တစ်ကယ်တော့ ဂုဏ်တော်ပွားရင် စိတ်ချမ်းသာရုံတင် မကပါဘူး။ ရုပ်ကိုလည်းလှစေတာပါ။

ဂုဏ်တော်ကို နေ့စဉ်ပွားနေရင် စိတ်သဘောထားတွေ မွန်မြတ်လာမယ်။ စိတ်သဘောထားတွေ မွန်မြတ်လာရင် စိတ်သဘောထားတွေ ပြောင်းလဲကြည်လင်လာမယ်။

စိတ်သဘောထားတွေ ပြောင်းလဲကြည်လင်လာရင် သွေးသားတွေပါ ပြောင်းလဲကြည်လင်လာတော့တာပါ။ သွေးသားတွေပြောင်းလဲကြည်လင်လာတဲ့အတွက် မျက်နှာရုပ်အဆင်းပါ ပြောင်းလဲကြည်လင်လာတော့တာပါ....။

ရုပ်ကိုလှလို ဂုဏ်တော်ကို ပွားကိုပွားရမယ်....

ဆိုလိုတာက ဂုဏ်တော်နဲ့ ကိုယ့်ရုပ်ကိုပြောင်းလဲယူလို့ရပါတယ်။ ကျေးဇူးတော်ရှင် ဆရာတော် အရှင်ဇနကာဘိဝံသက တပည့်တွေကို ပြောပြထားတာရှိပါတယ်။ ဆရာတော်ဘုရားက သူ့ဘဝမှာ တစ်ဘဝတည်းနဲ့ ရုပ်သုံးမျိုး ထွတ်နေပါတယ်တဲ့။

ဘာဖြစ်လို့လဲဆိုတော့ ပထမအရွယ် ဆရာတော်ဘုရား ရဟန်းငယ်ငယ်ဘဝအသက် ၂၀ အရွယ်ထိ မျက်နှာကကြည်ပြီးချိုနေပါတယ်တဲ့။
ဒီလိုနဲ့ နေလာရင်း နေလာရင်း အသက် ၂၀ ကျော်ဘဝမှာ ဆရာတော်ဘုရားရဲ့ မိဘတွေက စီးပွားရေးတွေ လျှောကျဆုံးရှုံးကုန်ပါတယ်။ အဲဒီတော့ ဆရာတော်ဘုရားရဲ့မိဘတွေကို ပတ်ဝန်းကျင်ကခပ်တင်းတင်း
ခပ်ထန်ထန် ဆက်ဆံလာပါတယ်။ မိဘတွေကို ဆက်ဆံရုံတင်မကပါဘူး ဆရာတော်ဘုရားကိုပါ ခပ်တင်းတင်း ဆက်ဆံလာပါတယ်။
တစ်ဆင့်တတ်ပြီး သီတင်းသုံးဖော်တွေကပါ ဆရာတော်ဘုရားကို
စီးစီးပိုးပိုး ဆက်ဆံလာတယ်။ ဒါကြောင့်ဆရာတော်ဘုရားကလည်း မခံချင်စိတ်နဲ့ မျက်နှာကိုခပ်ထန်ထန် တည်ထား တင်းထားလိုက်ပါတယ်တဲ့...။ ဒီတော့ ဆရာတော်ဘုရားရဲ့ မျက်နှာတော်ကအမြဲတမ်း တင်းနေပါတော့တယ်...။

ဒီလိုနဲ့ နေလာရင်း နေလာရင်း အသက်အရွယ်လေးလဲရလာတော့ ဆရာတော်ဘုရားက သူ့မျက်နှာလေးကို ပြန်ကြည့်ပြီး "ဟယ် ငါ့မျက်နှာကတင်းနေတာပဲ မဖြစ်သေးပါဘူး။ ငါ့ရဲ့ ဥပဇျ္စာယ်ဆရာဖြစ်တဲ့ စစ်ကိုင်းမဟာဂန္ဓာရုံဆရာတော်ဘုရားက ဗုဒါ္ဓနုသတိဘာဝနတွေ ပွားများပြီးတော့မှ မျက်နှာကြည်လင်လာအောင်လုပ်ခဲ့တယ်။ ငါလည်းပဲ ဗုဒ္ဓနုဿတိ ဘာဝနာပွားပြီးတော့မှ မျက်နှာကြည်လင်အောင် ပြန်လုပ်အုံးမှပဲ "လို့ဆိုပြီး ဗုဒါ္ဓနုဿတိကို ပွားလည်းပွားရော မျက်နှာက ပြန်ကြည်ပြီး ဝင်းလာခဲ့တယ်...။

ဘဝတစ်ခုထဲမှာ ပထမအရွယ်မှာ မျက်နှာကချိုနေတယ်။ ဒုတိယအရွယ်မှာ မျက်နှာကတင်းလာတယ်။ တတိယအရွယ်မှာ မျက်နှာကပြန်ချိုလာတယ်။ ပြန်ပြီးတော့ ကြည်လာတယ်။ ဆရာတော်ဘုရားက ကိုယ်တိုင်ပြောပြထားတာပါ...။ ဆရာတော်ဘုရားရဲ့ ဓာတ်ပုံတွေကို သတိထားကြည့်ရင် သိသာပါတယ်။ သက်တော်ငယ်ငယ်ကပုံဆိုရင် မျက်နှာကချိုနေပါတယ်။ သက်တော်အလယ်အလတ်ဆိုရင် မျက်နှာကတင်းနေပါတယ်။
သက်ကြီးပိုင်း ရောက်လာတော့ ဆရာတော့်မျက်နှာတော်က ချိုပြီးတော့ကြည်လင်နေပါတယ်။ မျက်နှာတော်မြင်လိုက်ရတာနဲ့ စိတ်ကိုအေးချမ်းသွားတော့တာပါ။ ညောင်ပင်အောက်မှာ ပလ္လင်ခွေထိုင်ပြီး ရိုက်ထားတဲ့
ဓာတ်ပုံဆို မြင်ရသူတိုင်း စိတ်အေးချမ်းသွားကြတာပါ။ ဆရာတော်ဘုရားက ဂုဏ်တော်ပွားပြီး မျက်နှာကို ပြောင်းလဲခဲ့ပါတယ်။ ဂုဏ်တော်ပွားရင် ရုပ်လှစေတယ်ဆိုတာ ဆရာတော်ဘုရားရဲ့ ကိုယ်တွေ့ သာဓကတစ်ခုပါ။ ဆရာတော်ဘုရားရဲ့ မျက်နှာတော်ကိုကြည့်ရင်သိနိုင်ပါတယ်....။

နောက် ဝိပဿနာအခြေခံသမာဓိကို ရစေတယ်ဆိုတာက ဂုဏ်တော်ပွားရင် ဥပစာရ သမာဓိထိ ရပါတယ်။ ခဏိက သမာဓိရရင်ပဲ ဝိပဿနာတရားအားထုတ်လို့ ရပြီးဆိုတော့ ဥပစာရ သမာဓိဆို အထူးပြောစရာမလိုတော့ပါဘူး...။ ပ်ိုလို့တောင်ကေင်းပါသေးတယ်...။
ဝိပဿနာတရား အားထုတ်သူတွေအတွက်လည်းပဲ အလိုအပ်ဆုံး ဝိပဿနာအခြေခံ သမာဓိကို ရသွားတော့တာပါ... ။ ။

ဆရာတော်အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)