လူမှာတစ်ခွန်း၊ရှစ်ခွန်းအာနန်၊အာနန်တစ်ခွန်း၊ဆယ်ခွန်းခြောက်တန်၊
ရာနှစ်ဆယ့်ရှစ်၊ စင်စစ်ဧကန်၊တို့ဘုရားတရားဟောဖို့မြန်။
.
တစ်ရာ့တစ်ပါး၊လူမျိုးများတို့၊စကားတစ်ခွန်း၊မြွတ်ဆိုညွှန်းက၊ရှစ်ခွန်းအာနန်၊
မိန့်လျင်မြန်၏။ အာနန်ထေရ်ကျော်၊တစ်ခွန်းသော်မူ၊ရှင်တော်ဘုရား
ရှင် လျားတုမဲ့၊တစ်ဆယ့်ခြောက်လီ၊ ခွန်ထပ်မှီ၏။

လောကီလူသား၊တစ်ခွန်အားမူ၊ဘုရားလူ့ဘ၊မုနိန္ဒလျှင်၊
တရာ့နှစ်ဆယ်ရှစ်ခွန်းကယ်၏။
.
ပကတိလူတို့စကားတစ်ခွန်း၊အရှင်အာနန္ဒာတစ်ခွန်းဆိုတဲ့စကားက မူလပဏ္ဏာသ ပါဠိတော် မဟာသီဟနာဒသုတ်လာ အဖွင့်စကားဖြစ်ပါတယ်။ အဲ့ဒီသုတ်မှာ မြတ်ဘုရားက အရှင်သာရိပုတ္တရာကို- ဤလောကမှာ ငယ်ရွယ်စဉ်သာ ပညာ အဆင်အခြင်နှင့် ပြည့်စုံ နိုင် တယ်။ အိုမင်းသောအခါ အကြောင်းအကျိုးမြော်မြင်နိုင်တဲ့ ပညာကယုတ်လျော့တတ်တယ် လို့ အချို့ကဆိုကြတယ်။ ယခုအခါ ငါဟာ အသက်ရှစ်ဆယ် နောက်ဆုံးအရွယ်ကို ရောက်နေပြီ၊ ဤအချိန်တွင် စားသောက်သောအခါ၊ ကျင်ကြီး ကျင်ငယ်စွန့်သောအခါ၊ အပန်းဖြေ အိပ်စက်သောအခါတို့မှတစ်ပါး ငါ့အား သတိပဋ္ဌာန်လေးပါး တို့အားထောက်၍ မေးလာငြားအံ့၊ မေးတိုင်းမေးတိုင်း ငါဖြေနိုင်တယ်။ ငါဘုရားအား တရားဟောကြားခြင်းသည် မကုန်နိုင်။ ပြဿနာဖြေကြားခြင်းသည်မကုန်နိုင် လို့မိန့်တော်မူပါတယ်။

တစ်ယောက်က ကာယာနုပဿနာကိုမေးမယ်၊ တစ်ဦးက ဝေဒနာနုပဿနာ၊ တစ်ဦးက စိတ္တာနုပဿနာ၊ တစ်ဦးက ဓမ္မာနုပဿနာ ကိုမေးမယ်။ သူတို့မေးသမျှကို ဘုရားရှင်က ကာယာနုပဿနာ ကို ၁၄ ပါးခွဲခြားပြီး၊ ဝေဒနာနုပဿနာကို ၉ ပါးခွဲခြားပြီး၊ စိတ္တာနုပဿနာကို ၁၆ ပါးခွဲခြားပြီး၊ ဓမ္မာနုပဿနာကို ၅ ပါးခွဲခြားပြီး၊ ခဏချက်ချင်းဟောနိုင်တယ်။ ဤမျှမက သမ္မပ္ပဓာန် ၄ ပါး၊ ဣဒ္ဓိပါဒ် ၄ ပါး၊ ဣန္ဒြေ ၅ ပါး၊ ဗိုလ် ၅ ပါး၊ ဗောဇ္ဈင် ၇ ပါး၊ မဂ္ဂင် ၈ ပါး၊ တို့ကို တစ်ဦးစီ မေးလာလျှင်လည်း တစ်ဦးစီကို ထိုခဏချက်ချင်း ဖြေဆိုနိုင်တယ်။ ဘာကြောင့်လည်း ဆိုတော့ ဘုရားရှင်ရဲ့ လျှာတော်ဟာ အလွန်နူးညံ့တယ်၊ ပါးလျား၍ပြန့်ကျယ်တယ်၊ ဒါကြောင့် အလွန်သွက်လက်တယ်။ မြတ်ဘုရားမှာ သွားတော် ၄၀ ရှိပြီး၊ နှုတ်ခမ်းဖြင့် စေ့စပ်စွာရှိတယ်။ မြတ်ဘုရား၏ စိတ်သည်လည်း ဘဝင်စိတ်နည်းပါးသည်။ တစ်ဝီထိနှင့် တစ်ဝီထိကြား၌ ဘဝင်စိတ်နှစ်ကြိမ်သာ ခြားတယ်။ (သာမန်လူတွင် ဘဝင်စိတ် များစွာခြားတယ်)။ ဒါကြောင့်မြတ်ဘုရားဟာ အလွန် လျှင်မြန်စွာ စကားပြောနိုင်တယ်။ ဒီထူးခြားချက်တွေဟာ သူ့အလိုလိုဖြစ်လာတာမဟုတ်ပါဘူး။ ဘဝပေါင်းများစွာ ဖြည့်စည်းခဲ့ရတဲ့ ပါရမီကုသိုလ်တွေကြောင့်ပါ။
.
