အတ္တဟိ အတ္တနော နာထော့ - မိမိကိုယ်သာကိုးကွယ်ရာ
ထေရဝါဒ ဒေသနာအစဉ်၌ ကယ်တင်ရှင်ဟူ၍ မရှိ။ ကယ်တင်ပေးနိုင်သူ
ဟူ၍လည်း မရှိပေ။ ဗုဒ္ဓဘုရား ကိုယ်တိုင်လည်း လူသားတို့အတွက် ကယ်တင်ရှင် မဟုတ်ခဲ့၊ လူသားတို့အတွက် လမ်းညွှန်သူ သာဖြစ်လေသည်။

ဗုဒ္ဓဘုရားရှင်က -
" ချစ်သားတို့၊ သင်တို့ လွတ်မြောက်မှုအတွက် သင်တို့ကိုယ်တိုင် ကြိုးစား အားထုတ်အပ်၏၊ ဘုရားရှင်တို့မည်သည် လမ်းညွှန် ဟောပြရုံသာ ဟောပြတော်မူနိုင်ကြကုန်၏၊ "
ဟု ဓမ္မပဒဒေသနာ၌ အတိအလင်း ဟောပြထား၏။

ထို့ပြင် ခန္ဓဝဂ္ဂသံယုတ်၊ အတ္တဒီပသုတ်၌လည်း -
"ရဟန်းတို့၊ မိမိကိုယ်သာ မှီခိုကြလျက်၊ မိမိကိုယ်ကိုသာ အားထားကြလျက်
အခြားတစ်ပါးကို အားမကိုးကြဘဲ တရားကိုသာ မှီခိုကြလျက်၊
တရားကိုသာ အားထားကြလျက် အခြားတစ်ပါးကို
အားမထားဘဲ နေကြကုန်လော့၊ "
ဟု ဟောကြားတော်မူခဲ့သည်။

ဗုဒ္ဓဘုရားက လူသားတစ်ဦး၏ ဘဝကို တရားဓမ္မဖြင့်သာ နေထိုင်ကြရန် ဟောကြားခဲ့ သည်။ လူတို့သည် မိမိတို့၏ ဘဝကို မိမိတို့ ကိုယ်တိုင်သာ ဖန်တီးသည်။

ကိုယ့်ကံ ကိုယ်ပြု၍ ကိုယ့်အမှု ကိုယ်ဆောင်ကြရသည်။ မိမိဘဝအတွက် ကောင်းမှု ဆိုးမှုတို့ကို မိမိကိုယ်တိုင်သာလျှင် ဖန်တီးသည ် ဟု ဟောကြား၏။
ကောင်းမှု မကောင်းမှုဟူသော သဘောတရားတို့ကိုလည်း ဟောကြားပြသ၏။
မကောင်းမှုကို ရှောင်၍ ကောင်းမှုကို ဆောင်ရန်လည်း ညွှန်ကြားသည်။
ကောင်းမှုကို လုပ်သောသူသည် ကောင်းသော အကျိုးဆက်ကို ဖြစ်စေ၏။
မကောင်းမှုကို လုပ်သောသူသည် မကောင်းသော အကျိုးဆက်ကို ဖြစ်စေ၏။
ဤသို့လျှင် ကမ္မနိယာမ သဘော တရားဖြင့် ထိန်းကျောင်းလျက် မတိမ်းစောင်းအောင် ဟောပြတော််မူခဲ့သည်။

သို့ပါလျက် လူအချို့တို့သည် မိမိဘဝအတွက် ကယ်တင်ရှင်ကို ရှာမှီးကိုးကွယ် နေကြသည်။ မမြင်ရသော၊ မမြင်ဖူးသော၊ ကြားဖူးနားဝရှိသော နတ်ဒေဝတာတို့၏ ကူညီမစမှုကို အတွေးစိတ္တဇဖြင့် တောင့်တနေကြ၏။ တောင်းခံနေကြ၏။ မိမိတို့ လူသားအချင်းချင်းလည်း ကယ်တင်နိုင်မည်ဟု ထင်သော ပုဂ္ဂိုလ်ကြီးများ၏ မ စ မှုကို မျှော်လင့်နေကြသည်။

