပ်ရန် ကမ္မဋ္ဌာန်းတောင်းခြင်း။
ဘန္တေ- မြတ်စွာဘုရား၊ အဟံ- တပည့်တော်သည်၊ သံသာရ ဝဋ္ဋဒုက္ခတော- သံသရာတည်းဟူသော ဝဋ်ဆင်းရဲအပေါင်းမှ၊ မောစနဋ္ဌာယ- လွတ်မြောက်ပါရခြင်း အကျိုးငှာ၊ အနုဿတိ- ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းကို၊ ယာစာမိ- တောင်းပန်ပါ၏။ အရှင်ဘုရားသည် တပည့်တော်အား၊ အစဉ်သနားခြင်းကို အကြောင်းပြု၍ ထိုအနုဿတိ ကမ္မဋ္ဌာန်းကို ခွင့်ပြုပေးသနားတော်မူပါ ဘုရား။

၁၁။ အဓိဋ္ဌာန်ပြုခြင်း။
အကျွန်ုပ်သည် ယခုပုတီးစိပ်သောအခါ တထိုင်တည်းနှင့် ပုတီးပတ်ကို ကောင်းစွာပြီးမြောက်အောင် စိပ်ပါမည်။ မည်သည့်အကြောင်းကြောင့်နှင့်မျှ အထိုင်ပျက်ခြင်း၊ ပုတီးပတ် ဖျက်ခြင်းများ မပြုလုပ်ပါ။ အကျွန်ုပ်၏ သစ္စာအဓိဋ္ဌာန်ကို သိကြားဒေဝါ နတ်များစွာတို့ သိကြားသည် ဖြစ်စေသော်ဝ်။ (အဓိဋ္ဌာန်ဖက်လျင် ဝီရိယပါ အစွမ်းထက်လာ၏။)

၁၂။ စနစ်တကျ ထိုင်ခြင်း။
တင်ပျဉ်ခွေထိုင်ခြင်း၊ ကျောဇက်ခေါင်း ခန္ဓာကိုယ်အထက်ပိုင်းကို မတ်မတ်ထားခြင်း ဖြစ်သည်။

၁၃။ ဂုဏ်တော် နှင့် တရားဓမ္မများ။
မိမိပွားလိုသော ဓမ္မအစုစုကို ကြိုတင်လေ့လာပြီး ကမ္မဋ္ဌာန်းတောင်းစဉ်၊ အဓိဋ္ဌာန်ပြုစဉ်ကတည်းက ရည်ရွယ်ထားရသည်။

၁၄။ ဆောင်ရမည့် အချက်များ။
အာရုံမိရန် သမာဓိရရန် ကြိုးစားပါ။ ဂုဏ်တော်စိပ်လျင် မိမိစိပ်သော ဂုဏ်တော်၏ အနက်ကို စူးစူးစိုက်စိုက် စိတ်ဝင်စားပါ။ လေးလေးနက်နက် ရယုံယုံကြည်ကြည် စိပ်ပါ။

၁၅။ ရှောင်ရမည့် အချက်များ။
ဘာတစ်ခုမျှ မျှော်လင့်မထားရပါ။ ပုတီးစိပ်သည့် အာရုံသန့်သန့်သာ တည်စေရမည်။ ဝိတက် (စိတ်ကူး) အဝင်မခံပါနှင့်။ ဝင်လာလျင် စိတ်ကို ဘုရားသို့ အာရုံပြောင်းပါ။ စနစ်တကျ ကြိုးစားလျင် တနေ့တခြားထူးခြားလာပါမည်။

၁၆။ ပြန်လည်ဆင်ခြင်ခြင်း။
ငါစိတ်ည်ငြိမ်စွာဖြင့် ပုတီးစိပ်ခဲ့ပြီ။ ဤအတွင်း ငါ၏စိတ်သည် နှစ်သက်ခဲ့ပြီ။ ချမ်းသာခဲ့ပြီ။ ထူးမြတ်သော ဘာဝနာ ကုသိုလ်ရပြီ။ ငါ၏အဓိဋ္ဌာန် အောင်ခဲ့ပြီ။ ဝိတက်များလာလျင်လည်း နောင်အခါ ဝိတက်မရှိဘဲ စိတ်အင်အား ပို၍ကြီးအောင် ငါကြိုးစားမည်။ ဟု ဆင်ခြင်ပါ။

၁၇။ အမျှအတန်းပေးဝေခြင်း။
ကျွန်ုပ်၏ ယခုဘာဝနာ ပုတီးစိပ်ရသော ကုသိုလ်သည် အာသဝေါတရား လေးပါးတို့၏ ကင်းရာကုန်ရာကို ရွက်ဆောင်နိုင်သည် ဖြစ်ပါစေသတည်း။ ကျွန်ုပ်၏ ယခုဘာဝနာ ပုတီးစိပ်ရသော ကုသိုလ်သည် နိဗ္ဗာန်၏ အကြောင်း အထောက်အပံ့သည် ဖြစ်ပါစေသတည်း။ ကျွန်ုပ်၏ ယခုပြုသော ပုတီးစိပ်ခြင်း၏ ကောင်းမှုကုသိုလ်ကို (ခပ်သိမ်းသော သတ္တဝါတို့အား) အကျွန်ုပ်နှင့် ထပ်တူထပ်မျှ ရပါစေရန် အမျှပေးဝေပါ၏။ အားလုံး အမျှ အမျှ အမျှ ရကြပါစေသတည်း။ သာဓုသာဓုသာဓု။