မြတ်ဘုရား၏ သွားတော်(၄၀) လက္ခဏာတော် ရရှိခြင်းမှာ ကုန်းချောစကား ပြောကြားခြင်းမှ ဝေးစွာရှောင်ကြဉ်တော်မူခဲ့ခြင်း၊ ညီညွတ်သင့်မြတ်အောင်စေ့စပ်ပေးတော်မူခဲ့ခြင်း။ ညီညွတ်သူတို့ကိုတွေ့ လျှင်လည်း ညီညွတ်မူ မပျက်ပြားဘဲ ဆက်လက် ခိုင်မာအောင် အားပေး တော်မူခဲ့ခြင်း၊ အချင်းချင်း ညီညွတ်ရေးစကားကိုသာ ပြောကြားတော်မူခဲ့
သောကုသိုလ်တော် ကြောင့် (၁) သွားတော် လေးဆယ် အစေ့အငရှိ တော်မူသည့် အပြင် (၂) သွားတော်မကျဲ မကွာ စေ့စပ်စွာ တည်ရှိခြင်း ဟူသော ယောက်ျားမြတ်လက္ခဏာ တို့ကို ရရှိတော်မူသည်။
.
မြတ်စွာဘုရား၌ လွှဖြင့်ဖြတ်အပ်သော ခရုသင်းချပ် အလွှာကဲသို့ တစ်သားတည်း ညီညာသော သွားတော်အစဉ်ရှိ်ခြင်းမှာ ရှေးဘဝပေါင်းများစွာတို့၌ မှားယွင်း ယုတ်မာသော အသက်မွေးမူမျိုးကို ပယ်၍ မှန်ကန်ဖြူစင်သော အသက်မွေးမူ ဖြင့် အသက် မွေးမြူတော်မူခဲ့ ခြင်း။ ချိန်စဉ်းလဲစသော စဉ်းလဲမူ အမျိုးမျိုးနှင့် ကောက်ကျစ်လှည့်ပတ်မူ
အမျိုးမျိုး၊ သူတပါးကို သတ်ဖြတ် လုယက် မြို့ရွာဖျက်လျက် နိုင်ထက်ကလူ ပြုမူခြင်း အမျိုးမျိုးတို့မှ ဝေးစွာရှောင်ကြဉ် တော်မူခဲ့သော ကုသိုလ်တော်ကြောင့် (၁) လွှဖြင့် ဖြတ်အပ်သော ခရုသင်းချပ်အလွှာ ကဲ့သို့ တစ်သားတည်း ညီညာ ဖြူစင်သော သွားတော် (၂) သောက်ရူး ကြယ်ပမာ လွန်စွာ စင်ကြယ် ဖြူဝင်း၍ အရောင် တလက်လက် ထွက်သော စွယ်တော်
လေးဆူဟူသော ယောက်ျားမြတ် လက္ခဏာတို့ကို ရရှိတော်မူသည်။
.
မြတ်စွာဘုရား၌ နီမြန်းသော အဆင်းရှိ၍ ရှည်လျား၊ နူးညံ့ ကျယ်ပြန့်သော လျှာ တော်ရှိခြင်းမှာ ဘုရား အလောင်းတော်သည် ရှေးဘဝပေါင်းများစွာတို့၌ ရုန့်ရင်းကြမ်းတမ်းစွာ ဆဲရေး တိုင်းထွာသော စကားကို ပြောကြားခြင်းမှ ဝေးစွာရှောင်ကြဉ်တော်မူကာအပြစ်ကင်းစင် ချစ်ခင်ဖွယ်ရာ ချိုသာ ယဉ်ကျေး သော စကားကိုသာ ပြောဆိုတော်မူခဲ့၏။ ထို ကုသိုလ်တော်ကြောင့် (၁) နီမြန်းသော အဆင်းရှိ၍ ရှည်လျား၊ နူးညံ့၊ ကျယ်ပြန့်သော လျှာတော်အပြင် (၂) ဗြဟ္မာမင်း၏ အသံကဲ့သို့ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အသံတော်ဟူသော ယောက်ျားမြတ် လက္ခဏာတို့ကို ရရှိတော်မူသည်။
.
အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အသံတော်။
------------------ ၁။ ၀ိဿဋ္ဌ = သန့်ရှင်းစင်ကြယ်ခြင်း။ ၂။ ၀ိညေယျ = သိလွယ်ခြင်း။ ၃။ မဥ္ဇူ = သာယာခြင်း။ ၄။ သဝနီယ = နာချင်ဖွယ်ရှိခြင်း။ ၅။ ဗိန္ဒူ = တစ်လုံးတစ်စည်းတည်းရှိခြင်း။ ၆။ အဝိသာရီ = ပရိသတ်အပြင်သို့ပြန့်မထွက်ခြင်း။ ဖရိုဖရဲကင်းခြင်း။ ၇။ ဂမ္ဘီရ = နက်နဲခြင်း။ ၈။ နိန္နာဒိ =ပဲ့တင်ထပ်ခြင်း။