ဓာတ်ပွင့်အောင်၊ စန်းပွင့်အောင် တောင်းဆိုနေကြသည်။ ကောင်းမှုမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံပါစေကြောင်း ရှိခိုးဦးတင်၍ တောင်းဆုပန်ဆင်နေကြ လေသည်။ တကယ်တော့မူ လူသားတစ်ဦး၏ ကောင်းမှု ဆိုးမှုကို လမ်းကြောင်းပြောင်း၍ တိမ်းစောင်းသွားအောင် ဘယ်ပုဂ္ဂိုလ်ကမှှ ရွက်ဆောင်မပေးနိုင်ပေ။ ဆုတောင်းပေး၍လည်း မရ။ ဤသဘော တရားကို ဗုဒ္ဓဘုရားရှင်ကလည်း ဟောကြားခဲ့ပါသည်။

ဗုဒ္ဓဘုရားရှင်သည် နာလန္ဒမြို့၊ ပါ၀ါရိက သရက်ဥယျာဉ်၌ သီတင်းသုံးနေစဉ် ရွာသူကြီးတစ်ယောက်က လျှောက်ထားခဲ့ဖူးသည်။ ---
" အရှင်ဘုရား၊ ပစ္ဆာဘူမိအရပ်မှာ နေသော ပုဏ္ဏားတွေက လူတွေကို နတ်ဘဝ ရောက်အောင် လုပ်ပေးနိုင်သည်လို့ ဆိုပါသည်၊ အရှင်ဘုရားကော လုပ်ပေးနိုင်ပါ သလား၊ ရွာသူကြီး၊ ကျောက်တုံးကြီး တစ်တုံးကို ရေထဲ ပစ်ချလိုက်ပြီးနောက် လူတွေက ဝိုင်းပြီး အို ကျောက်တုံးကြီး၊ ရေပေါ်မှာ ပေါ်ပါလော့၊ ကုန်းပေါ်သို့ တက်ခဲ့ပါလော့၊ လို့ အကြိမ်ကြိမ် တောင်းဆိုလျှင် ကျောက်တုံးကြီး ပေါ်လာပါမည်လား၊ ကုန်းပေါ်တက်လာ ပါမည်လား၊
မပေါ်လာနိုင်ပါ၊ မတက်လာနိုင်ပါဘုရား၊
ရွာသူကြီး၊ ထောပတ်အိုးတစ်လုံးကို ရေထဲမှာ ခွဲလိုက်မည်ဆု်ိလျှင် အိုခြမ်းကွဲတွေက ရေထဲမှာ မြုပ်ပြီး ထောပတ်တွေက ရေပေါ်မှာ ပေါ်နေလိမ့်မည်၊ ဒီအခါမှာ လူတွေက ဝိုင်းပြီး ထောပတ်တွေ ရေအောက် နစ်မြုပ်ပါစေ၊ လို့ ဆုတောင်းကြလျှင် မြုပ်သွားပါမည်လား၊ မမြုပ်နိုင်ပါဘုရား၊ ရွာသူကြီး၊ ဒီဥပမာလိုပဲ၊ ကုသိုလ်ကောင်းမှု မလုပ်ဘဲ မကောင်းမှုတွေကို လုပ်နေပြီဆိုလျှင် ကောင်းရာဘဝ ရောက်ပါစေလို့ ဘယ်လိုပင် ဆုတောင်းသော်လည်း မရနိုင်ဘူး၊ ကောင်းမှုတွေ လုပ်နေသူကိုလည်း မကောင်းသည့်ဘဝ ခံရပါစေဆိုလို့ မရဘူး၊ ကောင်းမှု အကျိုးအတိုင်း ကောင်းသောဘဝကို ရရှိမည်သာတည်း၊ "

ဤဒေသနာတော်ကို ကြည့်လျှင် လူသားတစ်ဦးအတွက် အခြားသူက ကယ်တင်၍ မရနိုင်ကြောင်း၊ ဆုတောင်း၍လည်း မရနိုင်ကြောင်း၊ သူတစ်ပါးက ဆုတောင်းပေး၍လည်း မရနိုင် ကြောင်း၊ မိမိဘဝကို မိမိသာလျှင် ဖန်တီးနိုင်ကြောင်း၊ မိမိကိုယ်ကိုသာလျှင် မိမိကယ်တင်ရှင်ဖြစ်ကြောင်း ရေပြင်မှာ လှေယာဉ်သွားသလို ထင်ရှားလေပြီ။